တီမွေးမြူခြင်းနှင့်တီကောင်စွန့်ပစ်မြေသြဇာ၏အကျိုးကျေးဇူးများ

Posted_Date

Image

တီမွေးမြူခြင်းနှင့်တီကောင်စွန့်ပစ်မြေသြဇာ၏အကျိုးကျေးဇူးများ

Body

မြေသြဇာသည်စိုက်ပျိုးရေးအတွက် အရေးပါသည်။လူသားနှင့်သက်ရှိများအတွက် အာဟာရဓာတ်လိုအပ်သကဲ့သို့ပင်   စိုက်ပျိုးသီးနှံပင်များအတွက်လည်း အာဟာရဓာတ်လိုအပ်သည်။   အပင်များအတွက်လိုအပ်သောအာဟာရဓာတ်ကို  မြေသြဇာများကရရှိခြင်းဖြစ်သည်။   မြေသြဇာကို ဓာတ်မြေသြဇာနှင့်သဘာဝအော်ဂဲနစ်မြေသြဇာဟူ၍  ခွဲခြားထားသည်။ဓာတ်မြေသြဇာကိုလူတိုင်းသိကြသည်။  ယနေ့ခေတ်တွင်စိုက်ပျိုးတောင်သူတိုင်း ဓာတ်မြေသြဇာကိုအသုံးပြုနေကြသည်။  သဘာဝအော်ဂဲနစ်မြေသြဇာဟူသည်တိရစ္ဆာန်အညစ်အကြေးများနှင့်ဟင်းသီးဟင်းရွက်အဆွေးများဟုအကြမ်းအားဖြင့်ဆိုနိုင်သည်။  ယခုဖော်ပြမည့် တီကောင်စွန့်ပစ်မြေသြဇာသည်သဘာဝအော်ဂဲနစ်မြေသြဇာအမျိုးအစား၌  ပါဝင်သည်။ တီကောင်စွန့်ပစ်မြေသြဇာသည် နည်းပညာခက်ခဲမှုမရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊  နေရာမရွေး ပြုလုပ်နိုင်ခြင်း၊ လိုအပ်သလောက်ကိုသာ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ခြင်းနှင့် မြေသြဇာအဆင့်အတန်းမြင့်မားခြင်းတို့ကြောင့် သုံးစွဲသူများအနေဖြင့် အကျိုးရှိစေသည်။ ထို့ပြင် တီကောင်စွန့်ပစ်မြေသြဇာသည် အော်ဂဲနစ်နည်းစနစ်ဖြင့် စိုက်ပျိုးမည့်တောင်သူများအတွက်   အားထားစရာမြေသြဇာတစ်မျိုးလည်းဖြစ်သည်။

