မြန်မာ့အခြေခံစီးပွားရေးကြိမ်ထည်ထုတ်ကုန်

Posted_Date

Image

မြန်မာ့အခြေခံစီးပွားရေးကြိမ်ထည်ထုတ်ကုန်

Body

ကြိမ်ပင်သည် မြန်မာမှုနယ်ပယ်တွင်အသုံးဝင်သော အပင်တစ်မျိုးဖြစ်သည်။ ကြိမ်သည် သစ်တောထွက်ပစ္စည်းတစ်မျိုးလည်းဖြစ်သည်။ ကမ္ဘာပေါ်တွင် သစ်တောဖုံးလွှမ်းမှုအများဆုံးစာရင်းတွင်  မြန်မာနိုင်ငံပါဝင်ခဲ့သည်။ အာရှဖွံ့ဖြိုးရေးဘဏ်မှ လေ့လာချက်အရ အာရှတိုက်နိုင်ငံများကို သစ်တောဖုံးလွှမ်းမှု အတန်းအစား သုံးမျိုးခွဲထားရာ မြန်မာနိုင်ငံ၊ ပါပူဝါနယူးဂီနီနိုင်ငံ၊လာအို၊ မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံတို့ကို ပထမတန်းစားသစ်တောကြွယ်ဝသောနိုင်ငံအဖြစ် သတ်မှတ်ထားသည်။   မြန်မာ့ကြိမ်ကိုလည်း အဆိုပါသစ်တောထွက်စာရင်းတွင်ထည့်သွင်းထားသည်။

ကြိမ်အခေါ်အဝေါ်နှင့်ပုံသဏ္ဌာန်

ကြိမ်ဟူသောစကားသည်   မြန်မာစကားဖြစ်သလို မြန်မာ့ဝေါဟာရလည်းဖြစ်သည်။ ကြိမ်ပင်ကို ရုက္ခဗေဒအမည်အားဖြင့် Chlamus ဖြစ်သည်။  အဆိုပါရုက္ခဗေဒအမည်သည် ရှေးဟောင်း အီဂျစ် စကားလုံးဖြစ်ပြီး စာရေးကိရိယာအဖြစ်အသုံးပြုနိုင်သောကျူရိုးဟု အဓိပ္ပာယ်ရှိ ကြောင်းသိရသည်။ အင်္ဂလိပ်အမည်မှာCane ဟုလည်းကောင်း၊   Rattan ဟုလည်းကောင်းခေါ်ကြပြီး ကြိမ်အလုံးကြီးများကို Cane ဟုခေါ်ကာ   ကြိမ်အလုံးငယ်များကို   Rattan ဟု ခေါ်ကြောင်းမှတ်သားရသည်။ ကြိမ်ပင်သည် ပင်စည်သေးသွယ်သော၊ အဆစ်ပါသော၊ အဆစ်တွင် အရွက်ထွက်၍  အပင်၏အဖျားပိုင်းတွင် အရွက်စုပုံပေါက်သော အပင်မျိုးဖြစ်သည်။ ကြိမ်ပင်သည် Palm (ပမ်း)မျိုးတွင်ပါဝင်သည်။ Palm (ပမ်း)မျိုးနွယ်ဆိုသည်မှာ  အထက်မှာဖော်ပြခဲ့သလို ပင်စည်သေးသွယ်သော၊ အဆစ်ပါသော၊ အဆစ် တွင်အရွက်ထွက်သော၊ အပင်အဖျားပိုင်းတွင် အရွက်စုပုံထွက်သော မျိုးနွယ်ဖြစ်သည်။

