ညီညွတ်ချစ်ကြည်မှုတို့ဖြင့် တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲပွဲ
Posted_Date
Image

Body
မြန်မာ့ရိုးရာထမနဲပွဲတော်သည် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ထင်ဟပ်စေသည့် ဆယ့်နှစ်လရာသီ ပွဲတော်များအနက် အလှူဒါန ပွဲတော်တစ်ခုဖြစ်ပါသည်။ မြန်မာ့ ရိုးရာထမနဲပွဲကို တပို့တွဲလတွင် ကျင်းပကြပြီး၊ ကောက်ညှင်းစပါးသစ်ပေါ်ချိန်နှင့် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သော တပို့တွဲလပြည့်နေ့တွင် အထူးခမ်းနားစွာ ကျင်းပကြပါသည်။ ဤပွဲတော်သည် ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်မှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့် လူမှုရေးဆိုင်ရာ ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။
တပို့တွဲလသည် မြန်မာပြက္ခဒိန်၏ ဧကဒသမ လဖြစ်ပြီး ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများအတွင်း ကျရောက်ပါသည်။ 'တပိုဝ်' သည် 'ထန်းဖူး' ကို ဆိုလိုပြီး 'တွဲ' သည် 'အသီးခိုင်တွဲလောင်းကျသည်' ကိုရည်ညွှန်းသောကြောင့် တပို့တွဲလသည် ထန်းဖူးများအား အောက်သို့ဆွဲချပြီး ထန်းရည်ခံသည့် ကာလဖြစ်သည်မှာ ထင်ရှားသည်။ ဦးဖိုးလတ်၏ မြန်မာလအမည်များကျမ်းတွင် တပို့တွဲလ၏ အဓိပ္ပာယ်သည် ထန်းဖူး၊ ထန်းခိုင်တံတို့ကို အောက်သို့ ကိုင်းညွတ်ဆွဲဆိုင်းခြင်း၊ တွဲကျခြင်းဖြစ်အောင် ပြုသောလ၊ ထန်းရည်နင်းသောလ ဖြစ်သည်ဟု အကျယ်တဝင့် ရှင်းလင်းရေးသားထားပါသည်။ တပို့တွဲလ၏ အထိမ်း အမှတ်ပန်းမှာ ပေါက်ပန်း (Butea Monosperma) ဖြစ်ပါသည်။ တပို့တွဲလတွင် ထင်ရှားသော ရိုးရာပွဲတော်မှာ ထမနဲပွဲ ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက ချမ်းအေးသည့် ဆောင်းတွင်းအခါသမယတွင် ဝိနည်းတော်အရ ရဟန်းတို့ကို မီးလှုံခြင်းမှ တားမြစ်ပိတ်ပင်ထားပါသည်။ တားမြစ်ရသည့် အကြောင်းမှာ မီးနှင့် မျက်စိမသင့်ခြင်း၊ မီးလှုံခြင်းကြောင့်အဆင်းပျက်ခြင်း၊ ခွန်အားဆုတ်ယုတ်ခြင်း၊ မီးလှုံရင်း အပေါင်းအဖော်တို့နှင့်မွေ့လျော်နေခြင်း၊ ယင်းတို့နှင့် အကျိုးမရှိသောစကားများကိုပြောဆိုခြင်း ဟူသည့် ရဟန်းတို့ မပြုမူအပ်သည့် အပြုအမူများကို ရှောင်ကျဉ်နိုင်ရန် ဝိနည်းတော် ပညှပ်ရခြင်း ဖြစ်ပါသည်။ သို့ရာတွင် တပို့တွဲလကုန် တပေါင်းလကူးကြား