နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဆိုတာ
Posted_Date
Image

Body
ကျွန်တော့်အစ်ကိုကြီးက နယ်မှာနေသူဖြစ်သည်။ သူ့ဇာတိ ဖျာပုံမြို့နယ် သလိပ်ကြီး ကျေးရွာမှာနေသည်။ အသက် ၈ဝ ကျော်ပြီ။ ၁၀ တန်းအဆင့်ထိ ကျောင်းနေခဲ့ဖူးသူဖြစ်၍ အရာရာကို စူးစမ်းလေ့လာသည်။ သတင်းစာဖတ်သည်။ တီဗွီကြည့်သည်။ သူသိချင်တာဆိုလျှင် ကျွန်တော့်ကိုဖုန်းဆက်၍ မေးလေ့ရှိသည်။
“အေးကွာ ငါသိချင်တာက ဟိုးတစ်နေ့က မင်းတို့အစည်းအဝေးလုပ်နေတဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအကြောင်းပဲ။ အခု တို့ရွာကလယ်သမားတွေထဲမှာ အတော်လေးအပြောများနေကြပြီး အများစုကလည်း နိုင်ငံတော်အစိုးရကိုအတော်လေးကျေးဇူးတင်နေကြတယ်။ အဲဒီနိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေက ဘယ်တုံးကစပြီးပေါ်လာတာလဲ။ ဘယ်လိုစပြီးလုပ်ပေးတာလဲဆိုတာ မင်းသိသလောက်ပြောပြစမ်းပါဦး”
အစ်ကိုကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအကြောင်းကိုမေးလာသည်။ ကျွန်တော်ကလည်း ပြောချင်နေသည်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံ၏လူများစုဖြစ်သည့် တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသည့်အစီအစဉ်ဖြစ်သဖြင့် တောင်သူ လယ်သမားအများစုကို သိစေချင်သည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏အသီးအပွင့်ကို တောင်သူလယ်သမားအများစုရရှိခံစားစေချင်သည်။
“နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက ၂ဝ၂၂ ခုနှစ်က စခဲ့တာအစ်ကိုကြီးရ။ အဲဒီနှစ် ၈ လပိုင်းလောက်မှာ နိုင်ငံတော် အကြီးအကဲက ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးရယ်၊ ဒုတိယဝန်ကြီးရယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရယ်ခေါ်တွေ့ပြီးတော့ နိုင်ငံတော်အနေနဲ့ ငွေကျပ်ဘီလီယံ ၅ဝဝ ခန့်ကို တောင်သူလယ်သမားတွေ၊ မွေးမြူရေးသမားတွေအတွက် ကူညီထောက်ပံ့ပေးချင်ကြောင်း၊ ငွေသားမပေးဘဲ လယ်သမားဆိုရင် မျိုးစေ့နဲ့ဓာတ်မြေဩဇာအပါအဝင် သွင်းအားစုတွေ ပေးချင်ကြောင်း၊ ငွေသားမပေးဘဲ ပစ္စည်းကိုပဲပေးချင်ကြောင်း၊ သီးနှံထွက်လာရင်လည်း သွင်းအားစုပေးတဲ့အဖွဲ့နဲ့ နောက်တစ်ဖွဲ့က ဝယ်ယူကြိတ်ခွဲ၊ ရောင်းချရေးအဖွဲ့က ယူထားတဲ့သွင်းအားစုဖိုးကို ကိုယ့်လယ်ကထွက်တဲ့သီးနှံနဲ့ပြန်သွင်းပြီး ပိုလျှံတဲ့သီးနှံကိုတော့ တောင်သူကစိတ်ကြိုက်ရောင်းချဖို့ပါပဲ။
သီးနှံပေါ်ချိန်မှာတော့ ဈေးနှုန်းသတ်မှတ်ပြီး အဲဒီဈေးနှုန်းနဲ့ပေးသွင်းဖို့ပါပဲ။
