မှိုအဆိပ်သင့်မှုတားဆီးကာကွယ် မှိုငယ်ငယ်နဲ့ဈေးကွက်တွင်း အောင်မြင်ကြမယ်

Posted_Date

Image

မှိုအဆိပ်သင့်မှုတားဆီးကာကွယ် မှိုငယ်ငယ်နဲ့ဈေးကွက်တွင်း အောင်မြင်ကြမယ်

Body

မှိုဟုဆိုလိုက်သည်နှင့် စားသုံး၍သင့်လျော်သောမှို(Mushroom)နှင့် စားသုံးရန်မသင့်သော အဆိပ်ရှိရောဂါဖြစ်စေသောမှို(Fangus)ဟူ၍ ခွဲခြားသိရှိရန်လိုသည်။ စားသုံးရန်မသင့်သော(Fangus) မှိုအမျိုးအစားများမှာ ဥပမာ အစားအသောက်များ အချိန်လွန်၍ ပုပ်သိုးဆွေးမြည့်ရာမှ ပေါက်ပွားလာသော မှိုများကိုဆိုလိုသည်။ မှိုအမျိုးအစားတွင် လူသားတို့  ယနေ့စားသုံးနေသည့်  သဘာဝအလျောက် ပေါက်ရောက်လေ့ရှိသော သဘာဝမှိုနှင့် စနစ်တကျစားသုံးရန် စိုက်ပျိုးထားသည့် ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ငွေမိုးမှို စသည်တို့ဟု အလွယ်မှတ်မိအောင် ဖော်ပြရမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် မျိုးစိတ်ပေါင်းများစွာရှိသည့်အထဲမှ လက်ရှိမြန်မာနိုင်ငံဈေးကွက်ထဲတွင် တွင်တွင်ကျယ်ကျယ်ရောင်းဝယ်ဖောက်ကားလျက်ရှိသော ကောက်ရိုးမှိုစိုက်ပျိုးမှုနှင့် အသုံးဝင်အကျိုးများပုံတို့ကို ဆက်လက် ဖော်ပြပါမည်။

မျိုးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်မှုများ

ယခုအခါ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ သီးနှံဌာနခွဲအောက်မှ မှိုသုတေသန စိုက်ပျိုးရေးခြံများမှ မှိုမျိုးများကို စနစ်တကျမွေးမြူခြင်းသင်တန်း၊ မှိုစိုက်ပျိုးနည်းစနစ်များကို နှစ်စဉ်(သို့) လစဉ် သင်တန်းသားများခေါ်ယူ၍ သင်တန်းပေးမှုများရှိလာကာ နောက်ပိုင်းအချိန်များတွင် မှိုစားသုံး၍ အဆိပ်သင့်ရသည့်ဖြစ်စဉ်များ မရှိသလောက်လျော့နည်းသွားသည်နှင့်အမျှ  အာဟာရပြည့်ဝဘေးကင်း လုံခြုံသောမှိုမျိုးများကို တောင်သူ(သို့) အပြင်စီးပွားရေး လုပ်ငန်းရှင်များကိုယ်တိုင် စိတ်ပါဝင်စားလာပြီး    မျိုးစေ့ထုတ်လုပ်ရောင်းချကာ နေရာအနှံ့အပြား မှိုများကို လက်တစ်ကမ်းဝယ်ယူ စားသုံးလို့ရရှိနေပြီဖြစ်ရာ ဝမ်းသာစရာပင်ဖြစ်သည်။ သို့ရာတွင် တန်ဖိုးရှိသဖြင့် တစ်ပတ်တစ်ကြိမ်မျှ မှိုဟင်းစားသုံးမှုနှုန်းမှာ မရှိသလောက်နည်းနေသေးသည်ဟုဆိုရပေမည်။