ရှစ်ရက်သည် အလွန်တရာ အေးမြသောကြောင့် ထိုရက်များအတွင်း ရဟန်းတို့အား မီးလှုံရန် ခွင့်ပြုတော်မူရုံမျှမက မိမိကိုယ်တော်တိုင်သည်လည်း မီးလှုံတော်မူ လေ့ရှိခဲ့ပါသည်။ ဤသည်ကို အစွဲပြု၍ တပို့တွဲလ၌ မီးပုံသဘင်ကို ဆင်ယင်ကျင်းပကြ ပါသည်။ မီးပုံဟူသော အသုံးအနှုန်းမှာ အရပ်စကားဖြစ်ပြီး စာပေအမှတ်အသားအရမှာမူ မီးဖုန်း သဘင်ဟု ရေးသားဖွင့်ဆိုကြပါသည်။ အလှူရှင် ဒါယိကာ၊ ဒါယိကာမတို့သည် မီးဖုန်းပွဲကို ကျင်းပရန် အလို့ငှာ တောသို့ တက်၍ နံ့သာထင်းများကို လူစုလူဝေးနှင့် ခုတ်ကြသည်။ ထို့နောက် ထင်းများကို စုပုံမီးရှို့၍ ဘုရား ကျောင်းကန်၊ တန်ဆောင်းတို့၌ အပူဓာတ်ကို လှူဒါန်းပူဇော်သည်။ အချို့ကလည်း မီးမယ်ဖျူး ခေါ် မီးလင်းဖို၌ အမွှေးနံ့သာထင်းများကို ထည့်၍ မီးဖိုကာပူဇော်ကြသည်။ ဤပွဲသဘင်ကို ဆင်ယင်ကျင်းပရာ၌ ဆောင်ရွက်ရမြဲထုံးစံမှာ လူ ၁၀၀၀ စု၍ နံ့သာထင်းခုတ်ပြီးလျှင် ထင်းစည်း ၁၀၀၀၊ မီးလင်းဖို ၁၀၀၀၊ ယာဂုအိုး ၁၀၀၀၊ ထန်းစင် ၁၀၀၀ တို့ကို စီမံပြီးလျှင် ဘုရား၊ ကျောင်း၊ တန်ဆောင်း များ၌ မီးအပူဓာတ် ကိုလှူဒါန်းပူဇော်ကြသည်။ ဤသဘင်နှင့်စပ်လျဉ်း၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးရှိ ဓမ္မသုခကျောင်း၌ မီးပုံပွဲတော်ကျင်းပပုံကို မန်းသင့်နောင်က “ကရင်ပြည်နယ်အလှ” စာအုပ်တွင် မှတ်တမ်းတင်ထားသည်မှာ လွန်စွာ မှတ်သားဖွယ်ကောင်းလှပေသည်။ ထိုမီးပုံပွဲ၌ မီးပူဇော် လိုသူတို့သည် တပို့တွဲလပြည့်နေ့မတိုင်မီ လဆန်းရှစ်ရက်နေ့ကစပြီး စင်းလုံးချော သက်ရင်းပင်များကို ခုတ်ယူပြီးလျှင် အခွံခွာ၍ နနွင်းဖြင့်လိမ်းကျံကာ သုံးဆင့်စည်းနှောင်ထားကြ၏။ ခြောက်သွေ့သော အခါ မီးပုံပွဲကျင်းပရာသို့ လပြည့်နေ့မတိုင်မီ လာရောက်စုပုံကြ၏။ မီးပုံတိုင်များစိုက်ထူရန် မြေကွက်လပ်တွင် အတောင် ၃၀ အရှည်ရှိသော ဥရူတိုင်ကြီး ငါးတိုင်စိုက်ထား၏။ ထင်းစည်း၊ မီးပုံစည်းများကို မှီ၍ စိုက်ထူ၏။ နံနက်လေးနာရီတွင် ဆရာတော်က ဝတ်ပြုဆုတောင်းရာ ရဟန်းရှင်လူတို့သည် ရှိခိုး ကန်တော့ကြ၏။ ထို့နောက် ဆရာတော်က မီးစတင်ရှို့လေရာ ရဟန်းရှင်လူတို့လည်းနီးစပ်ရာ မီးပုံတွင် သူ့ထက်ငါဦးအောင်ရှို့ကြလေသည်။ ဤအဆိုကိုကြည့်ခြင်းအားဖြင့် ရိုးရာအလိုက်ကျင်းပသော မီးပုံပွဲကို ကရင်ပြည်နယ်၌ ယနေ့တိုင်ကျင်းပမြဲ ဖြစ်သည်ဟုဆိုနိုင်ပေသည်။
