မြေလျှိုးမိုးရေ
Posted_Date
Image

Body
လူ့ကိုယ်ခန္ဓာပြင်ပအစိတ်အပိုင်းများ အနာတရဖြစ်လျှင် အလွယ်တကူသိကာ ဆေးဝါးကုသမှုခံယူပြီး ကျန်းမာရေးမယိုယွင်းအောင် ထိန်းသိမ်းနိုင်ကြသော်လည်း မမြင်နိုင်သောကိုယ်တွင်းအင်္ဂါများ ချို့ယွင်းလျှင်အများအားဖြင့်အချိန်ကြာမှသိပြီး ကုသရခက်ခဲသည်တို့ကို မကြာခဏကြုံကြရသည်။ ထို့အတူလူတို့ သောက်နေသုံးစွဲနေသော ရေအရင်းအမြစ်များအနက်မြစ်ချောင်းကန်တို့ထဲရှိ မြေပေါ်ရေများလျော့နည်းလာလျှင် ပြန်ဖြည့်ရန်အနှေးနှင့်အမြန်အားထုတ်ကြသော်လည်းမြေအောက်ရေများလျော့နည်းလာနေသည်ကိုမူ ကန်ရေခန်းခြောက်သကဲ့သို့ မမြင်သာသဖြင့် အရေးတယူမရှိခဲ့သောကြောင့်ကမ္ဘာ့အချို့ဒေသများရှိ မြေအောက်ရေအရင်းအမြစ်သည် စိုးရိမ်ရသောအခြေအနေသို့ ရောက်နေပြီဖြစ်သည်။
ခန်းခြောက်ရေကြောများ
ဂြိုဟ်တုတိုင်းတာချက်များကကမ္ဘာ့မြေအောက်ရေကြောအများအပြားခန်းခြောက်လာလျက်ရှိကြောင်းဖော်ထုတ်ပေးခဲ့ရာအိန္ဒိယတိုက်ငယ်အနောက်မြောက်ပိုင်းအိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်ရာဒေသရှိရေကြောသည်၂၀ဝ၂ခုနှစ်နှင့်၂၀ဝ၈ခုနှစ်ကြားတွင်တစ်နှစ်လျှင်၄ကုဗမိုင်ကျော်(ဂါလန်သန်းပေါင်း ၃၇၀ဝဝဝ၀) မျှလျော့နည်းလာနေခဲ့ကြောင်း သိရသည်။
အလားတူ အာဖရိကတိုက် ဆာဟာရအနောက်မြောက်ဒေသ၊ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားအလယ်ပိုင်းချိုင့်ဝှမ်းနှင့်အနောက်ပိုင်း အိုဂါလာလာရေကြော၊ အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာဂွေး၊ ဥရုဂွေးနိုင်ငံတို့၏အောက်ရှိ ဂွာရာနီရေကြော၊ အီရတ်၊ ဂျော်ဒန်၊ အိုမန်၊ ဆော်ဒီ၊ ကာတာ၊ ယူအေအီး၊ ယီမင်နိုင်ငံတို့အောက်ရှိ အာရေးဗီးယားရေကြော၊ တရုတ်နိုင်ငံမြောက်ပိုင်း ရေကြောတို့သည်လည်း လျော့နည်းလာနေသည်။ မြန်မာနိုင်ငံ၌ ရန်ကုန်အပါအဝင် ဒေသအချို့တွင် အဝီစိတွင်းများရေနည်းလာသည်ကို တွေ့နေရသည်။
အရည်အသွေးပါထိခိုက်
ထိုသို့ဖြစ်ရခြင်း၏အဓိကအကြောင်းရင်းမှာ လူတို့ထုတ်ယူသုံးစွဲမှုများလွန်းလာ၍ဖြစ်သည်။ ကမ္ဘာ့သောက်သုံးရေ၏ ထက်ဝက်နီးနီး စိုက်ပျိုးရေ၏ ၄၃ ရာခိုင်နှုန်းသည် မြေအောက်ရေများဖြစ်ကြရာ လူဦးရေများလာ၊ တစ်ဦးချင်း ရေသုံးမှုများလာသဖြင့် မြေအောက်ရေသုံးစွဲမှုသည် ၁၉၆၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ်အကြား နှစ်ပေါင်း ၅၀ အတွင်း