မွေးမြူရေးသမားအတွက်လည်း ဒီလိုပါပဲ။ မွေးချင်တဲ့ အသားတိုးကြက်၊ အသားတိုးဝက်၊ အသားစားဘဲတွေကို မျိုးပေးတဲ့ကုမ္ပဏီက မျိုးပေး၊ အစာပေးတဲ့ကုမ္ပဏီ၊ ဆေးဝါးပေးတဲ့ကုမ္ပဏီက အစာ၊ ဆေးဝါးပေး။
အချိန်တန်လို့ထုတ်ရောင်းတော့မယ်ဆိုရင် ဝယ်တဲ့အဖွဲ့က ဒေသပေါက်ဈေးနဲ့ ဝယ်ပေးဖို့ပါပဲ။ အဲဒီလိုလုပ်ဖို့ နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပေးပါတယ်။ အဲဒီပစ္စည်းယူတဲ့တန်ဖိုးငွေ ၁ဝဝ ကျပ်ကို တစ်နှစ်တစ်ကျပ်ထက် မပိုတဲ့အတိုးနှုန်းနဲ့ပေးဖို့ အသေးစိတ်စီမံချက် ကျွန်တော်တို့ကို ရေးဆွဲခိုင်းတယ်။ တစ်ပတ်အချိန်ပေးပြီး နောက်တစ်ပတ်မှာ လယ်သမားတွေကိုပေးမယ့် အစီအစဉ်တစ်ခါတည်း တင်ပြပြီး ငွေကိုလည်းတစ်ခါတည်းပေးမယ် ပြောပါတယ်။
အဲဒါနဲ့ ကျွန်တော်တို့လည်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တွေကိုခေါ်ပြီး နိုင်ငံတော်အကြီးအကဲရဲ့စေတနာနဲ့ တောင်သူ လယ်သမားတွေရဲ့ လိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့ ငွေပေးငွေယူစည်းမျဉ်းစည်း ကမ်းတွေ၊ စိုက်ပျိုးသီးနှံအတွက် မျိုးအပါအဝင်သွင်းအားစုလိုအပ်ချက်တွေ၊ စပါး၊ ပဲတီစိမ်း၊ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာတွေအတွက် သီးနှံတစ်မျိုးချင်း ကုန်ကျစရိတ်တွေတွက်ချက်ရတယ်။
နောက်ပြီး အရေးကြီးတာက စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီတွေ ဖွဲ့စည်းဖို့ပဲ။ ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကော်မတီတွေဖွဲ့စည်းဖို့ ဖွဲ့စည်းပုံဆွဲရတယ်။ လုပ်ငန်းတာဝန်တွေ အသေးစိတ်ရေးဆွဲရတယ်။ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ ရေးဆွဲရတယ်။
ပြီးတော့ နိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်ချက်က တောင်သူလယ်သမားတွေကို ငွေသားတိုက်ရိုက်ပေးလိုက်ရင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှာမသုံးဘဲ တခြားနေရာရောက်သွားမှာစိုးတာကြောင့် စပါးစိုက်ချင်တဲ့တောင်သူဆိုရင် မျိုးစပါးပေးမယ်၊ မြေဩဇာပေးမယ်၊ ပိုးသတ်ဆေးလိုရင် ပိုးသတ်ဆေးပေးမယ်။
ဒီနေရာမှာ အကြီးအကဲလမ်းညွှန်တာက တောင်သူလိုချင်တဲ့ အမျိုးအစားနဲ့အမှတ်တံဆိပ်ကိုပေးဖို့ပဲ။
ကိုယ်ပေးချင်တာပေးပြီး ယူချင်ယူမယူချင်နေလုပ်လို့မရဘူး။ မွေးမြူရေးဆိုရင်လည်း အတူတူပဲ။ မွေးမြူရေးသမားလိုချင်တဲ့ အသားတိုးဝက်မျိုး၊ အသားတိုးကြက်မျိုး သူတို့လိုချင်တဲ့မျိုးကို သူတို့လိုချင်တဲ့ ကုမ္ပဏီကနေ ချိတ်ဆက်ပေးရမှာ။
