အင်ဒိုနီးရှားနိုင်ငံ၏ အခွန်အယူခံစနစ်ကို လေ့လာခြင်း
Posted_Date
Image

Body
နိုင်ငံတစ်နိုင်ငံတွင် အခွန်ကောက်ခံရန် နိုင်ငံတော်အစိုးရက သတ်မှတ် တာဝန် ပေးအပ်ထားသည့် အခွန်ဌာနများမှ ကောက်ခံသည့် အခွန်အခများ၊ ဆုံးဖြတ်ချက်များ အပေါ် မကျေနပ်ပါက အခွန်ထမ်းပြည်သူအနေဖြင့် အယူခံဝင်ပိုင်ခွင့် ရှိပါသည်။ ထိုသို့ အခွန်အယူခံဝင်ရန် သတ်မှတ်ပြဋ္ဌာန်းချက်များမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြပေ။ သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းအဖြစ်လည်းကောင်း ရပ်တည်နေမှုမှာလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားခြားနားကြပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင် အခွန်တရားရုံးကို အခွန်အာဏာပိုင် သို့မဟုတ် အစိုးရ၏ လွှမ်းမိုးခြင်းမပြုနိုင်သည့် အခွန်အငြင်းပွားမှုများကို ဓမ္မဓိဋ္ဌာန်ကျကျ စီရင်ဆုံးဖြတ်သည့် အဖွဲ့ အစည်းအဖြစ် တည်ထောင်ထားသည်။ အင်ဒိုနီးရှားနိုင်ငံ အခွန်ဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ဒ)အရ အင်ဒိုနီးရှားနိုင်ငံ၏ အခွန်တရားရုံးသည် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် တည်ရှိသည့် တရားစီရင်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လွတ်လပ်စွာစီရင်ဆုံးဖြတ်ပိုင်ခွင့် အာဏာ ရှိသည်။
အင်ဒိုနီးရှားနိုင်ငံတွင် အခွန်ထမ်းပြည်သူများသည် အခွန်အာဏာပိုင်များ စည်းကြပ်သော အခွန်ဆိုင်ရာဆုံးဖြတ်ချက်များကို ကျေနပ်မှုမရှိပါက အခွန်တရားရုံးတွင် အယူခံဝင်ခွင့် ရှိသည်။ တည်ဆဲဥပဒေအရ အခွန်ထမ်းများသည် အခွန်စည်းကြပ်မှုဆုံးဖြတ်ချက်ကို လက်ခံရရှိပြီး (၃)လ အတွင်း အယူခံဝင်နိုင်သည်။ အယူခံလွှာကို အင်ဒိုနီးရှားဘာသာစကားဖြင့် ရေးသား ထားသည့်လျှောက်လွှာနှင့်အတူ ဘဏ္ဍာရေးရှင်းတမ်းများ၊ အခွန်ပြန်တမ်းနှင့် အခြား သက်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ ပူးတွဲ၍ အခွန်တရားရုံးသို့ တင်သွင်းရမည် ဖြစ်ပါသည်။ အခွန်ဆိုင်ရာခုံရုံး ဥပဒေအရ အခွန်ဆိုင်ရာအငြင်းပွားမှုကို စစ်ဆေးဆုံးဖြတ်ရာတွင် ပထမ အဆင့်နှင့် နောက်ဆုံးအဆင့် တရားရုံးပင်ဖြစ်ပါသည်။ အမှုကြောင်းခြင်းရာ ပြဿနာနှင့် စပ်လျဉ်း၍အခွန်တရားရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပါသည်။ အခွန်တရားရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက နိုင်ငံတော်တရားလွှတ်တော်ချုပ် (Supreme Court) သို့ အယူခံ တင်သွင်းနိုင်မည် ဖြစ်ပါသည်။ သို့သော် နိုင်ငံတော်တရားလွှတ်တော်ချုပ်သို့ အယူခံဝင်လိုပါက လျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့က