ရှေးခေတ်ကကျင်းပသော မီးပုံပွဲတွင် ယာဂုအိုး ၁၀၀၀ လှူဒါန်းလေ့ရှိကြောင်း အထက်၌ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယင်းကို ထောက်ရှုလျှင် မီးပုံပွဲနှင့် ယာဂု ဆက်စပ်နေသည်ကို တွေ့မြင်နိုင်ပါလိမ့်မည်။ မီးပုံပွဲကျင်းပရင်းနှင့် ယာဂုပွဲဖြစ်ပေါ်လာသလော သို့မဟုတ် ယာဂုပွဲကျင်းပရင်းနှင့် မီးပုံပွဲဖြစ်ပေါ်လာသလော။ ဤနှစ်လီကို မဝေခွဲနိုင်ပါ။ စင်စစ် ဤအလှူနှစ်မျိုးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်၍ တစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်ဟုဆိုနိုင်ရာ၏။ ယာဂုပူဇော်ပွဲအစဉ်အလာစတင်ပုံကို ဝိနည်း ပိဋကတ် ဝိနည်းမဟာဝါ ပါဠိတော်၌ ပြဆိုထားသည်ကို တွေ့ရှိနိုင်ပါသည်။ တစ်ခါရံသော် မြတ်စွာဘုရားသည် များစွာသောသံဃာတော်တို့နှင့်အတူ အန္ဓဝိန္ဒရွာသို့ ဒေသစာရီ ကြွချီတော်မူရာ ဇနပုဒ်၌ နေသောသူတို့သည် ဆန်၊ ဆီ၊ ဆား၊ ဆေး စသော လှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်၍ မြတ်စွာဘုရားကြွချီရာသို့ လိုက်ပြီးလျှင် ဆွမ်းဘောဇဉ် အာဟာရတို့ကို ကပ်လှူပူဇော်ကြလေသည်။ ထိုအခါ ပုဏ္ဏားတစ်ယောက်သည် အလားတူဆွမ်းကပ်လှူလိုပါသော်လည်း မိမိအလှည့် မကျနိုင်သောကြောင့် အရှင်အာနန္ဒာကိုချဉ်းကပ်၍ ယာဂုနှင့်တကွ ပျားသကာမုန့်တို့ကို မြတ်စွာဘုရားနှင့်တကွ သံဃာတော်တို့အား ဆက်ကပ်ခွင့်ရပါရန် လျှောက်ထားတောင်းပန်လေ၏။ အရှင်အာနန္ဒာသည်ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားလည်း ပုဏ္ဏားအလိုရှိသည့် အတိုင်းကပ်လှူပူဇော်စေရန် သည်းခံတော်မူလေသည်။ ဤသည်ကစ၍ ယာဂုအလှူပွဲအစဉ်အလာ ပေါ်ပေါက်လာသည်ဟုဆိုနိုင်ပြီး ဝိနည်းတော်အရ တပို့တွဲနှင့် တပေါင်းစပ်ကြား၌ ရဟန်းတို့ မီးလှုံစေရန် ခွင့်ပြုသောအကြောင်းနှင့် ဆက်စပ်ကြည့်လျှင် ယင်းမီးပုံပွဲနှင့် ယာဂုအလှူပွဲမှာ တစ်ဆက်တည်း ဖြစ်ပေါ်လာသည်ဟု ယူဆနိုင်ပါသည်။ ယာဂုဟူသည် ခေတ်စကားနှင့်ပြောရလျှင် ဆန်ပြုတ်ပင် ဖြစ်ပါသည်။ သို့သော် လုံးတောဆရာတော်၏ အာဘော်အရ မြတ်စွာဘုရားသခင်သည် လေအောင့်၊ လေနာဝေဒနာ ခံစားတော်မူရလေသော် “အရှင်အာနန္ဒာ……ယာဂုဆွမ်းခံချေ” ဟု မိန့်တော်မူသဖြင့် မာတုဂါမတစ်ဦးထံအလှူခံရာ ထိုမာတုဂါမက ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်းတို့ဖြင့် စီရင်ထားသော ယာဂုဆွမ်းကိုကပ်သဖြင့် လေနာငြိမ်းသည်ဟု ဆိုသောကြောင့် ယာဂု သည် ငရုတ်၊ ကြက်သွန် စသည်တို့ပါသော ဆန်ပြုတ်တစ်မျိုး (ဝါ) ထမနဲ ဟု ယူဆနိုင်ပါသည်။