 မှိုအဆိပ်သင့်အန္တရာယ်နှင့်အဆိပ်ရှိမှို၏ လက္ခဏာများ

အဆိပ်ရှိမှိုဟုတ်မဟုတ် ခွဲခြားရာ၌ မှို၏အခြေတွင် အခက်ပါရှိနေခြင်း၊ မှိုပွင့်၏ရိုးတံတွင် ခြေကျင်းပုံသဏ္ဌာန်ပါရှိနေခြင်း၊ မှိုထီးရွက်ပေါ်တွင် အကြေးဖတ်များ ပြန့်ကျဲစွာပါရှိနေခြင်း၊  မှိုလက်သည်း၊ မှိုထီးရွက်အောက်ဘက်ရှိ ပါးဟက်များသည်  အဖြူရောင်ဖြစ်နေသောမှို၊ မှိုကွန်ချာ၊ အရောင်အသွေးစုံလင်စွာဖြင့်  လှပစွာပွင့်နေ‌သောမှိုနှင့် အစိမ်းရောင်မျိုးမှုန်များထုတ်လွှင့်တတ်သောမှိုများဟု  ယေဘုယျသတ်မှတ်နိုင်သည်။  ထို့ပြင်  မှိုများကိုချက်ပြုတ်သောအခါ ခရမ်းရောင်ကဲ့သို့သော အရောင်ပြောင်းသွားခြင်းမျိုး ရှိပါကလည်း စားသုံးရန်မသင့်သော မှိုအမျိုးအစားအဖြစ် သိရှိနားလည်ထားရမည်ဖြစ်ကြောင်း  ယခုဆောင်းပါးတွင်  ထပ်မံထည့်သွင်းရေးသားလိုပါသည်။

ဈေးကွက်တွင်အခိုင်အမာ ရပ်တည်လျက်ရှိသောကောက်ရိုးမှို စိုက်ပျိုးသင့်သည့် အချက်များ

ယခုဖော်ပြမည့်မှိုတစ်မျိုးမှာ ဈေးကွက်အတွင်း အခိုင်အမာရရှိထားပြီး  ဝယ်လိုအားမြင့်မား၍  ဈေးကောင်းရရှိနေသော ကောက်ရိုးမှို(Oyster Mushroom)ကို တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်စိုက်ပျိုးစေရန်ရည်ရွယ်၍ ယခုဆောင်းပါးကို အကျယ်တဝင့်ရေးသားဖော်ပြရခြင်းဖြစ်သည်။“စိုက်ပျိုးရေးလုပ်ငန်းမှ အစ မျိုးသမီးများက” ဆိုသည့်အတိုင်း မှိုစိုက်ပျိုးခြင်းကို ကလေးသူငယ်များသာမက အမျိုးသမီးများပါ မကျန်  စိုက်ပျိုး ထုတ်လုပ်၍ရနိုင်သော ပေါ့ပေါ့ပါးပါး “Home Garden” အိမ်တွင်းဥယျာဉ်တစ်ခုသဖွယ် ထည့််သွင်းစိုက်ပျိုးနိုင်သည်။ ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် မိသားစုများအားလပ်ချိန် စိတ်ပျော်ရွှင်လန်းလာစေကာ ဥယျာဉ်ခြံမှတစ်ဆင့်   အပိုဝင်ငွေရရှိစေနိုင်ပြီး  ထမင်းစားစားပွဲတွင်  အာဟာရပြည့်ဝကာ ဘေးကင်းလုံခြုံသော စားသောက်ဖွယ်ရာမှိုဟင်းအမယ်တစ်ခွက်တိုးလာနိုင်ပြီး  စီးပွားဖြစ်လုပ်ကိုင်လာနိုင်ပါက   မိမိမိသားစုသာမက အများအတွက်ပါ  အစာအဆိပ်သင့်မှုမှ   တားဆီးကာကွယ်နိုင်မည်ဖြစ်သည်။

လယ်ယာနှင့် တိရစ္ဆာန်စွန့်ပစ္စည်းများကို မှိုစိုက်ပျိုးရာတွင် အကျိုးရှိစွာပြန်လည် အသုံးချနိုင်ခြင်း

        ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အဓိကလိုအပ်သော ကုန်ကြမ်းများသည် ကောက်ရိုး၊ နွားချေး၊ ဖွဲနု၊ ဗေဒါကုန်ကြမ်းများသာဖြစ်သည့်အတွက် လယ်ယာစွန့်ပစ်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်စွန့်ပစ်ပစ္စည်းများကို (Recycle)အဖြစ် ပြန်လည်အသုံးပြုနိုင်ပြီး  သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကိုလျော့ပါး သက်သာစေရုံမကဘဲ မှိုစိုက်ပျိုးပြီးထွက်ရှိလာသောနွားချေး၊ ကောက်ရိုး၊ ဗေဒါရိုးပြတ်များအား အခြားစိုက်ပျိုးထားသော အပင်များအတွက်ပါ ထပ်မံထည့်သွင်း အသုံးပြုနိုင်သည့်အတွက် ပို၍အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်။  မှိုစိုက်ပျိုးရေးလုပ်ငန်းသည် အချိန်တိုအတွင်း မြေနေရာကျဉ်းကျဉ်းတွင် အရင်းအနှီးအသင့်အတင့်နှင့်   တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည့်အတွက်     ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေးအတွက်  အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။

မှိုတွင်ပါဝင်သောအာဟာရဓာတ်များ

 ကောက်ရိုးမှိုတွင် ပရိုတင်း၊ အန်တီအောက်ဆီးဒင့်(Antioxidants)၊ဗီတာမင် B complex (B1, B2,B3,B6,iron,zinc,potassium)စသည့် သတ္တုဓာတ်များပါဝင်သည်။  ၎င်းအာဟာရဓာတ်များ  အချိုးမျှတစွာ ပါဝင်သည့်အတွက် သွေးတိုးရောဂါ၊ ဦးနှောက်နှင့် အာရုံကြော၊ ကိုယ်အလေးချိန်ထိန်းချုပ်ရေးနှင့် အင်အားနည်းခြင်းနှင့် သံဓာတ်ချို့တဲ့မှုရောဂါများကိုလည်း ကာကွယ်နိုင်သည်ဟု ဆေးပညာသဘောအရ လေ့လာသိရှိခဲ့ရသည်။

မှိုစိုက်ပျိုးရန်သတိထားသင့်သောအချက်များ

 မှိုစိုက်ပျိုးသည့်အခါတွင်   အပူချိန်၊ စိုထိုင်းဆ၊ လေထုဖိအား၊ မြေဆွဲအား စသည့်အချက်များကို သတိထားသင့်သည်။  မိမိစိုက်ပျိုးမည့် ဒေသအနေအထားနှင့် မှိုအမျိုးအစားအပေါ် မူတည်၍  ကြိုက်နှစ်သက်သည့်လွှမ်းမိုးမှုများကို ဖြည့်ဆည်းပေးလျှင်   အောင်မြင်နိုင်သည်။ မိမိနေထိုင်သည့်ဒေသမှိုပေါက်ဈေး တစ်နည်းအားဖြင့် ဈေးကွက်အခြေအနေကိုစောင့်ကြည့်နေရန်လိုအပ်သည်။   မှိုမျိုးတစ်မျိုးနှင့်တစ်မျိုး အရင်းအနှီးကုန်ကျစရိတ်မတူနိုင်သလို ဈေးနှုန်းဈေးကွက်လည်း တူညီနိုင်မည်မဟုတ်သောကြောင့်  မိမိဉာဏ်ရှိသလို စိုက်ပျိုးကြဖို့တိုက်တွန်းချင်သည်။ ယခုဆောင်းပါးတွင် ကောက်ရိုးမှိုစိုက်ပျိုးနည်းများစွာရှိသည့်အနက်မှ စိုက်ပျိုးရန်အလွယ်ကူဆုံးနှင့်   အများကစိုက်ပျိုးရန် လက်ခံထားသည့် စနစ်တစ်ခုတည်းကိုသာ   ဖော်ပြပေးမည်ဖြစ်ပါသည်။

မျိုးရွေးချယ်မှု

မှိုစိုက်ပျိုးရန်အတွက် အသုံးပြုသည့် မျိုးအနေဖြင့် အခြားသီးနှံများကဲ့သို့  ရေမြေဒေသနှင့်ကိုက်ညီသောမျိုးကို ရွေးချယ်ရသကဲ့သို့ မိမိဝယ်ယူမည့် မျိုးထုတ်လုပ်သူများထံမှ မည်သည့်အပူချိန်တွင် မှိုမျိုးမွေးမြူထားရှိမှုအပေါ်တွင်မူတည်၍ မိမိစိုက်ပျိုးမည့် ဒေသအပူချိန်နှင့် ရာသီပုံစံအပေါ်တွက်ဆ၍ မှိုမျိုးရွေးချယ်စိုက်ပျိုးသင့်သည်။