နောက်တစ်ပတ်မှာ နိုင်ငံတော်အကြီးအကဲနဲ့ ထပ်မံတွေ့ဆုံရပြီး ယခင်အဖွဲ့ဝင်များအပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီးပါထပ်တိုးလာတယ်။ ဝန်ကြီးသုံးဦးနဲ့ ဒုတိယဝန်ကြီး တစ်ဦးပေါ့။ ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက ငွေချေးပေးမယ့် အစီအစဉ်ကို ရှင်းလင်းတင်ပြတော့ နိုင်ငံတော်အကြီးအကဲက လိုအပ်တာတွေကို ဖြည့်စွက်ညွှန်ကြားပြီး သီးနှံအလိုက် တစ်ဧကစိုက်ရင် မျိုးဖိုးနှင့်သွင်းအားစုဖိုးတွေ ဘယ်လောက်လိုမလဲမေးတယ်။ အဲဒီတုန်းက ၂ဝ၂၂ ခုနှစ် ဩဂုတ်လဖြစ်တာကြောင့် နွေစပါးစိုက်ရင် စပါးမျိုးဖိုး၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအပါအဝင် တစ်ဧကကို နှစ်သိန်းလိုမယ်။ ပဲတီစိမ်းစိုက်ရင် မျိုးဖိုးအပါအဝင် သွင်းအားစုဖိုးငွေကျပ်တစ်သိန်းနှစ်သောင်းလိုမယ်လို့ ကျွန်တော်တို့တင်ပြခဲ့ကြတယ်။ အဲဒီအတွက်ကြောင့် နွေစပါး ဧက ၈၅ဝဝဝဝ အတွက် ငွေကျပ် ၁၇ဝ ဘီလီယံနဲ့ ပဲတီစိမ်းတစ်ဧကကို တစ်သိန်းနှစ်သောင်းနှုန်းနဲ့ပဲတီစိမ်းဧက ၅ သိန်းအတွက် ငွေကျပ် ၆ဝ ဘီလီယံ စုစုပေါင်းဘီလီယံ ၂၃ဝ ကျွန်တော်တို့ကို ခွင့်ပြုချထားပေးခဲ့တယ်။
ဝက်မွေးမြူရေးကတော့ တစ်ယူနစ်ကို ကောင်ရေ ၁ဝဝ သတ်မှတ်တယ်။ အဲဒီတုန်းက ဝက်သားခွဲတစ်ကောင်ကို နှစ်သိန်းလောက်ဈေးရှိပြီး ဈေးထုတ်ရောင်းတဲ့အချိန်ထိ ဝက်တစ်ကောင်မွေးမယ်ဆိုရင် အစာဖိုးအပါအဝင် ၇ သိန်းလောက် ကုန်တယ်။ အဲဒါကြောင့် ဝက်အကောင် ၁ဝဝ မွေးရင် သိန်း ၇ဝဝ ကုန်မယ်။ အဲဒါကြောင့် ဝက်တစ်ယူနစ်မွေးမယ်ဆိုရင် ကုန်ကျစရိတ်ရဲ့တစ်ဝက်ဖြစ်တဲ့ သိန်း ၃၅ဝ ချေးပေးဖို့ ကျွန်တော်တို့တင်ပြခဲ့ပါတယ်။ အဲဒီလိုပဲ အသားစားကြက်အကောင် ၃ဝဝဝ၊ အသားစားဘဲ အကောင် ၃ဝဝဝ ကို တစ်ယူနစ်သတ်မှတ်ပြီး အသားစားကြက်က ရက် ၄ဝ မှ ၄၂ ရက်မွေးရင် ကြက်အကောင် ၃ဝဝဝ ကို သိန်း ၃ဝဝ လောက်ကုန်တယ်။ အဲဒါကြောင့် အသားစားကြက်၊ အသားစားဘဲ မွေးမယ်ဆိုရင် အကောင် ၃ဝဝဝ တစ်ယူနစ်ကို သိန်း ၁၅ဝ ချေးပေးဖို့ ကျွန်တော်တို့တင်ပြခဲ့ပါတယ်”“အေး ချေးပေးတဲ့ ချေးငွေကတော့ ဟုတ်ပါပြီ။ ဘယ်အချိန်ပြန်ဆပ်ရမယ်ဆိုတာ မင်းတို့ဘယ်လိုသတ်မှတ်ထားသလဲ။ ဘယ်လိုတင်ပြခဲ့သလဲ။ နောက်တစ်ခုက အချိန်တန်လို့ ပြန်မဆပ်နိုင်ရင်ရော ဘယ်လိုအရေးယူဆောင်ရွက်ဖို့ စီမံထားသလဲ”
အစ်ကိုကြီးက အချက်အလက်များကို အသေးစိတ်နားစိုက်နေရာမှ စိတ်ဝင်တစားမေးသည်။“အစ်ကိုကြီး မေးတာ တကယ်အရေးကြီးတဲ့အချက်ပဲ။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက အရင်းမပျောက် မတည်ငွေ ဖြစ်ပါတယ်။ ပျောက်ပျက်လို့မရပါဘူး။ ပြီးတော့ နှစ်ချင်းချေးငွေ ဖြစ်ပါတယ်။
