ဆိုရှယ်မီဒီယာ ပလက်ဖောင်းဆိုင်ရာ မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် မူဝါဒကိုလေ့လာခြင်း
Posted_Date
Image

Body
ထိပ်တန်း စီအီးအိုများ၏ ကြားနာပွဲ
၂၀၂၄ ခုနှစ်ကို နှုတ်ဆက်၍ ၂၀၂၅ ခုနှစ်သို့ ရောက်ခဲ့ပြီ။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စိတ်ဝင်စားဖွယ်ရာ သတင်းအဖြစ်အပျက်များစွာရှိခဲ့သည့်အနက် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများနှင့်စပ်လျဉ်းသည့် သတင်းအဖြစ်အပျက်များကလည်း စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။ ယင်းသတင်းအဖြစ်အပျက်များထဲမှတစ်ခုအဖြစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန် အထက်လွှတ်တော် တရားစီရင်ရေးကော်မတီကြားနာပွဲသတင်းက ကမ္ဘာ့သတင်းမီဒီယာများတွင် နေရာယူမြင်တွေ့ခဲ့ရသည်။
ယင်းကြားနာပွဲတွင် ကမ္ဘာ့လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းများမှ စီအီးအိုများကိုယ်တိုင် ကလေးသူငယ်များ၏ အွန်လိုင်းဘေးကင်းလုံခြုံရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းပြီး သက်သေထွက်ဆိုခဲ့ကြရသည်။ အွန်လိုင်းမှကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်းနှင့်စပ်လျဉ်း၍ Facebook, Instagram, Threads နှင့် WhatsApp တို့၏ မိခင်ကုမ္ပဏီ ဖြစ်သည့် Meta ၏ CEO Mark Zuckerberg အပါအဝင် Discord ၊ Snap ၊ TikTok နှင့် X (ယခင် Twitter)စသည့် ဒစ်ဂျစ်တယ်ဆိုရှယ်မီဒီယာပလက်ဖောင်းများ ဝန်ဆောင်မှုပေးသည့် နည်းပညာကုမ္ပဏီကြီးများမှ CEO များ တစုတစည်းတည်း အမေရိကန်ကွန်ဂရက်လွှတ်တော်ရှေ့တွင် ပထမဦးဆုံးအကြိမ် ကြားနာစစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။
အထက်လွှတ်တော် တရားစီရင်ရေးကော်မတီ၏ ကြားနာစစ်ဆေးမှုအတွင်း အထက်လွှတ်တော်အမတ်များက အဆိုပါဆိုရှယ်မီဒီယာပလက်ဖောင်းများသည် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုများအား အွန်လိုင်းတွင် ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်စေရေး အထောက်အကူပြုလျက် ရှိနေကြောင်း၊ ယင်းတို့၏ Algorithm အသုံးပြုသည့် Content ဦးစားပေးဖော်ပြမှုနှင့် ကြော်ငြာထည့်သွင်းမှု ပုံစံများအပါအဝင် စီးပွားရှာသည့် ပုံသဏ္ဌာန်များသည် အလွန်အကျူးစွဲလမ်းစေသည့် Addictive features များ၊ သေကြောင်းကြံစည်ခြင်းနှင့် နေထိုင်စားသောက်မှုမူမမှန်ခြင်း (Suicide and eating disorders) များ၊ လက်တွေ့မကျသော အလှတရားစံနှုန်းများ (Unrealistic beauty standards)နှင့် ဆိုက်ဘာအနိုင်ကျင့်မှု (Cyber Bullying)များ စသည့်မလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာများကို အသက်မပြည့်သေးသည့် ကလေးသူငယ်များအပါအဝင် အသုံးပြုသူလူငယ်များက ထိခိုက်ခံစားရစေလျက်ရှိကြောင်းနှင့် ယင်းအပေါ်တွင် ဆိုရှယ်မီဒီယာပလက်ဖောင်းကုမ္ပဏီများက