မြန်မာနိုင်ငံပျားမွေးမြူရေးပြက္ခဒိန်

Posted_Date

Image

မြန်မာနိုင်ငံပျားမွေးမြူရေးပြက္ခဒိန်

Body

ပျားမွေးမြူရေးလုပ်ငန်းတွင် အခြေစိုက်မွေးမြူနည်းနှင့်ရွှေ့ပြောင်းမွေးမြူနည်းဟူ၍နှစ်မျိုးရှိသည်။ အခြေစိုက်မွေးမြူနည်းကို ပျားအုံ ၅ အုံမှ အုံ ၅၀ အထိသာ မွေးမြူသင့်ပြီး    ဝါသနာအရ    မွေးမြူခြင်း၊သင်ထောက်ကူအဖြစ် သင်တန်းကျောင်းများတွင် မွေးမြူခြင်း၊ စိုက်ပျိုးရေးသုတေသန ခြံများတွင် ဝတ်မှုန်ကူးပေးရန်အတွက်မွေးမြူခြင်း၊ ပျားဘုရင်မသီးသန့်မွေးမြူထုတ်လုပ်ရန်မွေးမြူခြင်း စသည့်ရည်ရွယ်ချက်များဖြင့်သာ မွေးမြူလေ့ရှိသည်။ အားသာချက်များအဖြစ် ပျားအုံရွှေ့ ပြောင်းစရိတ်ကုန်ကျမှုမရှိခြင်း၊ ဝတ်မှုန်ကူးခြင်းကို ရာသီအလိုက် စိုက်ပျိုးသီးနှံများအား ဆောင်ရွက်ပေးနိုင်ခြင်း၊ သင်တန်းသားများအား လက်တွေ့ပြသဆောင်ရွက်နိုင်ခြင်း၊ ပျားအုံနှင့်ပျားလုပ်ငန်းသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနည်းပါးခြင်းနှင့် ပျားဘုရင်မမွေးမြူရာတွင် ဘုရင်မပျို မိတ်လိုက်ဧရိယာ တည်မြဲစွာရှိနေနိုင်ခြင်း စသည်တို့ဖြစ်သည်။ သို့ရာတွင် ပျားအုံမြောက်မြားစွာ  စီးပွားဖြစ်မွေးမြူမှု မပြုနိုင်ခြင်း၊ ဧကများစွာဝတ်မှုန်ကူးနိုင်မှုမရှိခြင်းနှင့် ပျားစာအမြဲမပြတ်ရရှိနိုင်ရန် ခက်ခဲခြင်းကြောင့် အစားထိုးစာ/ဖြည့်စွက်စာများကျွေးမွေးစရိတ်ကုန်ကျခြင်း စသည့်အားနည်းချက်များကြောင့်   ရွှေ့ပြောင်းပျားမွေးမြူရေးစနစ် (Migratory Beekee-ping)ကိုသာ မြန်မာနိုင်ငံ၌ကျင့်သုံးမွေးမြူကြသည်။

ပျားတို့၏အစာအာဟာရလိုအပ်မှုများ

ပျားများအတွက် အဓိက အစာအာဟာရနှစ်မျိုးရှိပြီး ဝတ်မှုန်(pollen)နှင့် ဝတ်ရည်(nactor) ဖြစ်သည်။ ပျားတို့သည် ဝတ်မှုန်ကို  အသားဓာတ်(protein)အတွက်စားသုံးပြီး ဝတ်ရည်(nactor) ကိုမူ စွမ်းအင်(Energy)အတွက် စားသုံးရသည်။ ပျားများအတွက် အစာရရှိသော ပျားစာရအပင်များ (honey plant)တွင် ဝတ်မှုန်တစ်မျိုးတည်းသာရရှိသောအပင်များ၊ ဝတ်ရည်တစ်မျိုးသာရရှိသောအပင်များနှင့် ဝတ်ရည်၊ ဝတ်မှုန်နှစ်မျိုးရသောအပင်များဟူ၍ရှိသည်။

