နို့နှင့်နို့ထွက်ပစ္စည်း MSME လုပ်ငန်းများ အကျိုးအမြတ် များစေဖို့
Posted_Date
Image

Body
ပြည်ထောင်စုတစ်မျိုးသားလုံးနဲ့ ကိုက်ညီပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို အခြေခံတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ MSME (Micro, Small and Medium Enterprises)လုပ်ငန်းတွေ တိုးတက်များပြားလာပြီး ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ဖို့ မွေးမြူရေးဇုန်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီလို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံမှာ ယနေ့အထိ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု နည်းပါးနေသေးတဲ့ နို့စားနွားမွေးမြူ ထုတ်လုပ်ခြင်းနဲ့ နို့နဲ့နို့ထွက်ပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတွေဟာလည်း အဓိကအခန်းကဏ္ဍ တစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။ Veterinaria Digital ဆိုတဲ့ Website က မြန်မာနိုင်ငံရဲ့ နှစ်အလိုက်နို့ထုတ်လုပ်မှုဟာ နိုင်ငံ့ဝယ်လိုအားရဲ့ ထက်ဝက်တောင် မပြည့်မီတဲ့အတွက် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ နယူးဇီးလန်နဲ့ ဩစတြေးလျနိုင်ငံတွေက တင်ပို့နေရကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ဒါကြောင့် ပထမအဆင့်အနေနဲ့က နို့နဲ့နို့ထွက်ပစ္စည်းတွေကို ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံပေါများစေဖို့ အဓိကထား ဆောင်ရွက်ရမှာဖြစ်တယ်။ ပြီးမှ ပြည်ပအထိ ပြန်လည်ပို့ဆောင်နိုင်တဲ့အထိ ကြိုးစားအားထုတ်ကြရမှာဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ဖို့ ပထမလိုအပ်ချက်က အကျိုးအမြတ်များများ ဖြစ်နိုင်တဲ့ နို့စားနွားတွေကို မွေးမြူထုတ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။
နို့စားနွားမွေးမြူသူတွေ အကျိုးအမြတ်များများ ရဖို့ဆိုတာကလည်း နို့ထွက်နှုန်းကောင်းပြီး မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေမှာ ခံနိုင်ရည်ရှိပြီး ကျန်းမာသန်စွမ်း၊ ထုတ်လုပ်မှုမြင့်မားတဲ့ မျိုးကောင်းမျိုးသန့်တွေ ရရှိဖို့လိုအပ်ပါတယ်။ အခြားတစ်ဖက်ကလည်း စိုက်ပျိုးရေးလုပ်ငန်းများမှ ရရှိလာတဲ့ ဘေးထွက်ပစ္စည်းတွေဖြစ်တဲ့ ဥပမာအနေနဲ့ ပြောရရင် ပဲမျိုးစုံစိုက်ပျိုးရေးမှ ရရှိလာမယ့် ပဲရိုး၊ ပဲမှော်၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ခြင်းမှ ရရှိလာမယ့် ကောက်ရိုး၊ ဖွဲ၊ ဆန်ကွဲနဲ့ ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းမှရရှိလာမယ့် ပဲဖတ်၊ နှမ်းဖတ်စသည်တို့ကို အသုံးပြုပြီး စျေးနှုန်းချိုချိုသာသာနဲ့ အရည်အသွေးပြည့်မီအောင် ပြုပြင်ထုတ်လုပ်ထားတဲ့ တိရစ္ဆာန်ဖြည့်စွက်စာများကို ထုတ်လုပ်ဖြန့်ဖြူးမယ့် MSME လုပ်ငန်းများလည်း ဟန်ချက်ညီအကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုပါတယ်။ ဒေသနဲ့ကိုက်ညီတဲ့မျိုးဖြစ်မှ ဒေသရာသီဥတု အခြေအနေအမျိုးမျိုးမှာ အကြမ်းခံမယ်၊ ကျန်းမာမယ်။ ထုတ်လုပ်မှုစွမ်းအားကောင်းမယ်။ မျိုးကောင်းရရုံနဲ့မပြီးသေးပါ။ အရည်အသွေးကောင်းတဲ့အစာနဲ့ စနစ်ကျတဲ့ထိန်းကျောင်းမှုလည်း လိုအပ်ပါတယ်။ အဲဒီလိုမျိုး အစာ၊ ထိန်းကျောင်းမှုတွေကောင်းပါမှ နို့စားနွားတွေရဲ့ ထုတ်လုပ်မှုစွမ်းအားတွေ ကောင်းလာမယ်၊ နွားနို့ အရည်အသွေးတွေ ကောင်းလာမယ်၊ အကျိုးအမြတ် ပိုများလာမယ်။ ဒါနဲ့တင်မပြီးသေးပါ။ ရရှိလာတဲ့ နို့ထွက်နှုန်းနဲ့အညီ အလေအလွင့်မရှိ အရည်အသွေးပြည့်ဝသော နို့ထွက်ပစ္စည်းများကို ထုတ်လုပ်တဲ့ MSME လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့နေထိုင်ရာ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေဖြစ်တဲ့ မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်၊ အမရပူရခရိုင်နဲ့ ပြင်ဦးလွင်ခရိုင်တွေမှာ နို့စားနွားတွေမွေးမြူကြပါတယ်။ နို့ထွက်ကောင်းပြီး နို့ညှစ်လို့ရတဲ့ ရိုးရိုးဒေသနွားမျိုးတွေကို အများစုမွေးမြူကြပြီး မေထုန်မျိုးလို့ ဒေသခံတွေခေါ်နေကြတဲ့ ဖရီရှန်မျိုးကိုလည်း အနည်းစုမွေးမြူနေကြပါတယ်။ ရွေးချယ်မွေးမြူထားတဲ့ ဒေသနွားတွေအနေနဲ့ နို့ထွက်ကောင်းတယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံခြားမျိုးနဲ့ယှဉ်မယ်ဆိုရင် နို့ထွက်အရမ်းနည်းပါတယ်။ ကျွန်တော်တို့ဌာနအနေဖြင့် ဒေသနွားမျိုးများ၏ မျိုးအောင်မြင်နှုန်းမြှင့်တင်ရေးစီမံကိန်းအတွက် သုတေသနစစ်တမ်းများ ကောက်ယူရန် နေပြည်တော်ရှိ ကျေးရွာတို့သို့ သွားရောက်လေ့လာခဲ့တဲ့အခါ နွားမွေးတောင်သူ အားလုံးနီးပါး နို့မညှစ်ကြတာကို တွေ့ရပါတယ်။ နို့ထွက်နှုန်း ကောင်းနိုင်မယ့် လက္ခဏာရှိ နွားမတချို့ကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့နို့မညှစ်ကြပါ။ ဘာကြောင့်လဲ မေးကြည့်တော့ နွားပေါက်စလေးနို့မဝမှာစိုးလို့ မညှစ်တာလို့ လူတိုင်းရဲ့ အဖြေတွေကတူနေတာ တွေ့ရတယ်။ ပြီးတော့ တချို့ကတော့ ညှစ်ချင်တယ် မညှစ်တတ်ဘူးပြောကြတယ်။ နို့ထွက်နည်းတော့ နွားမွေးမြူသူတွေအနေနဲ့ နို့ညှစ်ဖို့ စိတ်မဝင်စား။ ဒါကြောင့် ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ မွေးမြူရေး သုတေသနဌာနနဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွေ အနေနဲ့ အထွက်နှုန်းကောင်းပြီး ရာသီဥတုနဲ့ ရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိတဲ့ နွားမများကို ရွေးချယ်ရပါမယ်၊ ပြီးတော့ မျိုးမြှင့်ပေးတဲ့ သုတေသနတို့၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်တာတို့ကိုလုပ်ပြီး နွားမွေးတောင်သူတွေ အတွက် မျိုးကောင်းမျိုးသန့်တွေ ပေါပေါများများ ဖြန့်ဖြူးပေးနိုင်ဖို့၊ ပိုမိုကြိုးစားဆောင်ရွက်ပေးဖို့၊ ဌာနများအတွင်း ပိုမိုချိတ်ဆက်လုပ်ကိုင်ကြဖို့ လိုအပ်ပါတယ်။
ဒေသနဲ့ကိုက်ညီတဲ့ အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များကို အချိန်တိုအတွင်း ထုတ်လုပ်နိုင်ဖို့ မျိုးပွားအကူနည်းပညာ (Assisted Reproductive Technology)များကို သုတေသနဌာန လုပ်ငန်းများမှာရော၊ နို့စားနွားမွေးမြူရေး လုပ်ငန်းတွေမှာရော တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ဖို့ လိုအပ်ပါတယ်။