ဥပမာ-ကြိမ်ပင်၊ အုန်းပင်၊ ထန်းပင်၊ဝါးပင်၊သင်ပေါင်းကမ္ဘာပေါ်မှာ Palm(ပမ်း)ခေါ်သော အပင်အုပ်စုဝင် ပေါင်း ၁၂၀၀ ခန့်ရှိကြောင်းသိရသည်။ ကြိမ်ပင်သည် ဆူးနှင့်အဆစ်ပါသော နွယ်ပင်ယောင်ယောင်ပင် ယောင်တစ်မျိုးဖြစ်သည်။ ကြိမ်ပင်၏မူရင်းဒေသသည် အာရှတိုက်ဖြစ်သည်။ အရွယ်အစားမှာ အများ အားဖြင့် လက်သန်းလုံး၊လက်မလုံးခန့်ရှိတတ်သည်။ နွယ်ပင်မျိုးဖြစ်၍ ရှည်လျားသည်။

ပေါက်ရောက်ရာဒေသနှင့်  အသုံးများသောကြိမ်

ကမ္ဘာ့စားနပ်ရိက္ခာနှင့်   စိုက်ပျိုးရေးအဖွဲ့(FAO)၏ ၁၉၉၈ ခုနှစ်အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် ကြိမ်မျိုး ရင်းကိုးမျိုးရှိသည်။ မြန်မာနိုင်ငံ၏တော၊ တောင်၊ ရေ၊ မြေသဘာဝအရ ကြိမ်ဖြစ်ထွန်းသောနိုင်ငံ ဖြစ်သည်။ ကြိမ်သည် မြန်မာနိုင်ငံ၏ဒေသအလိုက်ပေါက်ရောက်သော ကြိမ်အမျိုးအစားမတူပေ။

ကြိမ်နီ၊ ရေကြိမ်၊  ရမထာကြိမ်၊ တောင်ကြိမ်၊ နွားရိုက်ကြိမ်နှင့်ကြက်ဥကြိမ်တို့မှာ ချင်းတွင်းမြစ်ဝှမ်း ဒေသ၌ပေါက်ရောက်သည်။ မေခနှင့်မလိခမြစ်ဝှမ်းဒေသမှာမူ ရေကြိမ်၊ ရမထာကြိမ်၊ ကြိမ်ခါး၊ ကပေါင်းကြိမ်၊  မျောက်ချေးကြိမ်၊ တောင်ကြိမ်နှင့်ရေကြိမ်တို့ပေါက်ရောက်သည်။ သိုင်းကြိမ်၊ ဝါးအူကြိမ်၊ ကြိမ်ဖန်၊ကြိမ်နီ၊ တောင်ကြိမ်၊ ရမထာကြိမ်၊ကပေါင်းကြိမ်၊ တုတ်ကြိမ်၊ ကြိမ်ခါးတို့သည် ပဲခူးတိုင်းဒေသကြီး၌ ပေါက်ရောက်ကြသည်။  ရခိုင်ရိုးမဒေသဘက်မှာမူ ကြက်ဥကြိမ်၊ ကြိမ်ခါး၊ ရေကြိမ်၊ ကြိမ်နီ၊ကြိမ်ဖြူကလေး၊ ကြိမ်ပုတ်နှင့် ကပေါင်း ကြိမ်တို့ပေါက်ရောက်ကြသည်။ ကြိမ်ခါး၊ ရေကြိမ်နှင့်ကြိမ်ဖန်အများစုမှာ ရှမ်းကုန်းမြင့်ဒေသဘက်တွင် ပေါက်ရောက်ကြသည်။ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွင် ရမထာကြိမ်၊  ကပေါင်းကြိမ်၊ ရေကြိမ်၊ကြိမ်ခါးနှင့်ကြိမ်နီတို့ပေါက်ရောက်ကြသည်။ ဒေါနတောင်တန်းဒေသဘက်မှာမူ နံ့သာကြိမ်၊ ကြိမ်ပုတ်ကြီး၊ ကြိမ်ပုတ်ငယ်၊ကြိမ်တက်၊ ကြိမ်မဲ၊ ကပေါင်းကြိမ်၊ ရမထာ ကြိမ်၊ တောင်ကြိမ်၊ ဥတစ်လုံးကြိမ်၊ စတန်းကြိမ်၊  တောင်သွန်းကြိမ်၊ မြစိမ်းကြိမ်၊ စန်းသော်တာကြိမ်၊ ရေကြိမ်၊ ကလာကြိမ်စသည်တို့ပေါက်ရောက်ကြသည်။ ဖော်ပြပါဒေသများအနက်  ဒေါနတောင်တန်းဒေသ၌   ကြိမ်အများဆုံးပေါက်ရောက်သည်။ အဆိုပါကြိမ်များအနက် ရေကြိမ်၊ကြိမ်နီ၊    ကြိမ်ဝါ၊  မြစိမ်းကြိမ်တို့သည်အများဆုံးခုတ်ယူရရှိနိုင်သော ကြိမ်များဖြစ်သည်။   မြန်မာနိုင်ငံတွင် အသုံး များသောကြိမ်အမျိုးအစားများမှာ သိုင်းကြိမ်၊ရေကြိမ်၊ ကြိမ်နီ၊ ကြိမ်ဖြူကလေး၊ ရမထာ ကြိမ်၊ကပေါင်းကြိမ်ခေါ်သာပေါင်းကြိမ်၊ကြိမ်ပုတ်၊ ကြိမ်ခါး၊ ဝါးပိုးကြိမ်၊ ကြိမ်ဖန်၊ ကြက်ဥကြိမ် တို့ဖြစ်သည်။