အကျိုးပြုတီကောင်မျိုးစိတ်နှင့်သဘာဝ

တီကောင်ကိုလူတိုင်းသိကြသည်။   တချို့ကတီကောင်ကိုရွံကြသည်။ သို့သော်  တီကောင်သည်အခြားသက်ရှိများကဲ့သို့ အစုံစားသတ္တဝါမဟုတ်ပါ။မြေကြီးကိုသာစားသုံးသောသတ္တဝါဖြစ်သည့်အတွက်ရွံစရာတော့မဟုတ်ပါ။  ကမ္ဘာပေါ်တွင်  တီကောင်မျိုးစိတ်ပေါင်း ၃၀၀ ကျော်ရှိသည်။ သို့သော် အော်ဂဲနစ်စိုက်ပျိုးရေးအတွက်  အသုံးဝင်သောမျိုးစိတ်အနည်းငယ်သာရှိသည်။ အဆိုပါ တီကောင်မျိုးစိတ်ကို အုပ်စုနှစ်စုခွဲထားသည်။   ပထမအုပ်စုမှာ   မြေဆီလွှာအပေါ်ယံလွှာတွင်  နေထိုင်ကျက်စားသောအုပ်စုနှင့်မြေဆီလွှာအတွင်းပိုင်းတွင်   နေထိုင်ကျက်စားသောအုပ်စုတို့ဖြစ်သည်။   မြေဆီလွှာအပေါ်ယံတွင်နေထိုင်သောတီကောင်များသည် လတ်ဆတ်သောဇီဝပစ္စည်း ၉၀ ရာခိုင်နှုန်းနှင့် မြေကြီး ၁၀ ရာခိုင်နှုန်းကို စားသုံးကာမြေဆွေးပြုလုပ်ပေးသည့်အုပ်စုဖြစ်သည်။ ထိုတီကောင်များသည်    အနီရောင်တီကောင်များဖြစ်သည်။ထိုမျိုးစိတ်များသည် စာရေးသူတို့နိုင်ငံ၏ရာသီဥတုနှင့်ကိုက်ညီသဖြင့် မြန်မာနိုင်ငံတွင်ကောင်းစွာပေါက်ပွားရှင်သန်ကြသည်။  မွေးမြူရာတွင်လည်း ယခုမျိုးစိတ်ဖြစ်သော  အနီရောင်တီကောင်မျိုးစိတ်သာဖြစ်သည်။ဒုတိယအမျိုးအစားမှာမြေကြီးအတွင်းပိုင်း၌ကျက်စားနေထိုင်လေ့ရှိသည်။ မြေကြီးအတွင်းပိုင်း၌ မြေဆွေးရောစပ်မှု  အားကောင်းသောမြေအမျိုးအစားတွင်နေထိုင်ကြသည်။ ထိုတီကောင်များသည် ညဘက်၌သာလှုပ်ရှားသွားလာလေ့ရှိကြသည်။  အကြောင်းမှာအလင်းရောင်ကိုမနှစ်သက်ကြသောကြောင့်ဖြစ်သည်။တီကောင်မွေးမြူမည်ဆိုပါက မိမိမွေးမြူမည့်ဒေသရာသီဥတုနှင့်ကိုက်ညီသော  အမျိုးအစားကိုရွေးချယ်မွေးမြူဖို့လိုသည်။ သို့မှသာတီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာများများရရှိနိုင်မည်ဖြစ်သည်။

အပူချိန်နှင့်ရာသီဥတု

အထက်ကဖော်ပြခဲ့သော  တီကောင်အမျိုးအစားသည် မြန်မာနိုင်ငံရာသီဥတုနှင့်ကိုက်ညီသဖြင့် မြန်မာနိုင်ငံတွင်ကောင်းစွာ ရှင်သန်ပေါက်ပွားနိုင်သည်။တီကောင်မွေးမြူ၍တီကျစ်စာမြေသြဇာထုတ်လုပ်မည်ဆိုပါက အပူချိန်နှင့်ရာသီဥတုကိုက်ညီဖို့လိုသည်။တီကောင်များသည်ပူလွန်း၊  အေးလွန်းသောရာသီမျိုးကိုမနှစ်သက်ကြပေ။  တီကောင်များကြိုက်နှစ်သက်သော အပူချိန်မှာ ၁၅ ဒီဂရီမှ ၂၅ ဒီဂရီအတွင်းဖြစ်ပြီး အပူချိန် ၃၀ ကျော်လွန်ပါက ပွားများနှုန်းရပ်တန့်သွားသည်။ ထို့ထက်အပူချိန်ပိုမြင့်လာပါက  သေဆုံးသည်အထိဖြစ်နိုင်သည်။ ထို့ကြောင့်  တီကောင်မွေးမြူခြင်းသည်ရာသီဥတုနှင့်ဒေသအပူချိန်အပေါ် များစွာတည်မှီနေကြောင်းသတိပြုဖို့လိုသည်။

တီမွေးမြူရေးကန်ပြုလုပ်ခြင်း

တီမွေးမြူ၍ တီကောင်စွန့်ပစ်မြေသြဇာထုတ်လုပ်မည်ဆိုပါက ပထမဆုံးမွေးမြူမည့်ကန်ပြုလုပ်ရမည်။ တီကောင်ကို အုတ်ကန်များဖြင့်မွေးမြူကြသည်။တီကောင်သည်မြေကြီးအတွင်းနေထိုင်သောသတ္တဝါဖြစ်သည့်အတွက် အုတ်ကန်ဖြင့်မွေးမြူခြင်းဖြစ်သည်။ တီမွေးကန်ဆောက်လုပ်ရာတွင်  အလျား ၁၀ ပေ၊အနံ ၅ ပေ၊ အမြင့် ၃ ပေအုတ်ကန်များပြုလုပ်ရသည်။