အသုံးပြုသူများအား ထိထိရောက်ရောက် အကာအကွယ်ပေးသည့် အစီအမံများမရှိဘဲ ငွေရှာဖို့သက်သက်သာလုပ်ဆောင်လျက်ရှိကြောင်း လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။ ယင်းကြားနာပွဲသို့ လွှတ်တော်အမတ်များ၊ မီဒီယာများနှင့်အတူ ထိခိုက်ခံစားခဲ့ရသည့် (အချို့အသက် သေဆုံးခဲ့ရသည့်) ကလေးများ၏ မိဘများကိုယ်တိုင် တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။
ကြားနာမှုအတွင်း Meta CEO Mark Zuckerberg နှင့် အခြား CEO များသည်အသက်မပြည့်သေးသည့်ကလေးငယ်များ ခေါင်းပုံဖြတ်အသုံးချခံရခြင်းနှင့် အန္တရာယ်ရှိသည့် ရေးသားဖော်ပြချက်များမှ ကာကွယ်ပေးရန် ၎င်းတို့ကုမ္ပဏီများ၏ အစီအမံနှင့် အားထုတ်ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြင်းထန်သည့်မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် ဖော်ပြချက်များကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ကလေးများ၏ အတွေ့အကြုံများကို သက်ဆိုင်ရာ ကလေးငယ်များနှင့် မိဘများထံမှ မှတ်တမ်းတင်ထားသော သက်သေခံချက်ဖြင့် စတင်ကြားနာခဲ့ပြီး အဆိုပါကိစ္စရပ်များ၏ လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှုကို မီးမောင်းထိုးပြခဲ့သည်။
အွန်လိုင်းစွဲလမ်းမှုကြောင့် ပညာရေးထိခိုက်မှုမှသည် မိမိကိုယ်ကို သေကြောင်းကြံစည်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ရသည့် ကလေးများ၏ ထိခိုက်နစ်နာမှုများအတွက် ဆိုရှယ်မီဒီယာပလက်ဖောင်းပိုင်ရှင် ဘီလျံနာများထံမှ လုံလောက်သည့်စာနာမှုကို ရှာဖွေနိုင်ရန် ကြိုးပမ်းမှုကို ၂၀၂၄ ခုနှစ် ကန့်လန့်ကာအဖွင့်မှာ မြင်တွေ့ခဲ့ရခြင်းပင်ဖြစ်သည်။
ကျင့်ဝတ်မဲ့ စီးပွားရေးကို ဥပဒေနှင့် ထိန်းကျောင်းရန်လိုအပ်
၂၁ ရာစု၏ ထုတ်ကုန်တစ်ခုဖြစ်သည့် ဉာဏ်ရည်တု(AI)နည်းပညာများနှင့် ပေါင်းစပ်ခဲ့ပြီးနောက်တွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများသည် ပိုမိုကြီးမားပြင်းထန်လာခဲ့သည်။ Deep Fake နည်းပညာကို အလွယ်တကူ လက်လှမ်းမီအသုံးပြု လာနိုင်မှုများကြောင့် သတင်းတု၊ သတင်းမှားနှင့် လုပ်ကြံဖန်တီးထားသည့် သတင်းများဖြန့်ဝေမှု၊ အမုန်းစကားဖြန့်ဝေမှုများမှတစ်ဆင့် လူ့အဖွဲ့ အစည်းအတွင်း မလိုလားအပ်သည့် ထိခိုက်နစ်နာစေမှုများ (Negative Externalities)ပိုတိုးလာစေခဲ့သည်။
ဆိုရှယ်မီဒီယာ ပလက်ဖောင်းများအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အထောက်အကူပြုသည့် ကိရိယာများအဖြစ် တွင်တွင်ပြောဆို လျက်ရှိသော်လည်း တစ်ဖက်တွင် ကျင့်ဝတ်မဲ့စွာ စီးပွားရှာသည့် စားကျက်ကြီးတစ်ခုအဖြစ် မြင်တွေ့လာရသည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပိုင်ရှင်များက နေ့ချင်းညချင်း ဘီလျံနာများအဖြစ် ကြီးပွားလာသည့် အခြားတစ်ဖက်တွင် အကြမ်းဖက်သမားများနှင့် မသမာသူများက ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေးလိုဘများအတွက် တလွဲအသုံးချလျက်ရှိသည့် အခြေအနေများကို တားဆီးဟန့်တားရန် ပျက်ကွက်ခဲ့သည်။