သုံးဆမျှတိုးမြင့်လာခဲ့သည်။ အလွန်အကျွံထုတ်ယူမှုကြောင့် မြေအောက်ရေမျက်နှာပြင်နိမ့်ကျခြင်း၊ အဝီစိတွင်းများ ခန်းခြောက်ခြင်း၊ ဆားငန်ရည်တိုးဝင်လာခြင်းတို့ကို ကြုံတွေ့နေရသည်။ အထုတ်လွန်ခြင်းက မြေအောက်ရေပမာဏကိုသာထိခိုက်စေသည်မဟုတ်အချို့နေရာများတွင်အရည်အသွေးကိုပါ သက်ရောက်မှုရှိနေသည်။ လူ့ကျန်းမာရေးကို ထိခိုက်စေသည့်အာဆင်းနစ်ကဲ့သို့သောဓာတ်များသည် မြေလွှာအချို့တွင် သဘာဝအလျောက်ပါရှိသော်လည်း မြေအောက်ရေမျက်နှာပြင်အောက်၌ ရှိနေသမျှ ရေတွင်ပျော်ဝင်ခြင်းမရှိချေ။ ရေအထုတ်လွန်၍ မြေအောက်ရေပြင်နိမ့်ဆင်းသွားသောအခါ မြေလွှာထဲရှိ အာဆင်းနစ်သည် မြေအောက်ရှိ အောက်ဆီဂျင်ဓာတ်နှင့် ထိတွေ့ဓာတ်ပြုကာ ရေတွင်ပျော်ဝင်သွားပြီး သောက်မိသူများကို အန္တရာယ်ပြုသည်။မြေအောက်ရေပိုထုတ်လေမြေလွှာများထဲမှအာဆင်းနစ်များ ရေတွင်ပျော်ဝင်အန္တရာယ်ပြုနိုင်သည့် အခွင့်အလမ်းပိုများလေဖြစ်သည်။ အလားတူ အောက်ရေပိုထုတ်လေ ဆားငန်ရည်ပို၍တိုးဝင်လာလေဖြစ်သည်။ ရေဆုံးရှုံးမှု အလွန်အမင်းဖြစ်လာလျှင် မြေပြင်နိမ့်ကျကျွံဝင်မည်။
ရန်ကုန်မြေပြင်နိမ့်ကျမှု
ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်နှင့် မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ပညာရှင်များက ဂြိုဟ်တုနည်းပညာများကိုအခြေခံကာ စုပေါင်းပြုစုပြီး ၂၀၁၄ ခုနှစ်ကထုတ်ပြန်ခဲ့သော “ရန်ကုန်မြေလွှာရွေ့လျားမှုဆန်းစစ်ချက်” စာတမ်းတွင်“ဒဂုံတက္ကသိုလ်ဝင်းနှင့်အရှေ့ဒဂုံစက်မှုဇုန်ကြားရှိ မြေထုသည် တစ်နှစ်လျှင် နှစ်လက်မနှုန်းကျော်ကျော်ဖြင့်နိမ့်ဆင်းလျက်ရှိပြီး ထိုသို့နိမ့်ဆင်းမှု၏အကြောင်းရင်းသည် မြေအောက်ရေအလွန်အကျွံထုတ်ယူမှုကြောင့် ဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့၏အခြားအပိုင်းများတွင်လည်း မြေအောက်ရေထုတ်ယူမှုကြောင့်ယင်းသို့မြေပြင်နိမ့်ကျမှုများဖြစ်ပေါ်နေနိုင်သော်လည်း တိကျသောတိုင်းတာမှုများမရှိသဖြင့် အသေအချာပြောရန်ခက်ကြောင်း၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ယင်းအချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း”စသဖြင့် ဖော်ပြသတိပေးထားသည်။
လူတို့သုံးစွဲခြင်းအပြင် ကမ္ဘာနှင့်ချီ၍ ပြောင်းလဲဖောက်ပြန်လာသော ရာသီဥတုကြောင့် မြေပေါ်ရေကောင်းရေသန့်အရင်းအမြစ်များ လျော့နည်းကာ ညစ်ညမ်းလာလျက်ရှိသဖြင့် မြေအောက်ရေကို ပိုသုံးလာနေကြခြင်းသည် မြေအောက်ရေနှင့်ပတ်သက်၍ အထူးသတိထားသုံးစွဲရန် လိုအပ်နေသည်။