စိုက်ပျိုးရေးမှာ နွေစပါးဖြစ်ဖြစ်၊ ပဲတီစိမ်းဖြစ်ဖြစ် တစ်ကြိမ်ပြည့်ရင် မပြည့်မီပြန်ဆပ်ရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ မွေးမြူရေးမှာလည်း ဝက်မွေးမွေး၊ အသားတိုးကြက်၊ အသားစားဘဲမွေးမွေး တစ်နှစ်အတွင်း ပြန်ဆပ်ရပါမယ်။ ဝက်ကတော့ သားခွဲဝယ်ပြီးမွေးရင်ခြောက်လ၊ ခုနစ်လဆိုရင် ရောင်းလို့ရပြီ။ ရောင်းပြီးပြန်ဆပ် ဒါမှမဟုတ် နောက်တစ်သားဆက်ပြီး မွေးလို့ရပါတယ်။ အသားစားကြက်၊ အသားစား ဘဲကတော့ ရက်သားကြက်ဝယ်ပြီးမွေးရင် ၄၂ ရက်လောက်ဆိုရင် တစ်ပိဿာနှစ်ဆယ်၊ တစ်ပိဿာသုံးဆယ်လောက်ဖြစ်လာမယ်။ ၄၇ ရက်မှ ၄၈ ရက်ဆိုရင် တစ်ပိဿာငါးဆယ်၊ ခြောက်ဆယ်လောက်ဖြစ်လာမယ်။ မွေးတဲ့လူက ဈေးကွက်အပေါ်မူတည်ပြီး ထုတ်ရောင်းမယ်။ ပြီးတော့ နောက်တစ်သုတ်ပြန်ပြီးမွေးမယ်ဆိုရင် တစ်နှစ်ကို လေးသုတ်၊ ငါးသုတ်လောက်မွေးလို့ရမယ်။ ဈေးကွက်အပေါ်မူတည်ပြီး တစ်သုတ်ကို သိန်း ၁ဝဝ ကတော့ အနည်းဆုံးမြတ်တယ်။ အဲဒါကြောင့် သေချာစီမံချက်ချပြီး စနစ်တကျမွေးမယ်ဆိုရင် ကြက်မွေးမြူရေးသမားလည်း အထင်သေးလို့မရဘူး။ တစ်နှစ်ကို သိန်းလေးငါးရာဆိုတာ အေးအေးလေးရနိုင်တဲ့လုပ်ငန်းပါပဲ”“အေးကွာ မင်းပြောတော့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက တို့စိုက်ပျိုးမွေးမြူရေးသမား၊ အခြေခံလူတန်းစားတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ လူမှုစီးပွားရေးဘဝတိုးတက်ဖွံ့ဖြိုးဖို့ တကယ့်အထောက်အပံ့ကောင်းပါ။ ဒါ့ကြောင့် တို့ရွာက လယ်သမားတွေ၊မွေးမြူရေးသမားတွေ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေရချင်ကြတာကိုး”အစ်ကိုကြီးက တွေးတွေးဆဆ မှတ်ချက်ချလိုက်သည်။
“အစ်ကိုကြီးတွေးတာမှန်ပါတယ် အစ်ကိုကြီး။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစပြီးချေးပေးတော့ အတိုးနှုန်းနည်းလွန်းလို့ စိုက်ပျိုးမွေးမြူရေး သမားတွေက မဝံ့မရဲဖြစ်နေကြတယ်။ နောက်ပြီး ကျွန်တော်တို့ ငွေချေးပေးတဲ့အချိန်ကလည်း ဧရာဝတီတိုင်းတို့၊ ရန်ကုန်တိုင်းတို့ဆိုရင် အတော်များများက စိုက်ပြီးဖြစ်နေကြတာကြောင့် မယူကြတော့ဘူး။ အဲဒါကြောင့် အဲဒီပထမဆုံးချေးငွေအသုတ်မှာ ပဲတီစိမ်းအတွက် ချေးငွေဘီလီယံ ၆ဝ မှာ ၄ဝ ဒသမ၂၉၅ ဘီလီယံပဲ ချေးယူကြတယ်။ နွေစပါးအတွက်လည်း ၁၇ဝ ဘီလီယံချေးပေးဖို့ နိုင်ငံတော်ကထုတ်ပေးရာမှာ ၁၃၈ ဒသမ ၈၈၈ ဘီလီယံပဲ ထုတ်ချေးကြပါတယ်”“အေး ကောင်းတာပေါ့ကွာ။ တို့လယ်သမားတွေအတွက် ငွေကြေးအရင်းအနှီးက အရေးကြီးဆုံးပဲဟာ။