တချို့က ပလတ်စတစ်ပုံးများ၊   သစ်သားပုံးများဖြင့် မွေးမြူကြသည်။ အုတ်ကန်ကို မိမိမွေးမြူမည့် ပမာဏ အလိုက် အနည်းအများပြုလုပ်နိုင်သည်။  အုတ်ကန်ပြုလုပ်ရာတွင် အောက်ခြေကိုအရည်များ အလွယ်တကူလျှောဆင်းနိုင်စေရန်  နိမ့်လျှောပြုလုပ်ပေးရမည်။

ထို့နောက်အုတ်ကန်၏အောက်ခြေတွင် အုတ်ခဲကျိုးများထည့်ပေးရမည်။ ထို့နောက်အုတ်ခဲကျိုးပေါ်တွင် နွားချေးခြောက်ကို ၆ လက်မထူအောင်ခင်းပေးရသည်။ ထိုနွားချေးခြောက်ပေါ်၌ ပေါင်းမြက်များကို ၈ လက်မခန့်ထပ်ဖုံးပေးရမည်။   တီမွေးကန်ကို အမိုးမိုးပေးရသည်။ ထို့နောက် ထိုကန်ကိုအဖုံးဖုံး၍ အဖုံးကိုလေဝင်လေထွက်ကောင်းစေရန် အပေါက်ဖောက်ပေးထားရမည်။ တီမွေးကန်ကိုနံနက်တိုင်းရေပန်းကရားဖြင့်   ရေအနည်းငယ်ဖျန်းပေးပါ။ ရေခြောက်နေလျှင် တီကောင်များသေတတ်သည်။ ရေဝပ်နေလျှင်လည်းသေတတ်သဖြင့် ရေဖျန်းရာတွင် ချင့်ချိန်ဖျန်းပေးဖို့လိုသည်။ မွေးမြူမည့်တီမျိုးများကိုမြန်မာနိုင်ငံစိုက်ပျိုးရေးလုပ်ငန်း(ရန်ကုန်တိုင်း)၊ ဟင်းသီးဟင်းရွက်သစ်သီးဝလံသုတေသနနှင့်ဖွံ့ဖြိုးရေးဗဟို(လှည်းကူး)၊    မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း(ပြင်ဦးလွင်)    စသည်တို့မှာ  ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရသည်။

တီကောင်အတွက် အာဟာရဓာတ်များတီမွေးမြူရေးကန်ကို ပြုလုပ်ပြီးပါက ကန်အတွင်းသို့တီကောင်များထည့်ပေးရသည်။    ထို့နောက်တီကောင်များအတွက်လိုအပ်သောအာဟာရများကိုကျွေးပေးရသည်။ တီကောင်အတွက်  အာဟာရဓာတ်သည် တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာအတွက်အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ တီကောင်ကြိုက်နှစ်သက်သောအစားအစာများကို များများကျွေးရသည်။ များများစားမှသာတီကျစ်စာများများရမည်။

တီကောင်ကြိုက်နှစ်သက်သော  အစာများမှာငှက်ပျောပင်၏အစိတ်အပိုင်းများနှင့်ငှက်ပျောခွံများ၊သစ်ရွက်စိမ်းများ၊ ကြက်ဥ၊ ဘဲဥ၊ ဖျော်ပြီးသားကော်ဖီမှုန့်နှင့် လက်ဖက်ခြောက်ဖတ်များ၊ အမှည့်လွန်သစ်သီးများ၊ သစ်စေ့အခွံနှင့်လွှစာမှုန့်များ၊ ဟင်းသီးဟင်းရွက်နှင့် ဟင်းသီးဟင်းရွက်အပုပ်များ စသည်တို့ကို ကြိုက်နှစ်သက်ကြသည်။