မင်းတုန်းမင်းလက်ထက် ယာဂုအလှူပွဲအကြောင်းကို ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး၌ ရေးသားဖော်ပြထားပြီး ယင်းအလှူပွဲအကြောင်း၌ ရွှေမြို့တော် လေးပြင်လေးရပ် တရုတ်၊ ကုလား မျိုးခြားမှစ၍ တိုင်းသူပြည်သား အားလုံးတို့သည် လူတစ်ကိုယ် ဆန်တစ်စလယ်ကျ စုဆောင်း၍ ယာကုကျိုကြရာ ယင်းယာဂု၌ ကောက်ညှင်း၊ ဆန်၊ ဆီ ၊ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ သစ်ကြားသီး စသည်တို့ကိုထည့်၍ ကျိုသည်ဟုဆိုထားပါသည်။ ယင်းယာဂုကျိုခြင်းကိုပင်လျှင် ယခုခေတ်၌ ထမနဲထိုးသည်ဟု ဖွင့်ဆိုကြောင်း မှတ်သားရပါသည်။ ထမနဲ့ (ဝါ) ထမင်းနှဲဟူသော အမည်နာမသည် (ကောက်ညှင်း) ထမင်းကိုနှဲခြင်း ဟူသောအသုံးအနှုန်းမှဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ရှေးအရေးအသားအချို့တွင် ထမင်းနှဲ ဟူ၍ပင် ရေးကြသည်။ အချို့ကလည်း နှမ်းကိုကဲ၍ ထည့်ခြင်းကြောင့် နှမ်းမနဲ ဟူ၍ လည်းခေါ်ကြသည်။ ယင်းထမင်းနဲ့ထိုးခြင်းနှင့် စပ်လျဉ်း၍ မန်လည်ဆရာတော်ဘုရားကြီးက လိုသော ပစ္စည်းအချိန်အဆကို ထမနဲထိုးလင်္ကာစားချိုးဖြင့် အောက်ပါအတိုင်း စပ်ဆိုထားလေသည်-
“ထမနဲထိုးဖို့ရန်….. စာချိုးလို့မှာခဲ့မယ်
တစ်စိတ်ဆန် သည်ကောက်ညှင်းရယ်နှင့်
တစ်ပိဿာဆီ အမှန်သွင်းပါလို့
ချင်း(ဂျင်း) ကသုံးဆယ်။
မြေပဲဖြူလှော် တစ်ခွက်ကယ်နှင့်
အုန်းသီးဆန် အတူဖက်ပါလို့
နှမ်းမပြတ် ဤနည်းနှယ်။
ရေစင်ကြည် ပထည့်ရိုး
လက်နှစ်သက်သာပ၊
တွက်စစ်ကာ ချိန်ဆယ်သားရယ်နှင့်
ရောနှောက လူအများတို့ရယ်
အားသစ်လို့ထိုး……”
အဓိပ္ပာယ်မှာ ကောက်ညှင်းဆန်လေးပြည်၊ နှမ်းဆီတစ်ပိဿာ၊ မြေပဲဆန် ၈ဝ ကျပ်သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂ဝ ကျပ်သား၊ ဆား ၇ ကျပ်သား၊ ချင်းစိမ်း ၁၅ သား တို့ကို ဒယ်အိုးတွင် နှံ့အောင်မွှေ၍ လူအများ တက်ညီလက်ညီ ဟန်ချက်ညီစွာဖြင့် ယာဂု(ဝါ) ထမနဲကို ထိုးကြရန် ဖြစ်ပါသည်။