နိုင်ငံတော်က အခုလိုထုတ်ပေးတော့ အများကြီးအထောက်အပံ့ရတာပေါ့။ ဒါနဲ့ တစ်နှစ်ပြည့်တော့ မင်းတို့ပြန်ပြီးကောက်တဲ့အခါမှာရော ဘယ်လောက်ပြန်ဆပ်ကြသလဲ။ အဆင်ပြေရဲ့လား”“ပြေပါတယ်အစ်ကိုကြီး။ နိုင်ငံတော်အစိုးရရဲ့စေတနာကို တောင်သူတွေက နားလည်လက်ခံကြတော့ ပဲတီစိမ်းရော နွေစပါးပါ နှစ်ခုပေါင်း ၁၇၄ ဒသမ ၁၈၄ ဘီလီယံ ထုတ်ချေးရာမှာ ၁၇၁ ဒသမ ၂၇၈ ဘီလီယံ ပြန်လည်ကောက်ခံရရှိတာကြောင့် ၉၉ ရာခိုင်နှုန်း ပြန်လည်ရရှိတယ်လို့ ပြောလို့ရပါတယ်။”
“အေး ကောင်းတယ်ကွာ။ ဒါနဲ့ မင်းတို့ဘယ်ပြည်နယ်နဲ့ တိုင်းတွေမှာ ချေးပေးတာလဲ”“ဟုတ်ကဲ့ပါ အစ်ကိုကြီး။ ပဲတီစိမ်းအတွက်တော့ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ချေးပေးတာပါ။ နွေစပါးအတွက်ကတော့ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာပဲဖြစ်ပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၇၄ ဒသမ ၂၄ဝ ဘီလီယံ အများဆုံးယူတာက ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးက ၄၂ ဘီလီယံနဲ့ ဒုတိယအများဆုံး၊ မန္တလေးတိုင်းဒေသကြီးက ၆ ဒသမ ၅ ဘီလီယံနဲ့ တတိယအများဆုံးဖြစ်ပါတယ်။ အဓိကက ကျွန်တော်တို့ဝန်ထမ်းတွေ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကော်မတီများရဲ့ ကြိုးပမ်းအားထုတ်မှုပဲဖြစ်ပါတယ်” “ကဲ ဟုတ်ပါပြီ။ မင်းတို့အခုလို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့မျိုးတွေ၊ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ ထောက်ပံ့လိုက်တော့ အကျိုးအမြတ် ဘာတွေဖြစ်လာသလဲ။ အထွက်နှုန်းတွေရော တိုးလာသလား”
“အထွက်နှုန်းတိုးတာပေါ့ အစ်ကိုကြီးရ။
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးသုံးခုမှာ တစ်ဧကပျမ်းမျှ အထွက်နှုန်း ၁ ဒသမ ၈၄ တင်းပိုလာပါတယ်။
ပဲတီစိမ်းအထွက်နှုန်း အကောင်းဆုံးက ပဲခူးတိုင်းဒေသကြီးမှာ တစ်ဧကအမြင့်ဆုံး ၂၇ ဒသမ ၅ဝ တင်းထွက်ပါတယ်။ ဒုတိယက ဧရာဝတီတိုင်းဒေသကြီးမှာ တစ်ဧက ၂၃ တင်းထွက်ပြီး တတိယကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ တစ်ဧက ၂ဝ ဒသမ ဝ၄ တင်းထွက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပျမ်းမျှ မူလအထွက်နှုန်းထက် ၁ ဒသမ ၈၄ တင်း (နှစ်တင်းနီးပါး)ပိုပြီးထွက်တာကြောင့် လယ်သမားတွေအားလုံး ကျေနပ်ဝမ်းသာဖြစ်ရပါတယ်”“အေး ကောင်းပါပြီ။ အထွက်တိုးတာတော့ မှန်ပါရဲ့။ အမြတ်ကရော ဘယ်လောက်တိုးသလဲ”“အဲဒီနှစ်က ပဲခူးတိုင်းဒေသကြီးက ပဲတီစိမ်းစိုက်တောင်သူတစ်ဦးတစ်ဧကကုန်ကျစရိတ်ငွေကျပ် ၄၄၂၅ဝဝ ဖြစ်ပြီး ပဲတီစိမ်းရောင်းရငွေကျပ် ၁၅၄၉၈ဝဝ ဖြစ်တဲ့အတွက် တစ်ဧကကို ငွေကျပ်၁၁ဝ၇၃ဝဝ မြတ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက တောင်သူတစ်ဧကကုန်ကျစရိတ် ငွေကျပ် ၂၇၇၆ဝ၉ ဖြစ်ပြီး