ဥပဒေကြောင်းခြင်းရာ ပြဿနာနှင့် စပ်လျဉ်းသည့်အမှုကို နိုင်ငံတော်တရားလွှတ်တော်ချုပ်သို့ လွှဲအပ်ပေးရန် လျှောက်ထားလာပါက အခွန်တရားရုံးသည် အမှုအကြောင်းအရာဖော်ပြချက်နှင့်တကွ လွှဲအပ်ပေးပို့ရမည်ဖြစ်ပြီး နိုင်ငံတော်တရားလွှတ်တော်ချုပ်က အမှုတွင် ဥပဒေကြောင်းခြင်းရာပြဿနာပါဝင်သည်ဟု ယူဆ မှသာ ထိုအမှုကို လက်ခံအမှုဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။
အင်ဒိုနီးရှားနိုင်ငံ၏ အခွန်အကောက်အငြင်းပွားမှုများကို ဖြေရှင်းရန် ၁၉၈၃ ခုနှစ် ကတည်းကပင် အခွန်စည်းကြပ်မှုအား နိုင်ငံတော်တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်များ ထုတ်ပြန်သည့်အထိ လေးနှစ်မှ ငါးနှစ်အထိ ကြာမြင့်ပါသည်။ ဌာနဆိုင်ရာအခွန်အာဏာပိုင်တို့၏ ဆုံးဖြတ်ချက်ကို သဘောမတူသော အခွန်ထမ်းတစ်ဦးသည် အခွန်အငြင်းပွားမှုများကို နှစ်ဆင့် ဖြေရှင်းသည့် စနစ်ဖြင့် ပထမအဆင့် အခွန်တရားရုံးသို့ အယူခံဝင်ရောက်နိုင်ပြီး နောက်ဆုံးအဆင့် အနေဖြင့် နိုင်ငံတော်တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ရောက်နိုင်မည် ဖြစ်ပါသည်။
အခွန်တရားရုံးစနစ်၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ဗဟိုအခွန်တရားရုံး
(အခွန်ခုံရုံးဥပဒေ ပုဒ်မ ၃ အရ မြို့တော် ဂျကာတာတွင် တည်ရှိသော အဓိက အမျိုးသားအဆင့် အခွန်တရားရုံး (Tax Court) ဖြစ်သည်။ ထိုရုံးသည် အင်ဒိုနီးရှား တွင် အခွန်အငြင်းပွားမှု အယူခံမှုအတွက် အမြင့်ဆုံးတရားရုံး ဖြစ်ပါသည်။)
(ခ) ဒေသဆိုင်ရာအခွန်တရားရုံးများ
(အခွန်ခုံရုံးဥပဒေ ပုဒ်မ ၃ အရ အင်ဒိုနီးရှားနိုင်ငံ၏ အဓိကပြည်နယ်များတွင် ဒေသဆိုင်ရာအခွန်တရားရုံးများ အများအပြားရှိပါသည်။ ဒေသဆိုင်ရာအခွန် တရားရုံးများမှ ဆုံးဖြတ်ချက်များကို ဗဟိုအခွန်တရားရုံးသို့ အယူခံဝင်နိုင်ပါသည်။)
အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာရှိ ဗဟိုအခွန်တရားရုံးချုပ်နှင့် ပြည်နယ် အသီးသီးရှိ ဒေသဆိုင်ရာအခွန်တရားရုံးတို့၏ တစ်ခုတည်းသော ကွန်ရက် ဖြစ်ပါသည်။ အခွန် တရားရုံးဖွဲ့စည်းပုံသည် နိုင်ငံအတွင်း အခွန်ဆိုင်ရာအယူခံဝင်မှုနှင့် အငြင်းပွားမှုများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် အထူးတရားစီရင်ရေးအဖွဲ့အစည်းအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။
အခွန်ခုံရုံးဥပဒေ ပုဒ်မ ၆ အရ အင်ဒိုနီးရှားနိုင်ငံရှိ အခွန်တရားရုံးတွင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင် တရားသူကြီးများ၊ အတွင်းရေးမှူးနှင့် မှတ်ပုံတင်အရာရှိတို့ဖြင့် ဖွဲ့စည်းထားပါသည်။ အခွန်ခုံရုံး ဥပဒေ ပုဒ်မ ၇ အရ တရားစီရင်ရေးခုံအဖွဲ့သည် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ၅ ဦးဖြင့် အများဆုံး ပါဝင် ဖွဲ့စည်းထားပါသည်။