ယင်းကြောင့်ပင် ကမ္ဘာ့နိုင်ငံဒေသအသီးသီးတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ အပြုသဘောမဆောင်သည့် အကျိုးဆက်များမှ ရုန်းထွက်နိုင်ရေး အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ နှင့် သက်ကြီးရွယ်အိုများကဲ့သို့ ထိခိုက်လွယ်သည့် အုပ်စုဝင်များအတွက် ဆိုရှယ်မီဒီယာအသုံးပြုမှု ဘေးကင်းလုံခြုံရေးကို သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေပြုသူများနှင့် တာဝန်ရှိသူများက အလေးပေး လုပ်ဆောင်လာခဲ့ကြသည်။ မလေးရှားနိုင်ငံတွင်လည်း ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ ဝန်ဆောင်မှုများအား နိုင်ငံတွင်းလိုအပ်ချက်များနှင့် အညီဖြစ်စေရေးအတွက် အင်တာနက်အသုံးပြုသူများထံမှ စစ်တမ်းကောက်ယူရရှိမှုများအပေါ် အခြေခံ၍လိုအပ်သည့် စည်းမျဉ်းဥပဒေများကို မလေးရှားဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာကော်မရှင်(MCMC)က ရေးဆွဲပြဋ္ဌာန်းခဲ့သည်။
မလေးရှားနိုင်ငံ၏ ဆိုရှယ်မီဒီယာပလက်ဖောင်း များ လိုင်စင်လျှောက်ထားခြင်းဆိုင်ရာမူဘောင်
မလေးရှားနိုင်ငံတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် အင်တာနက်စာတိုပေးပို့ဝန်ဆောင်မှု ဆောင်ရွက်သည့် အက်ပလီကေးရှင်းများ၏ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာ မူဘောင် (the licensing framework for internet messaging services and social media services)ကို MCMC က ရေးဆွဲ၍ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် အများပြည်သူထံသို့ စတင်မိတ်ဆက်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဥပဒေစတင်အသက်ဝင်စေခဲ့ပြီးဖြစ်သည်။
မလေးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာအက်ဥပဒေ(CMA) (1998) အရ ရေးဆွဲ ပေါ်ပေါက်လာသည့် အဆိုပါမူဘောင်အသစ်အရ မလေးရှားနိုင်ငံတွင် အသုံးပြုသူ ၈ သန်းနှင့်အထက်ရှိသော အင်တာနက်စာတိုပေးပို့ခြင်းဝန်ဆောင်မှုများနှင့် ဆိုရှယ်မီဒီယာပလက်ဖောင်း ဝန်ဆောင်မှုပေးသူများသည် အက်ပလီကေးရှင်းဝန်ဆောင်မှုပေးသူ အတန်းအစားလိုင်စင် (ASP(C) Licence)ကို ရရှိ ထားရမည်ဖြစ်သည်။