ပြန်ဖြည့်ပေးနိုင်
မြေအောက်ရေ လျော့နည်းမှုသည် ဆေးမမီတော့ခြင်းမဟုတ်ဘဲ အချက်နှစ်ချက်ကြောင့် ကုစား၍ ရနိုင်သေးသည်။ ပထမအချက်မှာမြေအောက်ရေထုထည်ပမာဏသည် အလွန်ကြီးမားလှခြင်းကြောင့် လူတို့အသုံးမချရသေးသောရေကြောများကို ရှာဖွေထုတ်ယူနိုင်သေးသည်။ ဒုတိယနှင့်ပိုအရေးကြီးသောအချက်မှာပြန်လည်ဖြည့်တင်း၍ ရခြင်းဖြစ်သည်။
မြေအောက်ရေကို ပြန်လည်ဖြည့်တင်းရန် ရေကြောရှိသည့်နေရာနှင့် သိုလှောင်ပမာဏ၊ ယင်းရေကြောသို့ မြေပေါ်မှရေစီးဆင်းစိမ့်ဝင်နိုင်သည့်လမ်းကြောင်းတို့ကို ဇလဘူမိဗေဒပညာရှင်များက ရှာဖွေထုတ်ဖော်ပေးနိုင်သည်။အချက်အလက်စုံလင်စွာရသည့်အခါ အခြေခံအဆောက်အဦများ တည်ဆောက်ကာ မိုးရွာချိန်၌ မည်သို့မျှမသုံးမစွဲရဘဲ အလဟဿစီးဆင်းပြီး နောက်ဆုံးပင်လယ်ထဲရောက်သွားသည့်မိုးရေများကိုစိမ့်ဝင်စေခြင်းဖြင့် ပြန်လည်ဖြည့်တင်းနိုင်သည်။
နမူနာအနေဖြင့် အိန္ဒိယနိုင်ငံကျေးလက်အချို့၏လုပ်ဆောင်ချက်ကို ကြည့်နိုင်သည်။ မိုးကုန်လျှင် ရေမစီးတော့သောချောင်းခြောက်များ၌ မူလချောင်းကြမ်းပြင်ထက် ပို၍နက်အောင်တူးကာ လူလုပ်ရေကန်ငယ်များ ဖန်တီးသည်။ တူး၍ထွက်လာသော မြေစာတို့ကို ချောင်းကမ်းပါးနှစ်ဖက်နှင့်ကန်၏ထိပ်တွင်ဖို့ပြီး ရေလှောင်ဧရိယာအတွင်းသို့ အမှိုက်နှင့်နုန်းများ မဝင်အောင်ကာသည်။ မိုးပြတ်သွားသည့်နောက်တွင် မိုးရေများကန်ထဲ၌ ဆက်ရှိနေကာ မြေအောက်သို့ ဖြည်းဖြည်းချင်းစိမ့်ဝင်ပြီး မြေအောက်ရေကြောများကို ဖြည့်ပေးသည်။ ထိုသို့ဖြည့်ပေးနိုင်သဖြင့် အနီးရှိ ရေတွင်းများသည် ခန်းနေကျအချိန်တွင် မခန်းတော့ဘဲ စိုက်ပျိုးရေ၊ သောက်သုံးရေများကိုထုတ်ယူနိုင်သည်။ ယင်းကန်များကို အိန္ဒိယနိုင်ငံတွင် “ဒို”ဟုခေါ်ကြသည်။ “ဒို” များသည် အများအားဖြင့် ၄ ပေအနက်၊ ပေ ၂၀ အကျယ်၊ အလျားပေ ၁၀ဝ ခန့်အထိရှိသည်။ ပျမ်းမျှရေကုဗပေ ၁၄၀ဝ၀ ခန့်အထိ ရေထိန်းထားပြီး မြေအောက်သို့စိမ့်ဝင်စေနိုင်သည်။
“ဒို”များကဲ့သို့ ရေစိမ့်ဝင်စေရန်ရည်ရွယ်ချက်ဖြင့် လုပ်မထားသော်လည်း ကန်ရေများသည် ဘေးပတ်ဝန်းကျင်မြေအောက်ရေကြောများကို သဘာဝအလျောက် ရေဖြည့်ပေးနေကြသည်။ ဥပမာ-အင်းယားကန်ရေသည် ပြည်လမ်းမအနောက်ဘက်ခြမ်းရှိ မြေအောက်ရေကြောထဲသို့စိမ့်ဝင်ကာ အဝီစိတွင်းအချို့ကို ရေဖြည့်ပေးနေခြင်းမျိုးဖြစ်သည်။