ကမ္ဘာ့ကြိမ်ထုတ်ကုန်သမိုင်း

ကြိမ်ပင်သည်သဘာဝပေါက်ပင်တစ်မျိုးဖြစ်သည်။ ခရစ်တော်မပေါ်မီနှစ်ပေါင်းတစ်ရာကျော်ကတည်းက ကြိမ်၏အသုံးဝင်ပုံနှင့်အစွမ်းသတ္တိကို သိရှိပြီး လူသုံးကုန်ပစ္စည်း အဖြစ်တရုတ်နှင့်အိန္ဒိယက စတင်အသုံးပြုလာကြသည်။ ထို့နောက်အဆိုပါကြိမ်ထုတ်ကုန်၊ ကြိမ်ပရိဘောဂများကို ကမ္ဘာ့အနောက်ခြမ်းဒေသသို့ အိန္ဒိယကုမ္ပဏီမှစတင်ရောင်းချခဲ့ရာမှ လူကြိုက်များပြီးကမ္ဘာအနှံ့ပျံ့သွားခဲ့သည်။ ၁၈ ရာစုအရောက်မှာ အမေရိကန်၊ပြင်သစ်၊ စပိန်အထိတင်ပို့ ရောင်းချနိုင်ခဲ့သည်။ ကြိမ်နှင့်ကြိမ်ထည်ပရိဘောဂများအရောင်းသွက်ခဲ့သဖြင့်   ကြိမ်စျေးကွက်ဖြစ်လာခဲ့သည်။   ကြိမ်ထုတ်လုပ်မှုနှင့်ကြိမ်ထည်ပရိဘောဂသည်   ထိုအချိန်ကတည်းက ကမ္ဘာ့စျေးကွက်ဝင် ပစ္စည်းဖြစ်ခဲ့သည်။

ထိုမှတစ်ဆင့် ကမ္ဘာအရပ်ရပ်သို့ ကြိမ်ထုတ်ကုန် သို့မဟုတ်  ကြိမ်ထည်ပစ္စည်းများပျံ့နှံ့ခဲ့ဟန်တူသည်။ မြန်မာနိုင်ငံမှာလည်း ယခုအချိန်အထိကြိမ်ထည်ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိသည်။