တီကောင်စွန့်ပစ်မြေသြဇာထုတ်လုပ်ခြင်း

တီကောင်များသည်အစိုဓာတ်ကိုကြိုက်နှစ်သက်သည်။ သို့သော် ရေဝပ်ခြင်းကိုမနှစ်သက်ပေ။ တီမွေးကန်မခြောက်အောင်နေ့စဉ်သင့်သလောက်ရေဖျန်းပေးရသည်။  ဤကဲ့သို့ပြုလုပ်ပေးပါက တီကန်ထဲတွင်ရှိသော အာဟာရဓာတ်များသည် ရေအစိုဓာတ်နှင့်အတူပျော်ဝင်ကာ တီကန်အောက်ခြေသို့စိမ့်ဝင်ရောက်ရှိသွားသည်။  ထို့နောက် ယင်းကိုအုတ်ကန်အောက်ခြေရှိပိုက်မှတစ်ဆင့်စုပ်ယူပါက ရေနှင့်အတူနိုက်ထရိုဂျင်ကြွယ်ဝစွာပါဝင်သော သဘာဝအော်ဂဲနစ်မြေသြဇာကိုရရှိသည်။

ထို့ပြင်တီကောင်များက လူတို့စားသုံး၍ စွန့်ပစ်လိုက်သော  စားကြွင်းစားကျန်များနှင့်  မြေဆီမြေနှစ်များ၊ အပင်၏အစိတ်အပိုင်းများကိုစားသုံးကာ မစင်အဖြစ်ပြန်လည်စွန့်ထုတ်လေ့ရှိသည်။   ယင်းကိုတီကျစ်စာဟုခေါ်သည်။ တီကျစ်စာသည် အပင်နှင့်စိုက်ပျိုးသီးနှံများအတွက်   သဘာဝအော်ဂဲနစ်မြေသြဇာဖြစ်သည်။

တီကျစ်စာသည်အပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နှင့် ကယ်စီယမ်တို့ပေါင်းစပ်ပါဝင်သည့်အပြင် မြေဆီလွှာကို ထိန်းသိမ်းရာတွင်လည်းအရေးပါလှသည်။  တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာခဲကို တီကောင်စတင်မွေးမြူပြီး သုံးလခန့်အကြာတွင် အညိုရောင်တီကျစ်စာမြေဆွေး သို့မဟုတ် တီကောင်စွန့်ပစ်မြေသြဇာရည်ကိုစတင်ရရှိမည်ဖြစ်သည်။ တီမွေးမြူရေးကန်တစ်ကန်ကို တီကျစ်စာရည် သို့မဟုတ် တီကောင်စွန့်ပစ် မြေသြဇာရည် ၁၂ ဂါလန်အထိရနိုင်ကြောင်း သိရသည်။

တီကောင်စွန့်ပစ်မြေသြဇာရှိ အာဟာရဓာတ်များတီကျစ်စာမြေဆွေး သို့မဟုတ်  တီကောင်စွန့်ပစ်မြေသြဇာတွင် သီးနှံပင်များအတွက် အာဟာရဓာတ်များပါဝင်နေသည်။ တီကောင်စွန့်ပစ်မြေသြဇာသည် အပင်များကိုသန်စွမ်းစေသည်။  အသီးအထွက်နှုန်းကောင်းစေသည်။ အသီးအရောင်အသွေးလှစေသည်။ အသီးအနှံများကိုလည်း   အရသာကောင်းမွန်စေသည်။တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ်  တီကျစ်စာမြေဆွေးရည်ကို မြေဆွေးရည် ၁ ဆ၊  ရေ ၁၀ ဆနှင့်ရော၍ ရွက်ဖျန်းမြေသြဇာအဖြစ်အသုံးပြုနိုင်သည်။

တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာမြေဆွေးကိုသီးနှံအလိုက်ကျွေးနှုန်းများရှိသည်။