မြေရွေးချယ်မှု

 မြေရွေးချယ်မှုအနေဖြင့်  မှိုသည်  ဆား၊ ဆပ်ပြာပေါက်သောမြေ၊ မြေအစိုဓာတ်များသော ရေစိမ့်နေသောမြေနှင့် စက်ရုံစွန့်ပစ်ရေများ စိမ့်ဝင်နေသောမြေမှအပ ဥယျာဉ်ခြံကဲ့သို့သော အခြားအရိပ်ရပြီး မြေအစိုဓာတ်အနည်းငယ်ရှိသော မြေတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။

အသုံးပြုမည့်ရေ

 မှိုစိုက်ပျိုးရာတွင် အသုံးပြုမည့်ရေသည် PH-6-7 ရှိသောရေကို အသုံးပြုပေးနိုင်လျှင်ပို၍ကောင်းမွန်သည်။ PH စံနှုန်းထက် လျော့လွန်း၊များလွန်းသော ရေအမျိုးအစားကို အသုံးပြုပါက မှိုမျှင်မဆင်းနိုင်ခြင်း၊ မှိုသန္ဓေမခဲနိုင်ခြင်းနှင့် မှိုဥလေးများထွက်ရှိလာပါကလည်း  ရေအရောင်မလှခြင်းများ ဖြစ်နိုင်သည်။ မှိုစိုက်ပျိုးချိန်နှင့် စိုက်ပျိုးပြီး မှိုသန္ဓေဖျက်သည့်ကာလ  ရေလောင်းချိန်တွင်  ရေကိုရေပန်းကရားနှင့် မျှတစွာ ဆွတ်ဖျန်းပေးရန်လိုအပ်သည်။

မြန်မာနိုင်ငံရှိ ကောက်ရိုးမှိုစိုက်ပျိုးလေ့ရှိသည့် နေရာဒေသများ

မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးလေ့ရှိကြသည်။

MSME လုပ်ငန်းများတွင် တန်ဖိုးမြှင့်ထုတ်ကုန် တစ်မျိုးအဖြစ် ပါဝင်လာမှု

စားသောက်ဆိုင်ဟိုတယ်ကြီးများတွင်    မှိုနှင့်ပတ်သက်သည့် ဟင်းလျာများ၏ ဈေးနှုန်းများကိုကြည့်ပါက မှိုစိုက်ပျိုးထုတ်လုပ်ရန် အခွင့်အလမ်း ပို၍ရရှိစေနိုင်သည်။ ယခုအခါ မှိုမှတစ်ဆင့် စားသောက်ကုန်၊ အလှကုန် ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ် လာသည်များလည်းရှိရာ   မြန်မာနိုင်ငံ၏ လက်ရှိတွန်းအားပေးနေသော   MSME   လုပ်ငန်းများတွင် မှိုသီးနှံထုတ်ကုန် တစ်မျိုးမှာလည်း နေရာရရှိလာပြီဖြစ်ရာ မှိုစိုက်ပျိုးခြင်းသည်    အာဟာရပြည့်ဝသော   မှိုအစားအစာတစ်မျိုး ထုတ်လုပ်လာနိုင်ရုံမျှမက   တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ကာ အသေးစား၊ အလတ်စားစီးပွားရေးသို့ တက်လှမ်းလာနိုင်နေပြီလည်းဖြစ်သည်။ 

ကောက်ရိုးမှိုသည် အပူချိန် ၂၅-၃၀ ဒီဂရီစင်တီဂရိတ်အတွင်းရှိသော အပူချိန်ရရှိသောဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အတွက် အပူကြိုက်မှိုဟု ယေဘုယျသတ်မှတ်နိုင်သည်။

ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အပူချိန်အမျိုးမျိုးအဆင့်ဆင့်ထိန်းသိမ်းပေးရလေ့ရှိသည်။ ကောက်ရိုးမှိုကို  အများဆုံးစိုက်ပျိုးလေ့ရှိကြသော ကျင်းစနစ်ဖြင့်စိုက်ပျိုးနည်းကို  ဖော်ပြရမည်ဆိုပါက  လိုအပ်သောကုန်ကြမ်းနှင့်   အရင်းအနှီးများမှာ  မှိုမျိုးထုပ်၊ မှိုအစာအာဟာရအဖြစ် ဖွဲနု၊ စက္ကူဂျပ်များ၊ အပူချိန်အတွက် နွားချေး(သို့) ကြက်ချေး၊ အမိုးအုပ်ရန်   ပလတ်စတစ်စတို့   လိုအပ်မည်ဖြစ်သည်။ သတိပြုရှောင်ရှားရမည့် အချက်အနေနှင့် မိမိတို့စိုက်ပျိုးမည့် မြေသည် ဆား၊  ဆပ်ပြာပေါက်နေသောမြေ (သို့)စက်ရုံစွန့်ပစ်ရေဆိုး မိလ္လာစိမ့်နေသော မြေမဖြစ်စေရန် ရွေးချယ်စိုက်ပျိုးရမည်ဖြစ်သည်။

ကောက်ရိုးမှိုတစ်နိုင်တစ်ပိုင်စိုက်နည်းစနစ်များ

၁။      ကျင်းပုံစံဖြင့်စိုက်ပျိုးခြင်း

၂။       ခြင်းတောင်းများဖြင့်စိုက်ပျိုးခြင်း

၃။      ကောက်ရိုးထုံးများအသုံးပြု၍စိုက်ပျိုးနည်း

၄။      စက်မှုအသွင်စိုက်ရုံများဖြင့် ဗေဒါကုန်ကြမ်းသုံးစိုက်ပျိုးနည်း ဟူ၍ နည်းစနစ်အမျိုးမျိုးရှိသည်။

ကောက်ရိုးမှိုကို စိုက်ပျိုးမည်ဆိုပါက တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ် စိုက်ပျိုးခြင်းအပေါ်မူတည်၍ ချဲ့ကားလျှင်ချဲ့ကားသလောက် တွင်ကျယ်နိုင်သည်။ မိမိကတစ်နိုင်တစ်ပိုင် စိုက်ပျိုးမည့်သူဖြစ်ပါက အနည်းငယ်မှ စ၍စိုက်ပျိုးသင့်သည်။ ကောက်ရိုးမှိုစိုက်ရာတွင် စိုက်နည်းစနစ်အမျိုးမျိုး ရှိရာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများအဖို့ အောက်ပါနည်းလမ်းများနှင့် အစပျိုးစိုက်ပျိုးခြင်းက ပိုကောင်းနိုင်သည်။

မှိုစိုက်ပျိုးနည်းစနစ်နှင့် ပြုစုမှုပုံစံ

မှိုစိုက်မည့်နေရာသည် ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း အရိပ်ရသောသစ်ပင်ကြီးများ အောက်တွင် စိုက်ပျိုးပါက ပိုကောင်းသည်။  ယခင်အဆက်ဆက်မှို စိုက်ပျိုးခဲ့သောနေရာများမှ ပိုးမွှားရောဂါများ ကာကွယ်နိုင်ရန်အတွက် စိုက်မည့်နေရာအား ကောက်ရိုးမီးရှို့ပေးခြင်းနှင့် မစိုက်ပျိုးမီ စိုက်ကျင်းအတွင်း ထုံး(သို့) ပုရွက်ဆိတ်ဆေးအနည်းငယ်ဖြူးပေးပါ။