မြန်မာ့အခြေခံစီးပွားရေး ကြိမ်ထုတ်ကုန်များ

မြန်မာလူမျိုးတို့သည် ရှေးကတည်းကလက်မှုပညာရပ်များကို လက်ဆင့်ကမ်းတတ်မြောက်လာခဲ့ကြသည်။ထိုလက်မှုပညာရပ်များ၌ ဝါးဖြင့်ပြုလုပ်သောလက်မှုပညာ၊ အုန်းလက်ဖြင့်ပြုလုပ်သော လက်မှုပညာ၊ သံ၊ ကြေးတို့ဖြင့်ပြုလုပ်သော လက်မှုပညာ၊ အုတ်အင်္ဂတေ၊ သစ်သားတို့ဖြင့်ပြုလုပ်သော လက်မှုပညာနှင့် ယခုကြိမ်ဖြင့်ပြုလုပ်သောလက်မှုပညာတို့ဖြစ်သည်။ ကြိမ်ကိုအခြေခံ၍ တစ်နိုင်တစ်ပိုင် စီးပွားရေးမှအခြေခံစီးပွားရေးအဖြစ်လည်းလုပ်ကိုင်ကြသည်။  ကြိမ်လက်မှုပညာများအနက်  မြန်မာ့ကြိမ်ခြင်းလုံး လုပ်ငန်းသည် ထင်ရှားသောအခြေခံစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သလို ထင်ရှား သောရိုးရာယဉ်ကျေးမှုလက်မှုပညာရပ်တစ်ခုလည်းဖြစ်သည်။ ခြင်းလုံးကို ကြိမ်ဖြင့်ရက်လုပ်ကြရသည်။ မြန်မာနိုင်ငံ၌ခြင်းလုံးရက်လုပ်ခြင်းသည် ကြိမ်ထုတ်ကုန်လက်မှု လုပ်ငန်းတစ်ခုဖြစ်သည်။ ထို့ပြင် ကြိမ်ဝါးတို့ဖြင့်လည်း   တင်းတောင်းရက်လုပ်ကြသည်။    ရှေးကစပါးခြင်တွယ်ရာတွင် တင်းတောင်း ကိုသာ အသုံးပြုကြရသည်။ထို့ကြောင့်   တင်းတောင်းလုပ်ငန်းသည်အခြေခံစီးပွားရေးတစ်ခုဖြစ်ခဲ့သည်။