တစ်ဧကဝင်ငွေက ၉၆၉၁၂၅ ကျပ်ဖြစ်တာကြောင့် တစ်ဧကကို ၆၉၁၅၁၆ ကျပ်မြတ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက ပဲတီစိမ်းစိုက်တောင်သူတွေကတော့ တစ်ဧကစိုက်စရိတ်ငွေကျပ် ၇၂၅ဝဝဝ ဖြစ်ပြီး ပဲတီစိမ်းပြန်ရောင်းရငွေတစ်ဧက ၁၃၃၃၃၃၃ ကျပ်ရတာကြောင့် တစ်ဧကကို ၆ဝ၈၃၃၃ ကျပ်မြတ်ပါတယ်”“အေး ဟုတ်ပါပြီ။ မင်းက ပဲတီစိမ်းအကြောင်းချည်း ပြောနေတယ်။ နွေစပါးအခြေအနေလေးလည်း ပြောဦးလေကွာ။ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထောက်ပံ့မှုကြောင့် တို့တောင်သူတွေ စပါးဘယ်လောက်အထွက်တိုး တယ်၊ ဝင်ငွေဘယ်လောက်တိုးတယ်ဆိုတာလည်း ပြောစမ်းပါဦး”စပါးအထွက်နှုန်းတိုး“နွေစပါးမှာတော့ ပြီးခဲ့တဲ့နှစ်က နေပြည်တော်နဲ့ တိုင်းဒေသကြီး ခြောက်ခုမှာ စိုက်ခဲ့ပါတယ်။ အထွက်နှုန်းအကောင်းဆုံးက ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး အထွက်နှုန်းအမြင့်ဆုံး တစ်ဧက တင်း ၁၆၀ နဲ့ ပျမ်းမျှအထွက်နှုန်းက ၁၀၁ ဒသမ ၈၁၃ တင်းဖြစ်ပါတယ်။ ဒုတိယအထွက်နှုန်းအမြင့်ဆုံးက နေပြည်တော်ကောင်စီနယ်မြေဖြစ်ပြီး အမြင့်ဆုံးအထွက်နှုန်းက တစ်ဧက ၁၃၇ တင်းဖြစ်ပါတယ်။ တတိယအထွက်နှုန်းအမြင့်ဆုံးက ပဲခူးတိုင်းဒေသကြီးဖြစ်ပြီး တစ်ဧက ၁၃၀ ဒသမ ၅၀ တင်းထွက်ပါတယ်။ အသားတင်အကျိုးအမြတ်အများဆုံးကတော့ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး တစ်ဧကအသားတင်အမြတ် ၁၃၁၈၃၅၈ ကျပ်မြတ်ပါတယ်။ ဒုတိယအများဆုံးကတော့ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး တစ်ဧကပျမ်းမျှအသားတင်အမြတ် ၁၁၉၃၇၉၃ ကျပ်မြတ်ပါတယ်။ တတိယအမြတ်များတာကတော့ နေပြည်တော်ကောင်စီနယ်မြေဖြစ်ပြီး တစ်ဧကပျမ်းမျှအသားတင် ၁ဝ၆၃၈၂၆ ကျပ် မြတ်ပါတယ်။”
“အေးကွာ။ မင်းပြောတဲ့ အမြတ်တွေက တကယ့်ကိုအားရစရာပါပဲ။ ဘာကြောင့် ဒီလိုအမြတ်တွေ ရတယ်ဆိုတာလည်းရှင်းပြပါဦး”အကျိုးကျေးဇူး“ဟုတ်ကဲ့ပါအစ်ကိုကြီး။ ကျွန်တော်တို့နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းမှာက သီးနှံစိုက်တဲ့မျိုး၊ မျိုးနဲ့ပတ်သက်ရင် အဖြစ်
မစိုက်ခိုင်းဘဲ အထွက်ကောင်းတဲ့မျိုး၊ မျိုးကောင်းမျိုးသန့်ကိုရွေးချယ်စိုက်ပျိုးဖို့ စည်းရုံးဆောင်ရွက်တာဟာ အောင်မြင်ခြင်းရဲ့ လမ်းစပါ။ အစ်ကိုကြီးသိတဲ့အတိုင်း နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်မှာ သီးနှံအထွက်ကောင်းအောင်၊ ပန်းတိုင်အထွက်နှုန်းရရှိအောင် မျိုး၊ မြေ၊ ရေ၊ နည်းဆိုတဲ့ နည်းလမ်းလေးသွယ်ကို လိုက်နာခိုင်းတယ်။ ဒါ့ကြောင့် ပထမအချက်သီးနှံမျိုးကို အကောင်းဆုံးရွေးချယ်စိုက်ပျိုးစေတယ်။