မစိုက်ပျိုးမီ ဂျပ်စက္ကူ   ၅  ပိဿာကို  အလျား ၉ ပေ၊ အနံ ၃ ပေနှင့်  အနက် ၆ လက်မရှိသော စတုဂံပုံစံအကျယ်အဝန်းအတွက် လက်တစ်ဝါးစာအရွယ်ဆုတ်ဖြဲထားပြီး ရေစိမ်ပေးထားရမည်။ ၎င်းအကျယ်အဝန်းအတွက် မှိုမျိုး မိမိဝယ်ယူသည့်နေရာမှ အသုံးပြုရန် ညွှန်ကြားထားသည့်အတိုင်းငါးထုပ် (သို့) ခုနစ်ထုပ်  စသည်ကို   ဖွဲနုငါးဘူးနှင့် ရောမွှေထားပေးပါ။ အပူချိန်ဖန်တီးပေးရန် အဓိကလိုအပ်သော ကုန်ကြမ်းပစ္စည်းဖြစ်သည့် နွားချေး ၉ တင်းကို ပလတ်စတစ် တုတ်ချောင်းအပိုင်းအစ(သို့) မလိုလားအပ်သည့် အမှိုက်များပါမလာစေရန် ဆန်ခါချထားပေးရမည်။ ၎င်းဆန်ခါချထားသော မစိုမခြောက်နွားချေးများကို ကျင်းအတွင်းဖြန့်ခင်းပေးပါ။  ဤတွင်  နွားချေးများကို အကုန်သုံးလိုက်ခြင်းမျိုးမဟုတ်ဘဲ  အပေါ်အုပ်ရန်အတွက်  အနည်းငယ်ချန်ပေးထားရမည်။ နွေတွင်စိုက်ပျိုးပါက လိုအပ်သည့်အပူချိန်ကိုထိန်းချုပ်ရန် လွယ်ကူသည့်အတွက် လျှော့၍ထည့်သွင်းတာမျိုးနှင့် ဆောင်းရာသီတွင်စိုက်ပျိုးမည် ဆိုပါက  နွားချေးထက်အပူချိန်များသော ကြက်ချေးကို အသုံးပြုပေးနိုင်လျှင်လည်း ပိုကောင်းသည်။ ထို့နောက် ရေပန်းကရားဖြင့် ဖြည်းဖြည်းမှန်မှန်      စိုက်ကျင်းစိုသွားသည်အထိ ရေဖျန်းပေးရမည်။ နွားချေးများဖြန့်ခင်းပြီးပါက ရေစိမ်ထားသော ဂျပ်စက္ကူပျော့ဖတ်များကို ရေမှဆယ်ယူရေညှစ်၍ နေရာလပ်မရှိ ဖြန့်ခင်းပေးပါ။   စက္ကူဖြန့်ထားပြီးပါက ဖွဲနုနှင့်ရောနယ်ထားသော မှိုမျိုးများကိုပါးပါးနှင့်ညီညီ  ဖြန့်ခင်းပေးရမည်။ ထို့နောက်  နွားချေးအနည်းငယ်ကို မှိုမျိုးလုံအောင်ဖုံးထားပေးပြီး ရေပန်းကရားဖြင့် မှိုမျိုးများမျောမပါသွားစေရန် ဖြည်းဖြည်းချင်းရေလောင်းပေးရမည်။ ထို့နောက် ပလတ်စတစ်အဖြူစကို မှိုစိုက်ကျင်းတွင် အမြင့် ၁ ပေခွဲ အမိုးကိုင်းလုပ်၍ အုပ်မိုးပေးထားပြီး လေလုံအောင် စီမံပေးထားရမည်။ ကောက်ရိုးမှိုသည် အလင်းရောင်မကြိုက်နှစ်သက်သည့် မှိုအမျိုးအစားဖြစ်သည့်အတွက် အမိုးအုပ်ပြီးပါက အလင်းထိုးဖောက်မှုမရှိစေရန် ကောက်ရိုး၊ သက်ငယ်၊ ဓနိ၊ ဂျပ်ဖာများဖြင့် ဖြန့်မိုးပေးနိုင်လျှင်ပိုကောင်းသည်။ ထို့ကြောင့် ကောက်ရိုးမှိုစိုက်ပျိုးရန်မြေနေရာရွေးချယ်ရာတွင် အပင်ကြီးများအောက်  အရိပ်ရသောမြေနေရာတွင် ရွေးချယ်နိုင်ပါက ပိုကောင်းသည်။ မှိုစိုက်ပျိုးပြီး လေးရက်အတွင်း အမိုးကိုင်းပေါ်မှ ဂျပ်စက္ကူအုပ်၍အမှောင်ချထားပေးရမည်ဖြစ်သည်။

ထို့နောက်ပိုင်းတွင် မှိုပုံကို တစ်နေ့လျှင် နှစ်ကြိမ် ပလတ်စတစ်စကို လှပ်ပေးပါ။ တစ်ရက်ခြားတစ်ခါ မှိုပုံကိုချွေးလှပ်ပေးရမည်ဖြစ်ရာ မှိုပုံအားပြန်အုပ်သည့်အခါ မှိုအစေ့လေးများပေါ်သို့ ချွေးကျရောက်ပြီး မျိုးသန္ဓေပျက်စီးသွားနိုင်သဖြင့် ဆန့်ကျင်ဖက် ထက်အောက်လှန် အုပ်မိုးပေးရမည်။ အစိုဓာတ်လျော့နည်းနေပါက ရေဖျန်းပေးပါ။ ခြောက်ရက်မြောက်နေ့တွင် မှိုမျှင်များပွား လာမည်ဖြစ်ပြီး မှိုပုံကိုရေဖျန်း ပေးရမည်ဖြစ်သည်။