အခွန်ခုံရုံးဥပဒေ ပုဒ်မ ၈ အရ အောက်ပါအတိုင်း ရွေးချယ်အတည်ပြု ခန့်အပ်ခဲ့ခြင်း ဖြစ်ပါသည်-
(က) နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တရားလွှတ်တော်ချုပ် ဥက္ကဋ္ဌ၏ အတည်ပြုချက် ရယူပြီး ဝန်ကြီးက အဆိုတင်သွင်းသည့် ကိုယ်စားလှယ်လောင်းစာရင်းမှ တရားသူကြီးများအား ခန့်အပ်ခြင်း၊
(ခ) နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တရားလွှတ်တော်ချုပ် ဥက္ကဋ္ဌ၏ အတည်ပြုချက် ရယူပြီး ဝန်ကြီးက အဆိုပြုသည့် တရားသူကြီးများအား သဘာပတိနှင့် ဒုတိယ ဥက္ကဋ္ဌများအား ခန့်အပ်ခြင်း၊
(ဂ) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တရားသူကြီးများသည် အခွန်အကောက်အငြင်းပွားမှု နယ်ပယ်တွင် တရားစီရင်ရေးတာဝန်ကို ထမ်းဆောင်နေသော အရာရှိများဖြစ်ခြင်း၊
အခွန်တရားရုံးသည် အခွန်ဥပဒေနှင့် အခွန်ကောက်ခံခြင်းဆိုင်ရာ နယ်ပယ်တွင် အတွေ့အကြုံ ၁၀ နှစ်ရှိပြီး ကျွမ်းကျင်သော တရားသူကြီးများဖြင့် ဖွဲ့စည်းထားပါသည်။
အခွန်ခုံရုံးဥပဒေပုဒ်မ ၃၁ အရ အခွန်စည်းကြပ်မှုဆိုင်ရာ အယူခံဝင်မှု၊ အခွန်ကောက် ခံမှု လုပ်ဆောင်ချက်များနှင့် အခွန်အာဏာပိုင်များက ပြုလုပ်သော အခြားအခွန်ဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ပတ်သက်သည့် အယူခံဝင်မှုများကို အခွန်တရားရုံးတွင် ကြားနာစီရင်ပိုင် ခွင့်ရှိပါသည်။ အခွန်တရားရုံးသည် အယူခံတင်သွင်းခြင်း၊ ကြားနာစစ်ဆေးခြင်းနှင့် စီရင်ချက် ထုတ်ပြန်ခြင်းအတွက် လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည်။အခွန်ထမ်းပြည်သူများအနေဖြင့် တရားဥပဒေအရ ကိုယ်စားလှယ်၊ အကျိုးဆောင်ရှေ့နေနှင့် သက်သေများနှင့် အငြင်းပွားမှုများကို တရားရုံးရှေ့မှောက်သို့ တင်သွင်းခွင့်ရှိပါသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ပြည်နယ်အခွန်ရုံးမှ ပြုလုပ်သော စည်းကြပ်မှုအပေါ် ကျေနပ်မှုမရှိသော အခွန်ထမ်းတစ်ဦးသည် အောက်ပါအတိုင်း အဆင့်ဆင့် အယူခံတင်သွင်း လျှောက်ထား နိုင်ပါသည်-
(က) အခွန်အထွေထွေညွှန်ကြားမှုဦးစီးဌာန (DGT- Directorate General of Taxes) ထံ ကန့်ကွက်လွှာ တင်သွင်းခြင်း - အခွန်စည်းကြပ်လွှာ လက်ခံရရှိ သည့်နေ့မှ သုံးလအတွင်း အခွန်ထမ်းသည် ကန့်ကွက်လွှာရေးသားပေးပို့ခြင်းဖြင့် အခွန်စည်းကြပ်လွှာကို ကန့်ကွက်နိုင်ပါသည်။
(ခ) အခွန်တရားရုံးသို့ အယူခံလွှာတင်သွင်းခြင်း - DGT သည် ကန့်ကွက်လွှာ တင်သွင်းမှုကို ပယ်ချပါက အခွန်ထမ်းမှ DGT ၏ ဆုံးဖြတ်ချက်ကို အယူခံဝင် လိုပါက ဆုံးဖြတ်ချက်ကို လက်ခံရရှိပြီး နောက်သုံးလအတွင်း အခွန်တရားရုံး သို့ အင်ဒိုနီးရှားဘာသာစကားဖြင့် အယူခံလွှာကို စာဖြင့်ပေးပို့ရမည် ဖြစ်ပါ သည်။