လျှောက်ထားရာတွင် ၂၀၂၁ ခုနှစ်တွင် မိတ်ဆက်ခဲ့သည့် cloud လိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာမူဘောင်ကဲ့သို့ပင် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရန်ဖြစ်ပြီး ဆန်းသစ်တီထွင်မှုများကို မထိခိုက်စေရေး လျှောက်ထားမှုလွယ်ကူစေရန် MCMC က မူဝါဒချမှတ်ထားသည်။ ASP(C) License ၏ သက်တမ်းမှာ တစ်နှစ်သတ်မှတ်ထားပြီး လိုင်စင်ကြေးကို မလေးရှားရင်းဂစ် ၂၅၀၀ သတ်မှတ်ထားသည်။ လိုင်စင်ရယူခြင်းမရှိဘဲ ဝန်ဆောင်မှုပေးသူများသည် ဒဏ်ငွေမလေးရှားရင်းဂစ် ၅၀၀၀၀၀ အထိနှင့်/သို့မဟုတ် ထောင်ဒဏ် ၅ နှစ်အထိချမှတ်ခံရနိုင်သည်။ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက် ပြစ်မှုဆက်လက်ကျူးလွန်သည့်နေ့ တစ်ရက်တိုင်းအတွက် ရင်းဂစ် ၁၀၀၀ စီ ဒဏ်ငွေကိုလည်း ချမှတ်နိုင်သည်။ လိုင်စင်လိုအပ်ချက်ကို လိုက်နာရန်ပျက်ကွက်သော အဖွဲ့အစည်းတစ်ခု၏ စီမံခန့်ခွဲမှုတွင် ဒါရိုက်တာများ၊ အရာရှိ သို့မဟုတ် ပုဂ္ဂိုလ်များသည်လည်း တာဝန်ရှိသည်ဟု မှတ်ယူနိုင်ကြောင်း ဖော်ပြထားသည်။
ဆိုရှယ်မီဒီယာပလက်ဖောင်း ဝန်ဆောင်မှုပေးသူများအနေဖြင့် ASP(C) လိုင်စင်လျှောက်ထားရန်အတွက် ကူးပြောင်းချိန်ကာလ ၅ လ(၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ) သတ်မှတ်ခဲ့ပြီး ယင်းကာလအတွင်း ဝန်ဆောင်မှုပေးသူများအနေဖြင့် ဆိုက်ဘာအနိုင်ကျင့်မှု၊ အွန်လိုင်းလိမ်လည်မှုများ၊ လောင်းကစားနှင့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများကဲ့သို့သော အွန်လိုင်းအန္တရာယ်များကို ၎င်းတို့၏ ပလက်ဖောင်းအသီးသီးမှ လျှော့ချနိုင်ရေး အားထုတ်မှုများလုပ်ဆောင်ရန် MCMC က တိုက်တွန်းခဲ့သည်။
မူဝါဒအသစ်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် စပ်လျဉ်း၍ မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ်မှ စတင်ပြောင်းလဲ ကျင့်သုံးမည့် မူဘောင်အသစ်နှင့်စပ်လျဉ်း၍ ထုံးစံအတိုင်း အချို့သောစိုးရိမ်မှုများနှင့် ဝေဖန်မှုများ လည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် Article 19 ကဲ့သို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် Facebook ၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta ဘက်မှ တာဝန်ရှိသူများက ၎င်းမူဘောင်အသစ်မှာ မလေးရှားနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်အစိုးရက ဥပဒေများကို အသုံးပြုလာခြင်းပေလောဟု မေးခွန်းထုတ်ခဲ့ကြပြီး ၎င်းတို့ ၏ စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ကြသည်။
သို့ရာတွင် ယင်းသို့ လိုင်စင်မူဘောင်သတ်မှတ်ချက်သည် ဆိုရှယ်မီဒီယာအသုံးပြုသူများကို အကာအကွယ်ပေးရန်အတွက် အစိုးရ၏ ကြီးမားသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း Kota Melaka မြို့တော်၏ လွှတ်တော်အမတ် Khoo Poay Tiong ကပြောကြားခဲ့ပြီး မလေးရှားဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil ကလည်း ယခုမူဘောင်အသစ်သည် ဆိုရှယ်မီဒီယာ အသုံးပြုသူများအတွက် ရည်ရွယ်ထားခြင်းမရှိဘဲ မလေးရှားနိုင်ငံအတွင်း ကြော်ငြာဝင်ငွေများရယူခြင်းဖြင့် စီးပွားရေးအရ ဆောင်ရွက်လျက်ရှိသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများအတွက်သာ ရည်ရွယ်ခြင်းဖြစ်သဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေခြင်းမရှိကြောင်း ပြောကြားထားသည်။