စာရေးသူတို့ငယ်စဉ်က ဘေးအိမ်ကအဘိုးတစ်ဦးဆိုလျှင် တင်းတောင်း၊ ဆန်ကော၊ဆန်ခါများ ရက်လုပ်ကာ  ရောင်းချ၍အသက်မွေးသည်ကိုတွေ့ဖူးသည်။ အဆိုပါပစ္စည်းများရက်လုပ်ရာ၌ ဝါးနှင့်ကြိမ် ကို အသုံးပြုရက်လုပ်ရသည်။  မြန်မာတိုင်းရင်းသားများအနေဖြင့်လည်း ကြိမ်ဖြင့်ပြုလုပ်သောပစ္စည်း များကို အသုံးပြုကြသည်။ ခန္ဓီရှမ်းတိုင်းရင်းသားတို့ လက်သုံးဓားအိမ်ကိုသစ်သားဖြင့်ပြုလုပ်ပြီး ခါးပတ် ကိုကြိမ်ဖြင့်ပြုလုပ်ကြသည်။ နာဂတိုင်းရင်းသားတို့ဆိုလျှင် ကြိမ်ဖြင့်စားပွဲအမျိုးမျိုးကို ထုတ်လုပ်ကြသည်။ လက်ဖက်ရည်ကြမ်းစားပွဲ၊ ထမင်းစားပွဲစသည်တို့ကိုထုတ်လုပ်ကြသည်။ ထို့ပြင် နာဂတိုင်းရင်းသားတို့အမြတ်တနိုးအသုံးပြုသောပစ္စည်းတစ်မျိုးလည်းရှိသည်။ ထိုပစ္စည်းကား  ကြိမ်ဖြင့်ပြုလုပ်သော ကြိမ်ဖျာပင်ဖြစ်သည်။ ကြိမ်ဖျာသည်အေးသည်ဟုသိရသည်။ တစ်ခါတစ်ခါ  စာရေးသူတို့ဒေသဘက်သို့ အဆိုပါကြိမ်ဖျာများလိုက်လံရောင်းချကြသည်ကိုတွေ့ရသည်။ ချင်းတိုင်းရင်းသားတို့လည်း  ကြိမ်ဖျာရက် လုပ်ကြသည်။ ထို့ပြင် နောင်မွန်း၊ ပန်နန်းဒင် ဒေသတို့တွင်ကြိမ်ထည်လုပ်ငန်းများကို အိမ်တွင်းမှုလုပ်ငန်း အဖြစ်လုပ်ကိုင်ကြသည်။ ကြိမ်သေတ္တာများ၊ တောင်းများ၊ ပလိုင်းများစသည်ဖြင့်ရက်လုပ်ကြသည်။ ရဝမ် လူမျိုးတို့သည်လည်း ကြိမ်ထည်လုပ်ငန်းကိုလုပ်ကိုင်ကြသည်။ ရဝမ်လူမျိုးတို့၏ကြိမ်ထည်ထုတ်ကုန်    ပစ္စည်းများကို တရုတ်လူမျိုးတို့နှစ်သက်ကြောင်း သိရသည်။ ထို့ပြင် နောင်မွန်း၊ ပန်နန်းဒင် ဒေသထွက် ကြိမ်ထုတ်ကုန်များကို ပူတာအိုမြို့သို့တင်ပို့ရောင်းချကြသည်။ အဆိုပါကြိမ်ထည်ပစ္စည်းများကို ကမ္ဘာလှည့်ခရီးသည်များက အမှတ်တရဝယ်ယူလေ့ရှိကြသည်။ဤကား မြန်မာ့ကြိမ်ထုတ်ကုန်ကို ကမ္ဘာသိနိုင် သောအဓိကအချက်တစ်ခုဖြစ်သည်။

စာရေးသူတို့ဒေသဘက်မှာလည်းကြိမ်ဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကိုပြုလုပ်ရောင်းချကြသည်။ ကြိမ်ဖြင့်ပြုလုပ်သော စာအုပ်စင်များ၊ ကြိမ်ကုလားထိုင်များ၊ ကြိမ်ဖြင့်ပြုလုပ်ထားသောလူစီး ဒန်းပုခက်များ၊ ကြိမ်ခေါင်းအုံးများစသည်တို့ဖြစ်သည်။ ထို့ပြင် ကျား၊ မဆောင်းကြိမ်ခမောက်များ၊ ကြိမ်ဗန်း အမျိုးမျိုး၊ ကြိမ်ထိုင်ခုံအမျိုးမျိုး၊ ကြိမ်ဗန်းပန်းပွင့်၊လေးထောင့်ပုံကြိမ်ဗန်းများ၊  ဘဲဥပုံကြိမ်ဗန်းများ၊ ကြိမ်ဖြင့်ပြုလုပ်သည့်  သစ်သီးထည့်ရန်ကြိမ်ကလပ်များ စသည်တို့ဖြစ်သည်။  ထို့ပြင် ကြိမ်ဖြင့်ပြုလုပ်ထားသော အဆင့်သုံးဆင့်ပါ လေးထောင့်၊ အဝိုင်းပုံပန်းကန်စင်များ၊  ကြိမ်ကုလားထိုင်များ ၊ကြိမ်ဖြင့် ပြုလုပ်ထားသော   အိပ်စင်နှင့်ကြိမ်ဆွဲခြင်းအမျိုးမျိုး စသည်တို့လည်းရှိသည်။တချို့ဧည့်ခန်းများဆိုလျှင် ကြိမ်ဆက်တီခုံအစုံချထားသည်ကိုလည်း တွေ့ရသည်။ တချို့ကြိမ်အနားကွပ်ထားသည့် မှန်တင်ခုံမျိုးနှင့်အလှပန်းခြောက်ထိုးသည့် ကြိမ်ပန်းအိုးများလည်းရှိသည်။