လယ်ယာသီးနှံအတွက်ဆို တစ်ဟက်တာလျှင် ခြောက်တန်၊ ဟင်းသီးဟင်းရွက်အတွက် တစ်ဟက်တာလျှင် ၁၂ တန်၊ သစ်သီးဝလံအတွက်မူ တစ်ဟက်တာလျှင် ၁၀  တန်ကျွေးပေးနိုင်သည်။ တီကောင်စွန့်ပစ်မြေသြဇာတွင်ပါဝင်နေသော အာဟာရဓာတ်များမှာ နိုက်ထရိုဂျင် ၄ ဒသမ ၈၅ ရာခိုင်နှုန်း၊ ဖော့စဖရပ် ၄ ဒသမ ၅၅ ရာခိုင်နှုန်း၊ပိုတက်စီယမ် ၁ ဒသမ ၈၂ ရာခိုင်နှုန်း၊   ကယ်စီယမ် သုည ဒသမ ၈၉ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် သုည ဒသမ ၂၁ ရာခိုင်နှုန်းအသီးသီးပါဝင်နေသည်။ တီကောင်စွန့်ပစ်မြေသြဇာသည် သီးနှံပင်များအတွက် လိုအပ်သောအာဟာရဓာတ်များပါဝင်နေသည်။

သီးနှံပင်နှင့်မြေဆီလွှာအတွက် အကျိုးကျေးဇူးများတီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာခဲတွင် အပင်အတွက်လိုအပ်သောအာဟာရဓာတ်များပါဝင်နေသည်။ စိုက်ပျိုးရေးအတွက် တီကောင်စွန့်ပစ်မြေသြဇာပြုလုပ်သုံးစွဲခြင်းဖြင့်   အောက်ပါအကျိုးကျေးဇူးများကိုရရှိစေသည်။

(၁)     အပင်အတွက်လိုအပ်သောအာဟာရဓာတ်များ ကိုရရှိစေခြင်း၊

(၂)     အပင်များကိုရှင်သန်ကြီးထွားစေခြင်း၊

(၃)     အပင်များမျိုးအောင်စေရန် အထောက်အကူဖြစ်စေခြင်း၊

(၄)     အပင်၏အမြစ်များကိုခိုင်မာစေခြင်း၊

(၅)     အပင်အကျိုးပြု    အဏုဇီဝပိုးများကိုပွားများစေခြင်းစသည့်အကျိုးကျေးဇူးများကိုရရှိစေသည်။

ထို့ပြင်တီကောင်စွန့်ပစ်မြေသြဇာကိုအသုံးပြုခြင်းဖြင့်မြေဆီလွှာကိုလည်း အကျိုးပြုပေးသည်။

မြေဆီလွှာအတွက်အကျိုးကျေးဇူးများ

(၁)     မြေဆီကိုမြေသြဇာကောင်းစေခြင်း၊

(၂)     မြေကြီးအစိုဓာတ်ကိုထိန်းပေးခြင်း၊

(၃)     မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ပေးခြင်း၊

(၄)     မြေကြီးအတွင်း  အောက်ဆီဂျင်ပိုရောက်စေခြင်း၊

(၅)     မြေချဉ်ငန်ကိန်းကိုညီညွတ်မျှတစေခြင်း၊

(၆)     မြေဆီလွှာအတွင်း အဏုဇီဝပိုးကို ၁၀ ဆမှ အဆ ၂၀ အထိတိုးပွားလာစေခြင်း    စသည့်အကျိုးကျေးဇူးများကို ရရှိစေသည်။

အခြားအကျိုးကျေးဇူးများ

တီကောင်စွန့်ပစ်မြေသြဇာကိုအသုံးပြုခြင်းအားဖြင့် အကျိုးကျေးဇူးများစွာကိုရရှိစေသည်။ သီးနှံပင်နှင့်မြေဆီလွှာအတွက်အကျိုးကျေးဇူးကို  အထက်၌ စာရေးသူဖော်ပြခဲ့ပြီးဖြစ်သည်။ ဒါ့အပြင်  အခြားအကျိုးကျေးဇူးများလည်းရှိပါသေးသည်။ ယင်းတို့မှာ -

(၁)     နည်းပညာခက်ခဲမှုမရှိသဖြင့် လွယ်ကူစွာထုတ်လုပ်နိုင်ခြင်း၊

(၂)     စွန့်ပစ်ပစ္စည်းများဖြင့်ထုတ်လုပ်ပေးနိုင်သဖြင့်ကုန်ကျစရိတ်သက်သာစေခြင်း၊

(၃)     နေရာမရွေးပြုလုပ်နိုင်ခြင်း၊

(၄)     သဘာဝအော်ဂဲနစ်မြေသြဇာဖြင့်စိုက်ပျိုးထားသောသီးနှံများဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာပြဿနာများကိုဖြေရှင်းပြီးသားဖြစ်ခြင်း၊