(ဂ) နိုင်ငံတော်တရားလွှတ်တော်ချုပ်ရုံးသို့ ပြန်လည်သုံးသပ်ပေးရန်တင်သွင်းခြင်း - အခွန်တရားရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သော်လည်း အခွန်ထမ်း သည် ဥပဒေကြောင်းအရ ဖြေရှင်းပြီး ဆက်လက်ဆောင်ရွက်နိုင်သည်ဟု ယူဆပါက နိုင်ငံတော်တရားလွှတ်တော်ချုပ်ထံ အသနားခံစာအား ရေးသား ပေးပို့ခြင်း လုပ်ဆောင်နိုင်သည်။ နိုင်ငံတော်တရားလွှတ်တော်ချုပ်သည် ဥပဒေကြောင်းအရ ပြဿနာပါဝင်သည်ဟုလက်ခံမှသာ အမှုအား လက်ခံ ဆောင်ရွက်မည်ဖြစ်ပါသည်။
(ဃ) နိုင်ငံတော်တရားလွှတ်တော်ချုပ်ထံ အခွန်တရားရုံး (ဗဟိုအခွန်တရားရုံးနှင့် ဒေသဆိုင်ရာအခွန် တရားရုံးများ) မှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များအပေါ် အယူခံဝင်ရန် အခွင့်အာဏာရှိသည်။ နိုင်ငံတော်တရားလွှတ်တော်ချုပ်သို့ အယူခံဝင်သည့်အခါ အခွန်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် တင်ပြထားသည့် အထောက်အထားများကို ပြန်လည်သုံးသပ်ပြီး တင်သွင်းလာသောအမှုအတွက် အခွန်တရားရုံး၏ စီရင်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ဆောင်ရွက်နိုင်သည်။ နိုင်ငံတော်တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်သည် စည်းနှောင်မှု ရှိပြီး ထပ်မံအယူခံဝင်ခွင့် မရှိပါ။
အခွန်အယူခံမှုများအတွက် နိုင်ငံတော်တရားလွှတ်တော်ချုပ်၏ စီရင်ချက်သည် အခွန် ဥပဒေများကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် အသုံးချခြင်းတို့ကို လမ်းညွှန်ပြနိုင်သည့် အဓိက တရားစီရင်ထုံးများကို သတ်မှတ်နိုင်ပါသည်။ ထို့ကြောင့် အခွန်တရားရုံး၏ ဆုံးဖြတ်ချက်များကို မကျေနပ်သော အခွန်ထမ်းများအတွက် နောက်ဆုံးအယူခံအာဏာပိုင်အဖြစ် အင်ဒိုနီးရှားနိုင်ငံ၏ တရားလွှတ်တော်ချုပ်သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ နိုင်ငံတော်တရား လွှတ်တော်ချုပ်၏ အခွန်အကောက်အငြင်းပွားမှုများကို ပြန်လည်သုံးသပ်ပြီး စီရင်ဆုံးဖြတ်ခြင်းသည် နိုင်ငံအတွင်း တရားမျှတပြီး ဘက်မလိုက်သော အခွန်အယူခံမှုလုပ်ငန်းစဉ်ကို ကောင်းမွန် စေရန် ထိန်းကျောင်းပေးသည်ကို တွေ့ရှိရပါသည်။
၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ တရားစီရင်ရေးမဏ္ဍိုင်နှင့် စပ်လျဉ်း၍ အနှစ်သာရရှိသည့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ယင်းမှာ အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး (Constitutional Court ) က ဆုံးဖြတ်ချက်အမှတ် No.26/PUU-XXI/2023 ဖြင့် “အခွန်တရားရုံး၏ ဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စများကို လက်ရှိတာဝန်ယူနေသည့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှ နိုင်ငံတော်တရားလွှတ်တော်ချုပ်ရုံးသို့ ၃၁-၁၂-၂၀၂၆ ရက်ထက် နောက်မကျစေဘဲ လွှဲပြောင်း ဆောင်ရွက်ရန်” ချမှတ်လိုက်ခြင်းပင်ဖြစ်ပါသည်။
အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အမှတ် No.26/ PUU- XXI/2023 အရ အောက်ပါအကျိုးရလဒ်များ ရရှိလာမည်ဖြစ်ပါသည်-
(က) အခွန်တရားရုံးသည် နိုင်ငံတော်တရားလွှတ်တော်ချုပ်ရုံးအောက်တွင် တစ်မိုးအောက် တရားစီရင်ရေးစနစ် (One Roof Judicial System) ဖြင့် တည်ရှိ နေမည် ဖြစ်ပါသည်။
(ခ) သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီတွင် အခွန်တရားရုံး၏ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်နိုင်မည့် အခြေအနေရရှိလာမည် ဖြစ်ပါသည်။
(ဂ) အခွန်တရားရုံးအတွက် တရားသူကြီးများ ရွေးချယ်ခန့်အပ်ခြင်း၊ စီမံခန့်ခွဲရေး ဆိုင်ရာနှင့် ဘဏ္ဍာရေးရာများအပါအဝင် ကိစ္စအဝဝကို နိုင်ငံတော်တရား လွှတ်တော်ချုပ်ရုံး၏ ကြီးကြပ်မှုအောက်တွင် လွတ်လပ်စွာဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အင်ဒိုနီးရှားနိုင်ငံ တရားစီရင်ရေးစနစ်ကို တိုးတက်မှုရှိစေမည် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် အခွန်တရားရုံးမှာ လက်ရှိစီမံခန့်ခွဲမှုအာဏာပိုင် အဖွဲ့အစည်းဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီးဌာနအပေါ် မှီခိုနေမှုအခြေအနေကို အဆုံးသတ်သွားမည် ဖြစ်ပါသည်။
(င) ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်သည့် အခွန်အထွေထွေညွှန်ကြားမှုဦးစီးဌာန၏ ဆောင်ရွက်မှု အစီရင်ခံစာဖော်ပြချက်အရ အခွန်ပြဿနာများနှင့် ပတ်သက်၍ အခွန်တရားရုံးသို့ ပထမအကြိမ်တင်ပြလာသည့် အမှုများအနက် အခွန် အထွေထွေညွှန်ကြားမှုဦးစီးဌာနသည် ၇၃.၉၀ ရာခိုင်နှုန်းတိုင်အောင် အနိုင်ရခဲ့ သဖြင့် အခွန်ထမ်းများအနေဖြင့် နောက်တစ်ဆင့်ဖြစ်သည့် တရားစွဲဆိုခြင်း၊ အယူခံဝင်ခြင်းတို့ကို သီးခြားလွတ်လပ် မှုရှိလာမည့် အခွန်တရားရုံးသို့ တင်ပြ နိုင်မည် ဖြစ်ပါသည်။
(စ) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်ဖြင့် အခွန်တရားရုံးသည် လွတ်လပ်မှုအပြည့်အဝဖြင့် အခွန်အမှုများကို စစ်ဆေးနိုင်ပြီး အခွန်ထမ်း ပြည်သူများအတွက် တရားမျှတမှုကို ပိုမိုရှာဖွေနိုင်မည် ဖြစ်ပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူ များအနေဖြင့်လည်း ပိုမိုထိရောက်မှုရှိစေမည့် တရားစီရင်ရေးဆိုင်ရာ စည်းမျဉ်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းနိုင်မည် ဖြစ်ပါသည်။
