နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့

Posted_Date

Image

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့

Body

မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်ကြွယ်ဝပြီး စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးရန် အထူးလိုအပ်သည်။ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆိုသည့်အတိုင်း ပြည်တွင်းထုတ်လုပ်မှုများကို မြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ 

နိုင်ငံစီးပွားရေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍဟူ၍ ကဏ္ဍသုံးရပ် ရှိသည့်အနက် နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှီတင်းနေထိုင်ကြသည့် ကျေးလက်ဒေသ၏ အဓိက စီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးသည် အရေးကြီးဆုံးအချက် ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည်  ဦးတည်ချက် (၄) ရပ်ချမှတ် ဆောင်ရွက်ရာတွင်  ဒုတိယအချက်ဖြစ်သည့် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ် ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ( Agro- based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို  စဉ်ဆက်မပြတ်မြှင့်တင်ရေး”ဟူ၍ ပါရှိသည်။

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးသည် အဓိကကျသည့်အချက်ဖြစ်သည်။ စီးပွားရေးအား ကောင်းမွန်မှသာလျှင် နိုင်ငံရေးအားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ နိုင်ငံစီးပွားတိုးတက်မြင့်မားရေးတို့အတွက် ပြည်သူအားလုံးက အမှန်တကယ် အလုပ်လုပ်ကြရမည်ဖြစ်သည်။  မြန်မာနိုင်ငံသည် မြေသား၊ ရေသယံဇာတပေါကြွယ်သည့် နိုင်ငံဖြစ်သည့်အတွက် အလုပ်လုပ်လျှင် လုပ်နိုင်သလောက်  အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။  သို့ဖြစ်ရာ အမှန်တကယ်အလုပ်လုပ်နိုင်ရန်အတွက်  အလုပ်အကိုင် အခွင့်အလမ်း များကိုလည်း ဖန်တီးပေးရမည်ဖြစ်သည်။

နိုင်ငံတော်တိုးတက်ရေး ပြည်တွင်းထုတ်လုပ်မှုကို ဦးစားပေးမြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန် ဖွံ့ဖြိုးရေးအတွက် လယ်ယာ၊ စက်မှု၊ လက်မှုနှင့် အခြားကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့ပြီး ပြည်တွင်းသုံးပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ ပြည်ပမှတင်သွင်းကုန်များအပေါ် မှီခိုမှုလျှော့ချကာ ပြည်တွင်းထုတ်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် နိုင်ငံ့ငွေကြေးအပ်နှံမှုကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ 

နိုင်ငံသားတိုင်းကလည်း မိမိတို့နိုင်ငံ၏ထုတ်ကုန်များကို ဦးစားပေးဝယ်ယူသုံးစွဲခြင်းဖြင့် ပြည်တွင်းစီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ပြည်ပကုန်ပစ္စည်းများထက် ပြည်တွင်းထုတ်ပစ္စည်းများကို ပိုမိုရွေးချယ်ဝယ်ယူခြင်းဖြင့် ဒေသခံလုပ်ငန်းရှင်များ၏ စီးပွားရေးတိုးတက်မှုကို အားပေးရာရောက်သည်။ ထို့ကြောင့် ကုန်ထုတ်လုပ်မှုအား မြှင့်တင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ အစိုးရအနေဖြင့် စက်မှုဇုန်များ တည်ထောင်ခြင်း၊ အတိုးနှုန်းများသက်သာစွာဖြင့် ချေးငွေများရယူစေခြင်း၊ နည်းပညာနှင့် လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေးကို အထောက် အကူပြု နိုင်မည်ဖြစ်သည်။ 

စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု 

မြန်မာနိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ဤကဏ္ဍများသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ပြည်ပပို့ကုန်တိုးတက်ရေး တို့အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။  စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်ပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင်နေထိုင်ကာ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသည်။ ထို့ပြင် စိုက်ပျိုးရေးထွက်ကုန် များဖြစ်သည့် အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဓိကသီးနှံစိုက်ပျိုးနိုင်သည့် နေရာများတွင် ယခုစိုက်ပျိုးမှုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ 