(၅)     နွားချေးရှားပါးသောဒေသ၊ အထူးသဖြင့် တောင်ပေါ်ဒေသများတွင် နွားချေးအစား အစားထိုးအသုံးပြုခြင်းဖြင့် နွားချေးထက်ပင်လိုအပ်သောအာဟာရဓာတ်နှစ်ဆပါဝင်နေခြင်း၊

(၆)     မြေဆွေးထုတ်လုပ်ခြင်းဖြင့်   မိမိခြံအတွက်သာမကဘဲ အမြောက်အမြားစီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း စသည့်အချက်တို့ဖြစ်သည်။

ကမ္ဘာအနှံ့သုံးစွဲမှုအခြေအနေ

တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်မြေသြဇာကို စိုက်ပျိုးရေးလောက၌ ၁၉၇၉ ခုနှစ်ကပြင်သစ်နိုင်ငံက   စတင်သုံးစွဲခဲ့ကြောင်းသိရသည်။စီးပွားဖြစ်စတင်ထုတ်လုပ်ခဲ့သည်မှာ ၁၉၉၀ ပြည့်နှစ်ကဖြစ်သည်။  ၁၉၉၅ ခုနှစ်လောက်မှစ၍ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာခဲ့ကြသည်။  အိန္ဒိယနိုင်ငံက ၁၉၉၅ ခုနှစ်က စီးပွားဖြစ်  အများအပြားထုတ်လုပ်သုံးစွဲခဲ့သည်။  ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်း၊ မလေးရှား၊ဗီယက်နမ်၊  လာအို၊ ကျူးဘား၊ ဖိလစ်ပိုင်နိုင်ငံများ၌လည်းထုတ်လုပ်သုံးစွဲလျက်ရှိသည်။   စာရေးသူတို့နိုင်ငံတွင်မူ ၂၀၀၀ ပြည့်နှစ်လောက်က စတင်ထုတ်လုပ်သုံးစွဲခဲ့သဖြင့် ဆယ်စုနှစ် နှစ်စုကြာမြင့်ခဲ့ပြီဖြစ်သည်။

အိန္ဒိယနိုင်ငံတွင်မူ တီကောင်စွန့်ပစ်မြေသြဇာကို အများအပြားထုတ်လုပ်ရောင်းချသဖြင့် ဝင်ငွေကောင်းပြီးအညိုရောင်ရွှေ(Black Gold)ဟုတင်စားခေါ်ဝေါ်ကြ သည်။ အိန္ဒိယနိုင်ငံ၌ စီးပွားဖြစ်ထုတ်လုပ်ခဲ့ရာ တန်ချိန်ပေါင်း ၃ ဒသမ ၅သန်းထုတ်လုပ်နိုင်ခဲ့သည်ဟုသိရသည်။ထို့ကြောင့်  စာရေးသူတို့နိုင်ငံလို စိုက်ပျိုးရေးနိုင်ငံတွင် အိန္ဒိယနိုင်ငံကဲ့သို့ပင် ထုတ်လုပ်သင့်သည်။နိဂုံးချုပ်အနေဖြင့်ဆိုရလျှင်   တီကောင်စွန့်ပစ်မြေသြဇာသည် စိုက်ပျိုးသီးနှံများအတွက်များစွာအကျိုးပြုနေသည်ကို အထက်၌ဖော်ပြခဲ့ပြီးဖြစ်သည်။ထို့အတူမြေဆီလွှာကိုလည်း   အကျိုးပြုနေသည်။တီကောင်စွန့်ပစ်မြေသြဇာသည်    အကျိုးကျေးဇူးများသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးကပင်  ရှေးယခင်ကတည်းက တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်သည်။

စာရေးသူတို့နိုင်ငံသည်  စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့် ယခုကဲ့သို့အကျိုးကျေးဇူးများလှသောတီကောင်စွန့်ပစ်မြေသြဇာကိုသုံးစွဲသင့်သလို စီးပွားဖြစ်လည်းထုတ်လုပ်သင့်ကြောင်း ရေးသားတိုက်တွန်းလိုက်ရပါသည်။     ။

MWD Web Portal