သစ်ပင်နည်းပါးသောကတုံးဖြစ်လုလုတောင်ကုန်းများ၊ သစ်ပင်မရှိတော့သော တောင်ကတုံးများတွင် အမြင့်မှစီးကျလာသောရေများ၏လမ်းကြောင်းကို ကန့်လန့်ခံ၍ရေပြင်ညီလှေကားထစ်သဖွယ် မြောင်းများကို တစ်ခုနှင့်တစ်ခုချိတ်ဆက်၍ ဝင်္ကပါသဖွယ် ဖောက်လုပ်ထားလျှင် အမြင့်မှစီးကျလာသောရေသည် လှေကားထစ်ရေလမ်းဝင်္ကပါအတိုင်း ဘယ်မှညာ၊ ညာမှဘယ်တစ်ထစ်ပြီးတစ်ထစ် ဆင်းလာရင်းဖြင့် ရေစီးတုံ့နှေးသွားသည်သာမက မြေအောက်သို့စိမ့်ဝင်ချိန်လည်း ပိုရသွားသည်။ ရေစီးနှေးသဖြင့် ကုန်းမြေတိုက်စားခံရမှုသက်သာလာသည်။ ရေရှိနေခြင်းကြောင့် ရေပြင်ညီမြောင်းဝန်းကျင်တွင် သစ်ပင်ပန်းပင်များ ပေါက်ရောက်နိုင်သည်။ အနီးဝန်းကျင်ဒေသများတွင် မြစ်ရေချောင်းရေ ပို၍ကြည်လင်လာသည်၊ မြေအောက်ရေပြင်တက်လာသဖြင့် စိမ့်ရေ၊ စမ်းရေများ ပိုထွက်လာသည်။
အချို့နေရာများတွင်မြစ်ချောင်းရေပြင်သည် ကမ်းဘေးမြေသားအောက်ရှိမြေအောက်ရေပြင်ထက်နိမ့်ရာမြေအောက်ရေများ မြစ်ထဲသို့ စီးဝင်ကြသည်မျိုးလည်းရှိသည်။ ယင်းနေရာမျိုးတွင်မြေအောက်ရေခန်းပါက မြစ်ရေသည်လည်း လိုက်၍လျော့နည်းသည်။ သို့မဟုတ် သဲနုန်းများအနည်ထိုင်လာသဖြင့် မြင့်တက်လာသော မြစ်ကြမ်းပြင်သည် မြေအောက်ရေပြင်ထက်မြင့်သွားသောအခါ မြစ်ထဲသို့မြေအောက်ရေစီးဝင်မှုလျော့နည်းရသည်။ ထို့ကြောင့် မိုးရေများကို အလဟဿစီးဆင်းဆုံးရှုံးစေမည့်အစား မြေအောက်သို့စီးဝင်စေခြင်းဖြင့် မြစ်ရေစီးကို ထိန်းသိမ်းနိုင်သည်။
ရေစိမ့်တွင်း
မိုးရေကို ကန်တစ်ခုထဲ၌ သိုလှောင်ထားပြီးကန်အလယ်တွင် ရေစိမ့်တွင်း တည်ဆောက်ကာ ယင်းတွင်းမှတစ်ဆင့် မိုးရေများကို မြေအောက်ရေကြောထဲဝင်စေသောနည်းဖြင့်လည်း မြေအောက်ရေကြောကိုပြန်ဖြည့်ပေးနိုင်သည်။ ရေစိမ့်တွင်းများသည် ၃ ပေမှ ၆ ပေအထိ အချင်းရှိပြီး မြေအောက်ရေကြောတည်နေရာကိုလိုက်၍ အများအားဖြင့် ပေ ၂၀ ခန့်နက်ကြသည်။ ပေ ၂၀ ထက်ပိုနက်သောရေကြောများကို ဖြည့်ပေးသည့်တွင်းများ တူးနိုင်သော်လည်း ကုန်ကျစရိတ်သည် အနက်ပေကိုလိုက်၍ များလာသည်။
တွင်းကို ဆန်ခါပိုက်နှစ်ထပ်ဖြင့် တည်ဆောက်သည်။ဆန်ခါပိုက်များကြားတွင် ကျောက်စရစ်များ ထည့်ထားသည်။