မြန်မာနိုင်ငံရှိ ပျားစာပင်များ

မြန်မာနိုင်ငံတွင်  ပျားစာရအပင်များ(honey plant)အဖြစ် သဘာဝပေါင်းပင်များ၊ သစ်တောသစ်ပင်များ၊ နှစ်ရှည်ပင်များ၊ ဥယျာဉ်ခြံပင်များနှင့် ရာသီအလိုက် စိုက်ပျိုးသီးနှံပင်များဟူ၍ ငါးမျိုးရှိသည်။ သဘာဝပေါင်းပင်များဖြစ်သော ပိစပ်၊ ပင့်ကူထိပ်ပိတ်(နှမ်းဘီလူး၊ ပန်းသုံးဆင့်)၊ ဘောက်ခွေး၊ ဆူးလေ၊ တောငရုတ်၊ တပင်ရွှေထီး၊ ပုစွန်စာ၊ ထိကရုံး၊ နေကြာရိုင်း (ရှမ်းပြည်နယ်တွင် ပေါက်ရောက်သည်) စသည်တို့သည်လည်းကောင်း၊ သစ်တောသစ်ပင်များဖြစ်သည့် လက်ပံ၊ အင်ကြင်း၊  လဲမှို့၊ ကန္တာရရှား၊ အော်ရေးရှား၊ မန်ဂျန်ရှားအပင်များသည်လည်းကောင်း၊   ဆီး၊လိုက်ချီး၊ လောင်ကန်၊ နှင်းသီး၊ ရော်ဘာ၊သရက် စသည့် နှစ်ရှည်ပင်များသည်လည်းကောင်း၊ ငှက်ပျော၊ ဘူး၊ ဖရုံ၊ သခွား၊ဖရဲ၊ ခဝဲ၊ ကြက်သွန်၊ ငရုတ် စသောဥယျာဉ်ခြံသီးနှံပင်များသည်လည်းကောင်း၊ နှမ်း၊နေကြာ၊ ပန်းနှမ်း၊ ပဲအမျိုးမျိုး၊ ဝါ၊ ပြောင်းအမျိုးမျိုး စသည့်ရာသီသီးနှံတို့သည်လည်းကောင်း ပျားတို့အတွက် ပျားစာပင်(honey plant)များ ဖြစ်သည်။

မြန်မာနိုင်ငံ၏ပျားစာအရလုပ်ငန်းစဉ်များ

ပျားမွေးမြူရေးလုပ်ငန်းအောင်မြင်ရန်အတွက် အဓိကအားဖြင့် အချက်လေးခုဖြင့် ပြည့်စုံရန် လိုအပ်သည်။ ပျားရောဂါကင်းစင်မှု၊ ပျားဘုရင်မများ အရည်အသွေးကောင်းမွန်မှု၊ ပျားစာပြတ်လပ်ခြင်းအားဖြေရှင်းနိုင်မှု၊ ပျားမွေးမြူသူ  ပျားစခန်းတာဝန်ခံ( Beekeeper )၏  ပျားအုံကိုင်တွယ်ထိန်းသိမ်းခြင်း(management)ကောင်းမွန်မှန်ကန်မှုတို့ဖြစ်သည်။ ထိုအချက်လေးခုအနက် ပျားစခန်းတာဝန်ခံ၏   တာဝန်ပြည့်စုံကောင်းမွန်မှုသည် စဉ်ဆက်မပြတ်လိုအပ်နေပြီး ပျားရောဂါကင်းစင်ရန်နှင့်ပျားဘုရင်မများအရည်အသွေးကောင်းမွန်နေစေရန်အတွက်ကိုမူ ပျားစာရာသီအလိုက် အချိန်ကိုက်ဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်   ပျားရောဂါများအနေဖြင့်  အတောင်လိပ် ရောဂါ၊ ကပ်ပါးမွှား(Tropilaelaps)နှင့် ကပ်ပါးမွှား(Varroa)ရောဂါတို့သာအဖြစ်များပြီး အမေရိကန် သားလောင်းပုပ်ရောဂါ (AFB)နှင့် ဥရောပသားလောင်းပုပ်ရောဂါ (EFB)တို့ ဖြစ်ပွားမှုမရှိပါ။ (ဖြစ်ပွားမှုရှိလျှင် ပျားအုံနှင့် လုပ်ငန်းသုံးပစ္စည်းများပါ မီးရှို့ဖျက်ဆီးရတတ်သည်)။

ကပ်ပါးမွှားရောဂါကုသခြင်းကို နှစ်စဉ်  မေလတွင် ဆောင်ရွက်ရသည်။ အကြောင်းမှာ ပျားရောဂါကုသမှုပြီးဆုံးလျှင် ပျားအုံများ အင်အားလျော့နည်းကျဆင်းလေ့ရှိသဖြင့်ကုသမှုပြီးဆုံးသည့်အချိန်နှင့် ဝတ်ရည်+ဝတ်မှုန်နှစ်မျိုးလုံးရရှိပြီး ပျားဘုရင်မအတွက်   သားလောင်းပေါက်ပွားမှုကောင်းမွန်သော နွေနှမ်းပျားစာ (နှမ်းစိုက်ခင်း)ပေါများစွာရရှိမှု အချိန်ကိုက်ဖြစ်ရန်လိုသည်။ ထို့ကြောင့်  နှစ်စဉ်မေလတွင် ပျားရောဂါကုသမှုကို ပျားစခန်းအားလုံး ဆောင်ရွက်ရသည်။