“တပို့တွဲ၊ ကျွဲပင်လျှင် ချိုဖျား အေးသတတ်” ဟူသည့် စာဆိုနှင့်အညီ ဆောင်းနှောင်းဖြစ်၍ အစွမ်းကုန် ဆောင်းလက်စွမ်း ပြလေရော့သလားမသိ၊ ခိုက်ခိုက်တုန်အောင်အေးတတ်၏။ မြတ်စွာ ဘုရားရှင်ပင်လျှင် ခြေဖျား၊ လက်ဖျား မီးကင်တော် မူရသည်ဟု ဆိုကြ၏။ မှန်ပေမည်။ အလွန် အေးမြလှပေသည်။ တပို့တွဲလ နှင်းဝေဝေတွင် ကျင်းပသည့် ထမနဲပွဲသည်လည်း ပျော်ရွှင်ဖွယ် ကောင်းလှ၏။ ဒယ်ကြီးများဖြင့် ဆီနိုင်နိုင်၊ နှမ်းနိုင်နိုင်၊ အုန်းဆံနိုင်နိုင် ကောက်ညှင်းဆန်တို့ကလည်း စေးလှသနှင့် ဆင်နွှဲသော ရိုးရာထမနဲပွဲသည် နိုင်ငံသားတို့၏ စုပေါင်းညီညာသောသဘောကို ဆောင်၏။ ထမနဲကို ထိုးပြီးသကာလ ဘုရားအား ဦးစွာကပ်လှူ၏။ ရွာဦးကျောင်းသို့ ရောက်အောင်ပို့၏။ တစ်အိမ် တက်ဆင်း ထမနဲ ဝေငှ ကမ်းလှမ်း၏။ တပို့တွဲလ နံနက်စောစောတွင် စေတနာ သဒ္ဓါတို့ ထက်သန် မွှေးကြိုင်လျက်ရှိသည်ကို ခံစားနိုင်ပေ၏။ အများနှင့် ဝိုင်းကြ ဝန်းကြသော သဘောသည် မြန်မာ့ လူမျိုးတို့၏ သဘောသဘာဝဖြစ်ပြီး စည်းလုံးညီညွတ်မှု အသွင်သဏ္ဍာန်ကို ထမနဲထိုးပွဲ၏ ပြယုဒ်တွင် မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပေ၏။ ထမနဲကို အဘိုး၊ အဘွား၊ လူရွယ်၊ လူငယ် အရွယ်သုံးပါး မရွေး စားသုံးနိုင်ပြီး နိုင်ငံ၏ စေတနာ ဂုဏ်သိက္ခာကို တမြုံ့မြုံ့ စားရင်းနှင့်ပင် ဆင်ခြင်နိုင်၏။ ထမနဲသည် တရားမဟော၊ စကားမပြောသော်လည်း ညီညွတ်မှု၊ ချစ်ကြည်မှုတို့၏ လက်တွေ့ကောင်းကျိုးကို ပြသ နေဘိ သကဲ့သို့ ရှိ၏။
ကုန်းဘောင်ခေတ်တွင် ထင်ရှားကျော်ကြားခဲ့သော စာဆိုတော် ဦးပုညက “ယာဂုထမနဲ၊ အိုးကြီးကွဲခါမှ၊ စွန့်ကြဲသည့် ဒါနလည်း နိပ္ဖလမဆိုသာ၊ စေတနာဇောသန်၍၊ သမုဌာန်လွန်ကဲ၍၊ အိုးကွဲမှ စွန့်လှူသည့်၊ ထိုသူတို့ကုသိုလ်လည်း မဂ်ဖိုလ်ဧကန်ရပေမည်” ဟူ၍ လှေအလှူခံမေတ္တာ စာတွင် ဖွဲ့ဆိုခဲ့ပါသည်။ တပို့တွဲလ ယာဂုထမနဲအလှုပွဲများသည် အလှူရေစက် လက်နှင့်မကွာ မြန်မာလူမျိုးတို့၏ စေတနာကို ဖော်ပြနေသည့် သင်္ကေတများဖြစ်ပါသည်။ သို့ဖြစ်၍ ဘုရားရှင် လက်ထက်တော်တိုင်မှ စတင်ပေါ်ထွန်းခဲ့သည့် မီးဖုန်းပွဲ၊ ယာဂုထမနဲအလှူပွဲများကို ခေတ်အဆက်ဆက် ယဉ်ကျေးမှု အစဉ်အလာများ၊ စည်းလုံးညီညွတ်မှုများ မပျောက်ပျက်စေရန်နှင့် ကောင်းမှုကုသိုလ်များ ရရှိစေရန်အတွက် တပို့တွဲလတွင် နှစ်စဉ်ကျင်းပ လှူဒါန်းခြင်းဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကိုးကား
(၁) မောင်ထင်၏ မြန်မာဆယ့်နှစ်လအကြောင်း စာအုပ်
(၂) မြန်မာ့ရာသီပွဲတော်များ (သာရဝေါ- စိုးကြည်)
(၃) တပို့တွဲလ၊ မောင်လူမွှေး(မြန်မာမှု)
(၄) မြန်မာလအမည်များကျမ်း၊ ဦးဖိုးလတ်