ယင်းသို့ ဆောင်ရွက်မှုသည် ပိုမိုလုံခြုံသော အွန်လိုင်းဂေဟစနစ် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အထူးသဖြင့် ကလေးများနှင့် မိသားစုများအတွက် ဆိုရှယ်မီဒီယာအသုံးပြုရာတွင် ပိုမိုကောင်းမွန်သော အတွေ့အကြုံကို ရရှိစေလိမ့်မည်ဖြစ်ကြောင်း MCMC က တုံ့ပြန်ခဲ့သည်။
လိုင်စင်လျှောက်ထားရန် ဆောင်ရွက်မှု
မလေးရှားနိုင်ငံတွင် အင်တာနက်နှင့်ဆိုရှယ် မီဒီယာအသုံးပြုမှုမှာ နှစ်စဉ်တိုးတက်လျက်ရှိပြီး www.statista.com ၏ ၂၀၂၄ ခုနှစ်က ထုတ်ပြန်သည့် စာရင်းအင်းများတွင် Facebook သည် မလေးရှား နိုင်ငံတွင်သုံးစွဲသူ ၂၂ ဒသမ ၃၅ သန်းရှိ၍ စုစုပေါင်း လူဦးရေ၏ ၆၄ ဒသမ ၈ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ နိုင်ငံရေးသတင်းများ အပါအဝင် သတင်းအချက်အလက်အများစုကို မလေးရှားနိုင်ငံသားများက Facebook မှတစ်ဆင့် ရရှိနေခြင်းဖြစ်သည်။ လက်ရှိထုတ်ပြန်သည့် ဆိုရှယ်မီဒီယာပလက်ဖောင်းလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ မူဘောင်သတ်မှတ်ချက်အရ မလေးရှားတွင် လိုင်စင်လျှောက်ထားရန် သတ်မှတ်ချက်အကျုံးဝင်သည့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှာ Facebook, Instagram, WhatsApp, Telegram, WeChat နှင့် TikTok အပါအဝင် ရှစ်ခုထက်မနည်း ရှိနေကြောင်း သိရသည်။
လက်ရှိအချိန်အထိ Tencent ၏ WeChat၊ ByteDance ၏ TikTok သည် ဤစည်းမျဉ်းအသစ်အရ လုပ်ငန်းလည်ပတ်ရန်လိုင်စင်များ လျှောက်ထားရယူထားပြီးဖြစ်ပြီး Telegram ကို လည်း MCMC က ဇန်နဝါရီလ ၂ ရက်နေ့က လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုပေးပြီးဖြစ်ကြောင်း သိရသည်။ ထို့အပြင် Facebook၊ Instagram နှင့် WhatsApp တို့၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta အနေဖြင့် ယင်း၏ လူမှုကွန်ရက်မီဒီယာပလက်ဖောင်းများအတွက် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းစဉ်အား စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း MCMC ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
သို့ရာတွင် X (ယခင် Twitter)အနေဖြင့်မူ လိုင်စင်ထုတ်ပေးသည့် မူဘောင်ပါသတ်မှတ်ချက် တစ်ခုဖြစ်သည့် မလေးရှားတွင် အသုံးပြုသူအရေအတွက် ၈ သန်းမရှိဟုဆိုကာ လျှောက်ထားခြင်း မပြုသေးကြောင်းသိရသည်။ အလားတူ YouTube ၏ မိခင်ကုမ္ပဏီ Google ကလည်း ၎င်း၏ ဗီဒီယို မျှဝေခြင်းဆိုင်ရာ ဝန်ဆောင်မှုများသည် စာတိုပေးပို့သည့် အက်ပလီကေးရှင်းများနှင့် သဘာဝကွဲပြားသဖြင့် ဥပဒေပါ သတ်မှတ်ချက်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုများအားဖော်ပြပြီး လိုင်စင်လျှောက်ထားခြင်းကိစ္စကို