မြန်မာနိုင်ငံမှာ ကြိမ်ဖြင့်ပြုလုပ်သောပရိဘောဂဆိုင်များရှိသည်။ ထိုကဲ့သို့ရှိနေခြင်းက မြန်မာ့ကြိမ်ကို အခြေခံသောကြိမ် ထုတ်ကုန်များကိုထုတ်လုပ်လျက်ရှိကြောင်း ထင်ရှားသလို မြန်မာ့ကြိမ်ထည်ကို လူသုံးများကြောင်းလည်း ထင်ရှားသည်။ ထို့ပြင် မြန်မာ့ကြိမ်ထည်သည်  စျေးကွက်ဝင်သည်။ အဆိုပါ ကြိမ်ပရိဘောဂလုပ်ငန်းလုပ်ကိုင်သူများသည် မြန်မာ့ကြိမ်ကိုအခြေခံစီးပွားရေးအဖြစ်လုပ်ကိုင်နေကြသူများဖြစ်သည်။ မြန်မာ့လက်မှုကြိမ်ထည်အမျိုးမျိုးရှိသည်။ကြိမ်ထည်စာအုပ်စင်ဆိုလည်း   ပုံသဏ္ဌာန် အမျိုးမျိုးရှိသည်။

အလှပန်းအိုးတင်သည့်ခုံ၊ ကြိမ်ထည်ခန်းဆီး၊ ကြိမ်ထည်မိသားစုထမင်းစားပွဲ၊ ကြိမ်ခုတင်၊ စားသောက်ဆိုင်များတွင် အလှဆင်ကြိမ်မီးဆိုင်းများ၊ ကြိမ်ဖြင့်ပြုလုပ်ထားသော  အဝတ်ချိတ်များစသည်ဖြင့် အမျိုးမျိုးပြုလုပ်ထားသည်။  ဖော်ပြပါကြိမ်ထုတ်ကုန်ပစ္စည်းများသည်  မြန်မာ့အခြေခံစီးပွားရေး လုပ်ငန်း ပင်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် မြန်မာ့ကြိမ်ထည်ထုတ်ကုန်သည် ပြည်တွင်းမှာသာမကပြည်ပအထိ တင်ပို့နိုင်သော  ထုတ်ကုန်တစ်မျိုးဖြစ်သည်။   ထို့ပြင် မြန်မာ့ကြိမ်ထည်ထုတ်ကုန်ပစ္စည်းများသည် ဥရောပနိုင်ငံများက အများဆုံးမှာယူသည်ဟုသိရသည်။ ပြည်တွင်းမှာဆိုလျှင် အိမ်ဧည့်ခန်းများတွင်  အလှဆင်ခြင်း၊ထိုင်ခုံများအဖြစ်အသုံးပြုခြင်း၊ ဟိုတယ်လိုနေရာမျိုး၌အလှဆင်ရာတွင်လည်း အသုံးပြုကြသလိုလူ့အသုံးအဆောင်အဖြစ်လည်း အသုံးပြုကြသည်။ ကြိမ်ပရိဘောဂပစ္စည်း အမျိုးပေါင်း ၅၀၀ ခန့်ရှိသည် ဟုလည်းသိရသည်။ ကြိမ်ပင်သည်  မြန်မာလူမျိုးတို့၏ လက်မှု ပစ္စည်းပြုလုပ်ရာတွင်   အသုံးပြု သောအဖိုး တန်အပင်ဖြစ်သလို မြန်မာလူမျိုးတို့၏ စီးပွားရေးအခြေခံ ထုတ်ကုန်တစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။    ။

MWD Web Portal