ပျားအုံဖွံ့ဖြိုးရေး

ပျားရောဂါကင်းစင်သော ပျားအုံများအား ဖွံ့ဖြိုးတိုးတက်စေရန် ပျားဘုရင်မများ မွေးမြူ၍ ဥနှုန်းကျဘုရင်မများအား အစားထိုးလဲလှယ်ခြင်း၊ ပျားသလက်အသစ်များတည်ဆောက်ခြင်းတို့ကို ဇွန်လမှဇူလိုင်လကုန်အထိ (မိုးနှမ်း)နှမ်းပျားစာအချိန်တွင်ဆောင်ရွက်ကြပြီး ပျားအုံတိုးပွားခြင်း၊ ပျားသလက်ချပ်များတိုးပွားခြင်းများကိုသာ လုပ်ဆောင်ကြရသည်။ မြန်မာ့ပျားမွေးမြူရေးပြက္ခဒိန်အရ ဩဂုတ်လသည် ပျားစာရှားပါးသဖြင့် ရှမ်းပြည်နယ်ရှိ ပြောင်းဖူးစိုက်ခင်းများသို့ ရွှေ့ပြောင်းပြီး မွေးမြူကြသော်လည်း ပြောင်းဖူးစိုက်ခင်း(ပျားစာပင်)များသည် ဝတ်မှုန်တစ်မျိုး တည်းသာရရှိသဖြင့် ပျားအုံများအား ဝတ်ရည်ဖြည့်စွက်စာ/အစားထိုးစာအဖြစ် သကြားရည်တိုက်ကျွေး မွေးမြူကြရသည်။

ထိုသို့ သကြားရည်တိုက်ကျွေးခြင်းသည် ပျားရည်ထုတ်လုပ်ရန်မဟုတ်ပေ။ ပျားတို့အတွက် လိုအပ်သော အစာနှစ်မျိုး (ဝတ်ရည်+ဝတ်မှုန်)အနက် သဘာဝအစာအဖြစ် ဝတ်မှုန်တစ်မျိုးသာရရှိသဖြင့် လိုအပ်သောဝတ်ရည်အတွက် သကြားရည်တိုက်ကျွေးမွေးမြူခြင်းဖြင့် ပျားအင်အား တိုးပွားများပြားမှုကိုဖြစ်စေပြီး စက်တင်ဘာလမှအောက်တိုဘာလ(ဆီးပွင့်ချိန်)အတွင်း ပျားရည်ထုတ်လုပ်မှုကို  အင်တိုက်အားတိုက်ဆောင်ရွက်ရရှိနိုင်မည်ဖြစ်သည်။ဆီးပျားရည်သည်   မြန်မာနိုင်ငံမှ ထုတ်လုပ်သော ပျားရည်အားလုံး၏ ၅၀ ရာခိုင်နှုန်းမှ၆၀ ရာခိုင်နှုန်းအထိထွက်ရှိသော အဓိကပျားရည်ဖြစ်သည်။

ဆောင်းရာသီနှင့်ပန်းနှမ်းပျားရည်

အောက်တိုဘာလကုန်၍ နိုဝင်ဘာလဆန်းလျှင် ဆောင်းရာသီပျားစာများအဖြစ် ပန်းနှမ်း၊ ဆီမုန်ညင်း၊ နေကြာရိုင်း၊ ပိစပ်ပျားစာပင်များပွင့်လန်းရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း)ဒေသများသို့ အများစုရွှေ့ပြောင်းမွေးမြူကြပြီး အနည်းစုမှာ မြန်မာနိုင်ငံအလယ်ပိုင်း  မိုးနေကြာ၊ ပဲစင်းငုံ ၊ ဆောင်းနှမ်း၊ ပဲအမျိုးမျိုး စိုက်ခင်းများသို့  ပြောင်းရွှေ့မွေးမြူကြသည်။ ပန်းနှမ်း၊ ဆီမုန်ညင်း ပျားရည်များသည် ရေပါဝင်မှုအနည်းဆုံး (အပျစ်ဆုံး) ပျားရည်များဖြစ်ပြီး ပြည်ပပို့ရာတွင် လူကြိုက်များသောပျားရည်ဖြစ်သည်။