ဆွေးနွေးနေစဲဖြစ်ကြောင်း သိရှိရသည်။ တစ်ဖက်တွင် လိုင်စင်လျှောက်ထားခြင်းမရှိသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် စာတိုပေးပို့မှု အက်ပလီကေးရှင်းများအနေဖြင့် ဥပဒေအရ စိစစ်အရေးယူမှုကို ရင်ဆိုင်ရနိုင်ဖွယ်ရှိနေသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံအနေဖြင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် စာတိုပေးပို့မှု အက်ပလီကေးရှင်းများအား မူဝါဒကြီးကြပ်သည့် မူဘောင်တစ်ရပ်ကို စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးအတွက် နှိုးဆော်ဆောင်ရွက်မှုများကိုလည်း တွေ့ရှိလာရသည်။
စောင့်ကြည့်ရမည့် အခြေအနေ
၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ကမ္ဘာတစ်ဝန်းတွင် အင်တာနက်အသုံးပြုသူ ၅ ဒသမ ၅၂ ဘီလီယံရှိပြီး ယင်းပမာဏသည် ကမ္ဘာ့လူဦးရေ၏ ၆၇ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ ယင်းအနက်မှ စုစုပေါင်း၏ ၅ ဒသမ ၂၂ ဘီလီယံ သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၆၃ ဒသမ ၈ ရာခိုင်နှုန်းသည် ဆိုရှယ်မီဒီယာအသုံးပြုသူများဖြစ်သည်။ လက်ရှိတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် လူမှုအသိုက်အဝန်းကို အကျိုးပြုသည့် သာမန်ဆက်သွယ်ရေးကွန်ရက်နှင့် သတင်းအချက်အလက်ဖြန့်ချိရာနေရာ တစ်ခုမျှသာမဟုတ်ဘဲ အခွန်ဘဏ္ဍာစည်းကြပ်မှုလျော့ရဲစွာဖြင့် ကြော်ငြာခများ နိုင်ငံတွင်းမှ စီးထွက်ရာ၊ အစွန်းရောက် အကြမ်းဖက်အယူအဆများ ပေါက်ဖွားရာ၊ သတင်းတုသတင်းမှားနှင့် အမုန်းစကားတို့၏ မြစ်ဖျားခံရာ၊ အွန်လိုင်းလိမ်လည်မှုများ အလွယ်တကူဆောင်ရွက်ရာ နေရာများအဖြစ် လူမှုအသိုက်အဝန်းအတွက် မလိုလားအပ်သည့် အကျိုးဆက်များနှင့် အန္တရာယ်များကို ဆောင်ကြဉ်း လာလျက်ရှိနေပြီဖြစ်သည်။
ယင်းမလိုလားအပ်သည့် လူမှုဒုက္ခများကို လျှော့ချနိုင်စေရေးနိုင်ငံနှင့် ဒေသအဖွဲ့အစည်း အသီးသီးက လိုအပ်သည့် ဥပဒေများထုတ်ပြန်၍ ပြန်လည်ထိန်းကျောင်းလျက်ရှိရာ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၏ တုံ့ပြန်ဆောင်ရွက်ချက်များအား ဆက်လက်စောင့်ကြည့်ရမည့်အခြေအနေ ဖြစ်ပါသည်။
ကိုးကား-
https://www.demandsage.com/social-media-users/
https://apnews.com/article/meta-tiktok-snap-discord-zuckerberg-testify-senate-00754a6bea92aaad62585ed55f219932
https://insightplus.bakermckenzie.com/bm/technology-media-telecommunications_ 1/malaysia-licensing-of-social-media-and-internet-messaging-service-providers-from-1-january-2025-onwards
https://www.dataguidance.com/news/malaysia-mcmc-unveils-new-regulatory-framework-social
https://www.statista.com/statistics/617136/digital-population-worldwide/
Source: www.moi.gov.mm