(ဆ) ထည့်သွင်းစဉ်းစားရမည့်အချက်အနေဖြင့် အဆိုပါဆုံးဖြတ်ချက်အရ အခွန်တရားရုံး၏ ဝန်ထမ်းဖွဲ့စည်းပုံအင်အားသည် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်တွင် မရှိတော့ဘဲ နိုင်ငံတော်တရားလွှတ်တော်ချုပ်ရုံး၏ ကြီးကြပ်မှုအောက်တွင် ရောက်ရှိသွားမည်ဖြစ်ပါသည်။ ထိုအကူးအပြောင်းအခြေအနေတွင် အခွန်တရားရုံး ၏ ဝန်ထမ်း ဖွဲ့စည်းပုံ၊ ဝန်ထမ်းရာထူးအဆင့်အတန်း၊ အခွန်တရားသူကြီးများ၏ လုပ်ငန်းခွင် အခွင့်အလမ်းတို့ကို ထိန်းညှိဆောင်ရွက်ရန် အရေးကြီးလှပေသည်။
အချုပ်အားဖြင့်အင်ဒိုနီးရှားနိုင်ငံသည် ဒီမိုကရေစီစနစ်ကို တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်စွာ ကျင့်သုံးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အခွန်အယူခံစနစ် ပိုမို ကောင်းမွန်လာစေရန်အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရ ပါသည်။ အခွန်အယူခံခြင်း လုပ်ငန်းစဉ်တွင် မလိုအပ်သောစာရွက်စာတမ်းများကို လျှော့ချခြင်း အပါအဝင် အယူခံတင်သွင်းခြင်းလုပ်ငန်းစဉ် ရိုးရှင်းလွယ်ကူစေခြင်း၊ အခွန်အယူခံခြင်း လုပ်ငန်း စဉ်၏ အချိန်ကာလကို လျှော့ချခြင်း၊ ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှု တိုးတက်စေရန် အီလက်ထရောနစ်ဖိုင်တွဲနှင့် အမှုတွဲ စီမံခန့်ခွဲမှုစနစ်များကို အကောင်အထည်ဖော်ခြင်း၊ အခွန် တရားရုံးရှိ ဝန်ထမ်းများနှင့် တရားသူကြီးများအား နည်းပညာဆိုင်ရာအရည်အချင်းနှင့် ဆုံးဖြတ် ချက်ချနိုင်မှု စွမ်းရည်များ တိုးတက်ကောင်းမွန်လာစေရန် စဉ်ဆက်မပြတ် လေ့ကျင့်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အခွန်တရားရုံးကို အုပ်ချုပ်ရေးမဏ္ဍိုင်အောက်မှ တရားရေးမဏ္ဍိုင်အောက်သို့ ကူးပြောင်းရန် ဆောင်ရွက်လျက်ရှိခြင်းတို့ကို လေ့လာတွေ့ရှိရပါသည်။
ကိုးကားချက်များ
၁ The law of tax tribunal of Indonesia
၂ The tax dispute settlement according to justice and court system in Indonesia
၃ The position of the Tax Court in the Indonesian Judicial System After the Decision of the Constitutional Court Number 26/PUU- XXI/ 2023
၄ https://en.mkri.id/news/details/2023-05
၅ https://journal.ypidathu.or.id/index.php/rjl
၆ https://ssek.com/blog/indonesia-tax-court-reform-authority-over-tax-court-moves-from-finance-ministry-to-supreme-court
၇ “အင်ဒိုနီးရှားနိုင်ငံ၏ အခွန်စနစ်နှင့် အခွန်အယူခံစနစ်ကို လေ့လာတင်ပြခြင်း” စာတမ်း၊ ဒေါ်ဝင့်စန္ဒီကျော်(ဦးစီးအရာရှိ)၊ အခွန်အယူခံခုံအဖွဲ့ရုံး၊ နစက-၃