တိုးချဲ့တည်ထောင်လာမယ့် နို့စားနွားမွေးမြူရေး ဇုန်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်းထုတ် MSME လုပ်ငန်းတွေအတွက် ဒေသနဲ့ကိုက်ညီမယ့် မျိုးကောင်းမျိုးသန့်တွေကို စျေးချိုချိုနဲ့ ပေါပေါများများ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ အကျိုးဖြစ်ထွန်းမှု များစေမယ့် မွေးမြူနည်းစနစ်၊ လုပ်ငန်းစီမံခန့်ခွဲမှုနဲ့ ထိန်းကျောင်းမှုစနစ်များကို လုပ်ငန်းလုပ်ကိုင်ရန်စိတ်ဝင်စားသူများအား လေ့ကျင့်ပညာပေးခြင်း၊ အစာလုံလုံလောက်လောက် ရရှိနိုင်ရန်ဆောင်ရွက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းကို အစိုးရဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ စုပေါင်းဆောင်ရွက်မှုပေးခြင်းတို့ ဆောင်ရွက်မှသာ အကျိုးအမြတ်များလာမှာဖြစ်တယ်။ အဲဒါဆိုရင် ပြည်သူတွေအနေနဲ့ လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ဖို့ ပိုမိုစိတ်ဝင်စားလာမှာဖြစ်ပါတယ်။ နို့ထွက်ကောင်းတဲ့ နိုင်ငံခြားမျိုးများဟာ အရင်းအနှီး အလွန်ကြီးတဲ့အပြင် ရာသီဥတုဒဏ်၊ ကပ်ပါး အစရှိတဲ့ ရောဂါပိုးမွှားဒဏ်တို့ကို ခံနိုင်ရည်အားနည်းပြီး ရောဂါရလွယ်ခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းနဲ့ ပျက်စီးဆုံးရှုံးနိုင်ခြင်းတွေကြောင့် နို့ထုတ်လုပ်မှု ကုန်ကျစရိတ်ပိုမိုမြင့်မားကာ အကျိုးအမြတ်များ ရရှိသင့်သလောက် မရရှိတာတို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေမယ့်၊ ရာသီဥတုနဲ့ရောဂါပိုးမွှားဒဏ် ပိုမိုခံနိုင်မယ့် ဒေသနွားမျိုးများကို မျိုးမြှင့်တင်မွေးမြူခြင်းဖြင့် ထုတ်လုပ်မှုနဲ့ အကျိုးအမြတ် ပိုမိုကောင်းမွန်စေမယ့် နည်းလမ်းကို အသုံးပြုပါက မြန်မာ့နို့စားနွား မွေးမြူရေးဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ စာရေးသူတွေ့ကြုံခဲ့ရတာလေး တစ်ခုလောက် မျှဝေချင်ပါတယ်။ စာရေးသူက ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အိန္ဒိယနိုင်ငံ ဟာရီယာနားပြည်နယ် ကရနားမြို့ရှိ နို့နဲ့နို့ထွက်ပစ္စည်းဆိုင်ရာ သုတေသနဌာနတွင် ပါရဂူသင်တန်း တက်ရောက်ခဲ့စဉ်က သတိထားမိတာက အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုက အရမ်းကြမ်းပါတယ်။ ဒေသတစ်ခုနဲ့တစ်ခုလည်း ရာသီဥတုက အရမ်းကွာခြားပါတယ်။ သို့သော် အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ နို့နဲ့နို့ထွက်ပစ္စည်းထုတ်လုပ်မှု အမြင့်မားဆုံး နိုင်ငံတွေထဲမှာပါပါတယ်။ ဒေသခံနွားတွေကို မျိုးမြှင့်တင်ခြင်းများ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပြီး နို့ထွက်နှုန်းများမြင့်မားစွာ ရရှိနေကြပါတယ်။ နို့ပေးကာလ ရက်ပေါင်း ၃၀၅ ရက်မှာ ဆာဟိဝါးနွားမျိုးမှာ နို့ ၃၀၀၀ မှ ၄၀၀၀ ကီလိုဂရမ်၊ သာပါးကားနွားမျိုးမှာ နို့ ၂၂၀၀ မှ ၃၇၀၀ ကီလိုဂရမ်၊ ဒေသနွားမျိုးနဲ့ ဖရီရှန်နွားမျိုးကိုစပ်ထားတဲ့ စပ်မျိုးများဖြစ်တဲ့ ကာရမ်ဖရီးစ်မှာ နို့ ၄၅၀၀ မှ ၇၀၀၀ ကီလိုဂရမ်၊ ဒေသနွားနဲ့ ဘရောင်းဆွစ်နွားမျိုးကို စပ်ထားတဲ့ စပ်မျိုးကာရမ်ဆွစ်မှာ နို့ ၄၅၀၀ မှ ၆၅၀၀ ကီလိုဂရမ်နဲ့ ဒေသခံနို့စားကျွဲ မူရကျွဲမျိုးများမှာ နို့ ၃၀၀၀ မှ ၄၃၀၀ ကီလိုဂရမ်အထိထွက်ရှိနေကြောင်း လေ့လာမှတ်သား ခဲ့ရပါတယ်။ အဲဒီ သုတေသနဌာနမှာ နို့စားနွားနဲ့ နို့စားကျွဲ အကောင်ရေ ၂၀၀၀ ကျော်ကို မွေးမြူထားပြီး နွားစာအတွက် စားကျက်မြေဧက များစွာမှာ ရေသွင်းစနစ်ဖြင့် ရာသီသုံးမျိုးစလုံး မနားတမ်းစိုက်ပျိုးကာ နိုင်ငံတော်မှ မဟာသိပ္ပံနှင့် ပါရဂူသိပ္ပံ သင်တန်းသားများကို နှစ်စဉ်
နှစ်တိုင်း ပညာသင်ဆုများ ပေး၍ သုတေသန လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်အောင် စီမံဆောင်ရွက်နေကြတာကို အားကျဖွယ်တွေ့ခဲ့ရပါတယ်။ အဲဒီသုတေသနဌာနမှာ နို့ထွက်ပစ္စည်းအမျိုးမျိုးအတွက် သုတေသနတွေ လုပ်ဆောင်ရန် နို့လီတာပေါင်း ၆၀၀၀၀ ကျော်ကို စီမံခန့်ခွဲ လုပ်ဆောင်နိုင်တဲ့ နို့ထွက်ပစ္စည်းစက်ရုံ တစ်ခုကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ထိုသုတေသနဌာနမှ ထုတ်လုပ်ရောင်းချသော နို့ထွက်ပစ္စည်းများမှာ လူကြိုက်များတာ တွေ့ရပါတယ်။
သူတို့နိုင်ငံရဲ့မျိုးမြှင့်တင်ခြင်းလုပ်ဆောင်ပုံမှာ ဒေသနွားမျိုးတွေထဲ နို့ထွက်ကောင်းတဲ့ နွားမျိုးတွေကိုရွေးချယ်၊ မျိုးမြှင့်တင်ရေး သုတေသနတွေလုပ်၊ ပြီးတော့ မွေးမြူသူတွေကို ပြန်ဖြန့်၊ ဒါတွေကို စဉ်ဆက်မပြတ် အရှိန်အဟုန်နဲ့ လုပ်နေကြတာတွေ့ရပါတယ်။ အဲဒီအတွက် မျိုးပွားနှုန်း မြှင့်တင်မှုအကူ နည်းပညာတွေဖြစ်တဲ့ မျိုးပွားဆဲလ်များစုဆောင်းသိုလှောင်ခြင်း (semen cryopreservation)၊ မေထုန်မဲ့သားစပ်ခြင်း (Artificial insemination)၊ မျိုးကောင်းမျိုးသန့်အမြန်ပွားဖို့ မမျိုးဥများကိုစုဆောင်း၍ ဖန်ပြွန်သန္ဓေသားများ ဖန်တီးခြင်းနှင့် သန္ဓေသားကူးပြောင်းသန္ဓေဆောင်စေခြင်း နည်းပညာများ (In vitro embryo production and embryo transfer technologies)ကို သုတေသနပြု၍ တွင်တွင်ကျယ်ကျယ် သုံးပြုနေကြောင်း အားကျအတုယူဖွယ် တွေ့ခဲ့ရပါတယ်။ မေထုန်မဲ့သားစပ်ခြင်းမှာ အိန္ဒိယနိုင်ငံတွင် နွားမွေးတောင်သူများအကြား သားစပ်ခြင်းအလေ့အထ တစ်ခုလိုတောင်ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။ ပြည်နယ်တစ်ခုတည်းအတွင်းမှာပင် မျိုးပွားဆဲလ် ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းကို ဌာနပိုင်ရော၊ ပုဂ္ဂလိကပိုင်ရော အရေအတွက်မှာ ရာချီရှိကြောင်း လေ့လာသိရှိခဲ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း “နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်း MSME လုပ်ငန်းများ အကျိုးများေဖို့နှင့် တိုးတက်များပြားလာစေဖို့ ဒေသနွားမျိုးမြှင့်တင်လို့ မျိုးပွားအကူနည်းပညာများကို အားကိုးကြပါစို့”လို့တိုက်တွန်းရင်း မြန်မာ့နို့စားနွား မွေးမြူရေး MSME လုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်အောင်မြင်ပါစေကြောင်း ဆန္ဒပြုရေးသား လိုက်ပါတယ်။ ။
MWD Web Portal