မှိုမျှင်ဖြတ်သည်ဟုလည်းခေါ်သည်။ နောက်ပိုင်းတွင် မှိုမျှင်ဖြတ်ပြီး မှိုမျှင်များ   ခဏပျောက်သွားပြီးမှ  မှိုဆန်ကွဲစေ့(မှိုသန္ဓေစေ့လေး)များစတင်ထွက်ရှိလာပြီး စတင်စိုက်ပျိုးသည့် ရက်မှ ၁၄ ရက်အတွင်း မှိုစတင်ခူးဆွတ်  နိုင်မည်ဖြစ်သည်။

မှိုခူးဆွတ်နည်းပုံစံ

ကောက်ရိုးမှိုကို ကြက်ဥလုံးအရွယ် အနေအထားလောက်တွင် စတင်ခူးဆွတ်နိုင်မည်ဖြစ်သည်။  မှိုဥများသည် အစုလိုက်ပေါက်ရောက်သည် များလည်းရှိရာ   မိမိပထမဆုံးစံထားမည့်ဥ မပွင့်ခင်အထိ ဘေးမှိုများမှိုလုံး ကြီးလာသည်ထိစောင့်၍  အစုလိုက်အပြုံလိုက် ခူးဆွတ်ပေးရန် လိုအပ်သည်။   မှိုခူးရာတွင်လည်း ချွန်ထားသောဓားနှင့် လှီးဖြတ်ယူနိုင်သလို   လက်ဖြင့်နုတ်ယူနိုင်တာမျိုးလည်းရှိသည်။ ဓားနှင့်ခူးဆွတ်ရာတွင် သတိထားရမည့် အချက်မှာ အသားစကျန်ခဲ့နိုင်သည်မျိုး ရှိနိုင်သဖြင့် မှိုခူးပြီးနောက်ပိုင်း အချိန်များတွင် တစ်ရက်ခြားတစ်ခါ ချွေးလှပ်ရာတွင် ချွေးစများ မှိုပေါ်တွင် ကျရောက်ပြီး ပျော့ပုပ်နိုင်သဖြင့် သတိထားခူးဆွတ်ရန် အထူးလိုအပ်သည်။

မှိုတစ်ကျင်းတွင် မိမိအသုံးပြုသော မျိုးထုပ်အပေါ်မူတည်၍ ရရှိနိုင်ပြီး သက်တမ်းတစ်လခန့်ထိ   ခူးဆွတ်နိုင်မည်ဖြစ်ရာ လက်ရှိပေါက်ဈေး အနေဖြင့် မှိုစိုက်ပျိုးသူများအတွက် ဝင်ငွေတိုးအဆင်ပြေလျက်ရှိသည်။ အထွက်နှုန်းအနေဖြင့် အသုံးပြုသည့်ကုန်ကြမ်းနှင့် ပြုစုမှုအပေါ်မူတည်၍  ထွက်ရှိနိုင်မည်ဖြစ်သည်။

အချိန်တိုအတွင်း အရင်းအနှီးနည်းနည်းနှင့် မိသားစုဝင်ငွေရရှိရုံမျှမက ဈေးကွက်ထဲတွင် ဈေးအမြင့်ဆုံးရရှိနေသော ကောက်ရိုးမှိုဥငယ်များအား စိုက်ပျိုး အကောင်အထည်ဖော်ကြပြီး ဈေးကွက်သို့တင်ပို့ ရောင်းချခြင်းဖြင့်   အသေးစားစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့်   မှိုစိုက်ပျိုးခြင်း လုပ်ငန်းအောင်မြင်နိုင်ပါစေကြောင်း ဤဆောင်းပါးဖြင့် ဆန္ဒပြုရေးသား ဖော်ပြလိုက်ရပါသည်။   ။    

MWD Web Portal