ပျားရည်ဟူသည် ပန်းအမျိုးအစားအလိုက် ဆီးပျားရည်၊ နှမ်းပျားရည်၊ နေကြာပျားရည်၊ ပန်းနှမ်းပျားရည်၊ လိုက်ချီးပျားရည်၊ ရော်ဘာပျားရည်စသဖြင့် အမျိုးအမည်ခေါ်ဝေါ်မှု ကွဲပြားကြသော်လည်းမည်သည့်ပျားရည်က ပိုကောင်းသည်ဟုမရှိပေ။ ပျားရည်အစစ်အမှန်ဖြစ်ရန်နှင့် ရင့်မှည့်ပျားရည်ဖြစ်ရန်သာလိုသည်။ ရင့်မှည့်ပျားရည်ဟူသည် လုပ်သားပျားများသယ်ယူစုဆောင်းထားသည့် ပန်းပွင့်မှဝတ်ရည်များအား အုံထိန်းပျား(house bee)များက ရုပ်ပြောင်းလဲခြင်း၊ ဒြပ်ပြောင်းလဲခြင်း ပြုလုပ်ပြီး ဝတ်ရည်(nactor)မှ ပျားရည်(honey)ဖြစ်စေကာ ပျားဖယောင်းဖုံးအုပ်ထားသော ပျားရည်ဖြစ်သည်။ တစ်နည်းအားဖြင့် စေးပျစ်မှုကောင်းပြီး ရေပါဝင်မှုနှုန်းတိုင်းကိရိယာ (Refratometer) ဖြင့်တိုင်းပါက  water contant   ၂၁ ရာခိုင်နှုန်းအောက်သာရှိသော ပျားရည်များဖြစ်သည်။

ပျားရောဂါကာကွယ်ခြင်း

မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးပြက္ခဒိန်အရ တစ်နှစ်လျှင် ပျားရောဂါကုသမှုတစ်ကြိမ် (မေလ) နှင့် ကာကွယ်မှုနှစ်ကြိမ်(ဩဂုတ်လ၊ ဒီဇင်ဘာလ)ဆောင်ရွက်ကြရသည်။ ဆောင်းရာသီပန်းနှမ်း၊ ဆီမုန်ညင်းပျားစာပြီးဆုံးချိန်တွင် တောင်ပေါ်မှမြေပြန့်သို့ ပြန်ဆင်းရွှေ့ပြောင်းရသဖြင့် ရာသီဥတု ပြောင်းလဲမှုကြောင့်လည်းကောင်း၊တောင်ပေါ်ဒေသတွင် ဒေသခံသစ်ခေါင်းပျားများ၊ ပျားကြီးမျိုးများနှင့်ထိတွေ့ရာမှ ကူးစက်မှုကြောင့်လည်းကောင်း Varroa-jacobsoni ကပ်ပါးမွှားရောဂါဖြစ်ပွား ကူးစက်တတ်သဖြင့် ဒီဇင်ဘာလ ဒုတိယပတ်မှစတင်ကာ ပျားရောဂါကာကွယ်မှုပြုလုပ်ပြီး   မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အောက်ပိုင်းဒေသများရှိ  ဆောင်းနေကြာစိုက်ခင်းများ၊ လဲမှို့၊   လက်ပံ စသည့် သစ်တောသစ်ပင်များ၊ နံနံ၊ ကြက်သွန်စသည့် စားဖိုဆောင်သီးနှံစိုက်ခင်းများ၊ သရက်၊ သံပရာ စသည့်ဥယျာဉ်ခြံများသို့ ရွှေ့ပြောင်းမွေးမြူကြရပြန်သည်။ ၎င်းနေရာများတွင် တစ်လခွဲနှစ်လခန့်မွေးမြူ၍ ပျားဝတ်မှုန်ထုတ်လုပ်မှု၊ ပျားဘုရင်မမွေးမြူမှုနှင့် ပျားရည်ထုတ်လုပ်မှုဆောင်ရွက်ကြပြီး ဖေဖော်ဝါရီလ  စတုတ္ထပတ်ခန့်တွင်   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊   ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့ရှိ လိုက်ချီးပျားစာပင်(နှစ်ရှည်ပင်)များရှိရာသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ရှိ(နှစ်ရှည်ပင်)ရော်ဘာစိုက်ခင်းများသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ သဘာဝပေါင်းပင် (ပင့်ကူထိပ်ပိတ်၊ တောငရုတ်)များရှိရာသို့လည်းကောင်း အများစုရွှေ့ပြောင်းမွေးမြူကာ ရော်ဘာပျားရည်နှင့် ပန်းပေါင်းစုံပျားရည်များ ထုတ်လုပ်ကြသည်။

ဤသို့ဖြင့် မတ်လကုန် ဧပြီလဆန်းတွင်လည်းကောင်း၊ ဧပြီလ  တတိယပတ်(သင်္ကြန်အပြီး) ကာလတွင်လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းမှ ပျားစခန်း/ပျားအုံများအားလုံးနီးပါးသည် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ နွေနှမ်း(ရေသွင်းနှမ်း)စိုက်ခင်းများရှိရာသို့ ပြန်လည်ရွှေ့ပြောင်းရောက်ရှိလာကြပြီး  မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးပြက္ခဒိန် ပထမလကို ပျားရောဂါကုသခြင်းဖြင့်     စတင်ကြပြန်ပါတော့သည်။    ။

Source: https://myawady.net.mm/stories