ဒုတိယအချက်က မြေ၊ မြေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစ်ကိုကြီးတို့ အဘိုးအဘွားတွေ လက်ထက်ကတည်းက မြေကိုညက်ညက်ထွန်ဖို့၊ စိပ်စိပ်စိုက်ဖို့ မှာခဲ့ကြတယ်။ ဒါကလည်း သမားရိုးကျဖြစ်ပေမယ့် တကယ်လိုက်နာသင့်တဲ့ကိစ္စရပ်ပဲ။ ပြီးတော့ မြေပြုပြင်တာ၊ ထယ်ရေးလှန်တာ၊ အာဟာရပြည့်ဝအောင် သစ်စိမ်းမြေဩဇာ၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာထည့်တာတွေက မဖြစ်မနေလုပ်ရမယ့်အလုပ်ပဲလေ။
တတိယအချက်က စိုက်ပျိုးရေ၊ စိုက်ပျိုးရေနဲ့ပတ်သက်ပြီး အလေးထားဖို့လိုတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ရေများရင် လျှော့မယ်။ ရေနည်းရင်သွင်းမယ်။ ဒါက ကျွန်တော်တို့ စိုက်ပျိုးရေးတောင်သူတွေ မဖြစ်မနေလုပ်ရမယ့်အလုပ်ပဲလေ။ အဲ စတုတ္ထအချက်ကတော့ နည်းပဲ။
ဒီနေရာမှာ စိုက်ပျိုးတဲ့နည်းလမ်း၊ စိုက်ပျိုးစနစ် ဒါတွေသည် ခေတ်မီရမယ်။ အမြဲသုတေသနပြုနေရမယ်။ အလားတူပဲ မြေဩဇာကျွေးတာ၊ အပင်အားဆေးဖျန်းတာ၊ ပိုးသတ်ဆေးဖျန်းတာ အပါအဝင် ဆောင်ရွက်တဲ့ နည်းလမ်းတွေဟာ အမြဲတမ်းသုတေသနပြုနေရင် အထွက်နှုန်းတိုးပြီး အောင်မြင်မှာ ဖြစ်ပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်မှာ အရည်အသွေး၊ မှန်ကန်တဲ့သွင်းအားစုကို လိုအပ်တဲ့အချိန်မှာ လုံလောက်တဲ့ပမာဏကို ပြည့်ပြည့်ဝဝသုံးစွဲရခြင်းသည်လည်း အထွက်နှုန်း တိုးစေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ဒါ့အပြင် ထွက်ရှိလာတဲ့သီးနှံကို မှန်ကန်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူမယ့် ဝယ်ယူကြိတ်ခွဲရောင်းချတဲ့ အစုအဖွဲ့ထည့်သွင်းဖွဲ့စည်းထားခြင်းကလည်း ဈေးနှုန်းမှန်ကန်ပြီး မှန်ကန်တဲ့ဈေးကွက်ရှိခြင်းကြောင့် စိုက်ပျိုးသူတောင်သူတွေအတွက် ရင်အေးစေရပါတယ်”“ကဲ ကိုအောင် မင်းပြောပြလို့ ၂ဝ၂၂-၂ဝ၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်နဲ့ ဆောင်ရွက်တဲ့ ပဲတီစိမ်း၊ နွေစပါးစိုက်ပျိုးမှုအစီအစဉ်တွေတော့ အသေးစိတ်သိရပြီ။ အဲဒီနောက်ပိုင်း ဆက်ပြီးလုပ်တဲ့ မိုးစပါး၊ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာနဲ့နွေစပါး အစီအစဉ်လေးတွေလည်း ပြောပြစမ်းပါဦး”“နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်နဲ့ ကျွန်တော်တို့ လုပ်ခဲ့တာတွေကတော့ အထူးသဖြင့် ပဲတီစိမ်း၊ နွေစပါးနဲ့မိုးစပါး အစီအစဉ်တွေကိုပြောရရင် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မှာ ပဲတီစိမ်း ၃၃၅၇၉၉ ဧကနဲ့ နွေစပါး ၆၆၉၄၄၃ ဧက၊ ၂ဝ၂၃-၂ဝ၂၄ ခုနှစ်မှာ မိုးစပါး ၆၇၁ဝ၆၂ ဧကနဲ့နွေစပါး ၇၃၉၄၉၃ ဧက၊ ၂ဝ၂၄-၂ဝ၂၅ ခုနှစ်မှာ မိုးစပါး ၈၆၃၂၆၂ ဧကနဲ့ နွေစပါး ၆၉ဝ၅၂၉ ဧကတို့ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာနဲ့ပတ်သက်ရင်တော့ ၂ဝ၂၃-၂ဝ၂၄ ခုနှစ် ဆောင်းသီးနှံ မြေပဲ ၁၁၆၄၆၇ ဒသမ ၅ ဧကနဲ့ နှမ်းသီးနှံ ၂၆၃၃၃ ဧကဆောင်ရွက်နိုင်ခဲ့ပြီး ၂ဝ၂၄-၂ဝ၂၅ ခုနှစ်မှာ မိုးမြေပဲ ၈၇၉၁၃ ဧကစိုက်ပျိုးခဲ့ပါတယ်။ ၂ဝ၂၄-၂ဝ၂၅ ခုနှစ် ဆောင်းသီးနှံအနေနဲ့ မြေပဲ ၉၉၅၁၈ ဧက၊ နှမ်း ၃၇၁၃ ဧကနဲ့နေကြာ ၄၉၄ဝ၂ ဧက စုစုပေါင်းဆီထွက်သီးနှံ ၁၅၂၆၃၃ ဧက နိုင်ငံ့စီးပွားအစီအစဉ်နဲ့ စိုက်ပျိုးခဲ့ပါတယ်”“အေး စိုက်တာပျိုးတာနဲ့အထွက်နှုန်းတွေကတော့ တဖြည်းဖြည်းတိုးတက်လာတာ အားရစရာပါပဲ။ ဒီအတိုင်းဆိုရင် ဟိုတုန်းက ပြောခဲ့ကြတဲ့ “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ”တော့မှာပါပဲ။ ဝမ်းသာစရာပါကွာ။ ဒါနဲ့မင်းတို့ ထောက်ပံ့ပေးတဲ့နှုန်းထားက ဘယ်လောက်နှုန်းလဲ”
“ပထမ ၂ဝ၂၂ ခုနှစ်ကစပြီး ထောက်ပံ့တုန်းက နွေစပါးတစ်ဧကငွေကျပ် ၂ သိန်းနှုန်း၊ ပဲတီစိမ်းတစ်ဧကငွေကျပ် ၁ ဒသမ ၂ သိန်းနှုန်း၊ မြေပဲတစ်ဧက ငွေကျပ် ၃ သိန်းနှုန်း၊ နှမ်းတစ်ဧကငွေကျပ် ၁ ဒသမ ၅ သိန်းနှုန်း၊ နေကြာတစ်ဧကငွေကျပ် ၂ သိန်းနှုန်းနဲ့ ညီမျှတဲ့သွင်းအားစုတွေ တောင်သူတွေကို ထုတ်ချေးပေးခဲ့ပါတယ်။ ၂ဝ၂၃-၂ဝ၂၄ ခုနှစ်ကစပြီး မျိုးစေ့ထည့်သွင်းသုံးစွဲရေးအပါအဝင် စပါးတစ်ဧကကို ငွေကျပ် ၂ ဒသမ ၅ သိန်းနှုန်း၊ မြေပဲတစ်ဧကကိုငွေကျပ် ၄ သိန်းနှုန်း၊ နှမ်းတစ်ဧကကို ငွေကျပ် ၂ သိန်းနှုန်း၊ နေကြာတစ်ဧကကို ငွေကျပ် ၂ ဒသမ ၅ သိန်းနှုန်းနဲ့ညီမျှတဲ့ သွင်းအားစုတွေကို ထောက်ပံ့ပေးနေပါတယ်”
“အေးကွာ ကောင်းတယ်။ နိုင်ငံတော်က အခုလုပ်ပေးတဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဟာ တို့တောင်သူတွေအတွက် တကယ့်ကိုအကျိုးရှိတဲ့အစီအစဉ်ပဲ။ ဒါနဲ့ပတ်သက်ရင် နိုင်ငံတော်အကြီးအကဲ အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့သလို “နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေး အခြေအနေ ကောင်းများ ဖန်တီးပေးဖို့လိုတယ်”ဆိုတဲ့လမ်းညွှန်ချက်ကို တိုက်ရိုက် အကောင်အထည်ဖော်တဲ့ အစီအစဉ်ပဲ။ ဒီနိုင်ငံ့စီးပွားဖွံ့ဖြိုးရေး အစီအစဉ်ကြောင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရုံသာမက တို့နိုင်ငံကတောင်သူတွေရဲ့လူမှုစီးပွားဘဝတွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာသေချာတယ်လို့ ငါတော့ ယုံကြည်တယ်ကွာ”အစ်ကိုကြီးက ခိုင်မာလေးနက်သော ယုံကြည်ချက်ဖြင့် မှတ်ချက်ပြုလိုက်ခြင်း ဖြစ်ပါသည်။ ။