ကန်ထဲရှိ ရေများတွင်းထဲသို့ တိုက်ရိုက်မဝင်နိုင်အောင် ပိုက်ကိုရေပြင်ပေါ် ၃ ပေခန့်ဖော်ထားသည်။ တွင်းရှိရာသို့ စုဝင်လာသောကန်ရေထဲတွင်ပါသည့် အမှိုက်နှင့်အနည်များ မြေအောက်ရေကြောထဲ မရောက်စေရန် ကျောက်စရစ်က စစ်ပေးသည်။ ၃ ပေအချင်း၊ ပေ ၂၀ အနက်ရှိ ရေစိမ့်တွင်းတစ်ခုသည် တစ်နှစ်မိုးရေချိန် လက်မ ၄၀ ခန့်ရွာသောဒေသ၌ ရေဂါလန်နှစ်သိန်းခန့်အထိ မြေအောက်သို့စိမ့်ဝင်စေနိုင်သည်။ အမေရိကန်ဒေါ်လာ ၅၀ဝ၀ မှ ၁၀ဝဝဝ ကြား ကုန်ကျသည်။
အချို့နေရာများတွင် အသုံးမပြုတော့သည့်အဝီစိတွင်းများကိုရေစိမ့်တွင်းများအဖြစ်ပြောင်းလဲကာ မြေအောက်ရေဖြည့်တင်းပေးသည်။ မိုးရေများကို ကန်တစ်ခုထဲ၌ စုဆောင်းသိုလှောင်ကာ အဝီစိတွင်းထဲသို့ ရေစုပ်စက်ဖြင့်ပြန်လည်မှုတ်သွင်းသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းပြည်နယ်တစ်ခုတွင် မိုးရေများကို တစ်ရက်လျှင် ဂါလန် ၅၀ဝဝဝ နှုန်းဖြင့် ရက်ပေါင်း ၂၅၀ကြာမျှ မှုတ်သွင်းခဲ့သည်။ ယင်းတွင်းနှင့် ပေ ၅၀ဝ အကွာရှိ အသုံးပြုနေဆဲ အဝီစိတွင်းတွင် ရေမျက်နှာပြင်သည် ၃ ပေမျှ မြင့်တက်လာခဲ့ကြောင်း တွေ့ခဲ့ရသည်။
ရေစိမ့်ကန်များ၊ ရေစိမ့်တွင်းများဖြင့် မြေအောက်ရေကြောများကို ဖြည့်ပေးခြင်းသည် မြေအောက်ရေလှောင်ကန်များ တည်ဆောက်အသုံးပြုခြင်းပင်ဖြစ်သည်။ မြေအောက် ရေလှောင်ကန်များသည် မြေပေါ်ကန်များကဲ့သို့ တည်ဆောက်စရိတ်မများ၊ ဂေဟစနစ်ကိုမထိခိုက်၊ ရေကြီးရေလျှံမှုကြောင့် ကန်ထဲရေဝင်ပျက်စီးခြင်းမျိုးမရှိ၊ စိုက်ပျိုးခင်းနှင့် လူနေအိမ်များပြောင်းပေးရန်မလို၊ ငလျင်ဒဏ်ကြောင့်ကန်ကျိုးပေါက်ခြင်းမရှိနိုင်၊ အငွေ့ပြန်၍ရေမဆုံးရှုံး စသည့်အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းပေါ်ပေါက်စေသည်။
မြေအောက်ရေသိုလှောင်ရာ၌ သတိပြုရမည့်အချက်များမှာစိမ့်ဝင်မည့်ရေသည် တတ်နိုင်သမျှ အနည်အမှုန်ကင်းရန်လိုသည်။ အမှုန်များပါက ရေကြောပိတ်နိုင်သည်။ ထို့ပြင် စိမ့်ရေသည်အန္တရာယ်ရှိ ဓာတုပစ္စည်းကင်းစင်ရမည်။ မြေပြင်နှင့်ကပ်နေသောရေကြောကို ဖြည့်မိပါက ရေဝပ်ခြင်းကြောင့် မြေဆီလွှာပျက်စီးတတ်သည်။
ရေစိမ့်ကန်များ၊ ရေစိမ့်တွင်းများဖြင့်သာ မြေအောက်ရေကိုပြန်လည်ပြည့်စေနိုင်သည်မဟုတ်၊ မိမိတို့တွင် ခြံ သို့မဟုတ် မြေပိုအနည်းငယ်မျှရှိလျှင် ယင်းမြေပိုကိုတတ်နိုင်သမျှ ကွန်ကရစ်ရေပိတ်လွှာမလောင်းဘဲ သဘာဝအတိုင်းထားရှိခြင်းဖြင့်လည်း မြေအောက်ရေကို ပြည့်နေစေကာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် အကူအညီပေးနိုင်ကြသည်။ ။
MWD