အလားတူ မွေးမြူရေးလုပ်ငန်းသည်လည်း ကျေးလက်ဒေသများတွင် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းအဖြစ် ကျယ်ပြန့်စွာလုပ်ကိုင်ကြပြီး နိုင်ငံအတွက်လိုအပ်သည့် အသားနှင့် နို့ထွက်ပစ္စည်းများ ဖူလုံရေးအတွက် အရေးပါလျက်ရှိသည်။  မွေးမြူရေးလုပ်ငန်းများတွင် အဓိကအဖြစ် နွား၊ ကြက်၊ ဝက်ကိုလည်းကောင်း၊ ရေချိုနှင့် ရေငန်ငါးများကို စီးပွားဖြစ်လည်းကောင်း မွေးမြူကြသည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ စိန်ခေါ်မှုများအဖြစ် မိုးခေါင်ခြင်း၊ ရေကြီးခြင်း  စသည့်ရာသီဥတုပြောင်းလဲခြင်း၊  ဈေးကွက်ဝင်ရောက်နိုင်မှုအနေဖြင့် ကျေးလက်ဒေသများတွင် ထုတ်ကုန်များဈေးကွက်သို့ရောက်ရှိရန် အခက်အခဲရှိခြင်း၊ တောင်သူများအတွက် ခေတ်မီနည်းပညာနှင့် ငွေကြေးအထောက်အပံ့များလိုအပ်ခြင်း စသည်များကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။

သို့ဖြစ်ရာ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးရေးလမ်းညွှန်အဖြစ် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အရည်အသွေးမြှင့်၍ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို နည်းပညာ၊ ငွေကြေးနှင့် ဈေးကွက်ဖော်ဆောင်ပေးခြင်းတို့ကို နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုမှသည်  ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံ့စီးပွားရေး တည်ငြိမ်မှုအတွက် အခြေခံအုတ်မြစ်အဖြစ် ဖြစ်ပေါ်လာမည်ဖြစ်သည်။

ယာယီသမ္မတ(တာဝန်)     တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင်လ ၃၁ ရက်က ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး (၃/၂၀၂၅)တွင် ရှင်းလင်းပြောကြားရာ၌ မိမိတို့ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ကာလအတွင်း ပြည်သူလူထုတစ်ရပ်လုံး၏ စားရေရိက္ခာဖူလုံရေးအတွက် စပါးစိုက်ပျိုးမှု၊ ဆီထွက်သီးနှံစိုက်ပျိုးမှု၊ ပဲမျိုးစုံစိုက်ပျိုးမှု၊ အသားငါးထုတ်လုပ်မှုများကို နှစ်အလိုက် တိုးတက်မှု ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊  သို့သော်လည်း အဓိကသီးနှံအဖြစ် သတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏  စီးပွားရေးအခြေအနေသည် ယခင်အစိုးရလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ရငွေကျပ် ၁၇၅၈၅ ဒသမ ၅၅ ဘီလီယံရှိရာမှ မိမိတို့အစိုးရကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ရငွေကျပ်  ၃၄၅၅၃ ဒသမ ၅၀ ဘီလီယံအထိ တိုးတက်ရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

MSME ကဏ္ဍ၏ အရေးပါမှု

MSME ဆိုသည်မှာ အနည်းငယ်သော အရင်းအနှီးဖြင့် စတင်လုပ်ကိုင်နိုင်သည့် စီးပွားရေး လုပ်ငန်းငယ်များ ဖြစ်ပြီး နိုင်ငံတကာတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခြေခံအုတ်မြစ်သဖွယ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ မြန်မာနိုင်ငံတွင်လည်း MSME လုပ်ငန်းများသည် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုခြင်းနှင့် ပြည်တွင်းထုတ်ကုန်များ တိုးတက်စေခြင်းတို့အတွက် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။  MSME လုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ယနေ့ခေတ်ကမ္ဘာကြီးသည် အရာရာတွင် တိုးတက်မှုအပေါင်းနှင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိသည်။ လူသားတို့၏ တီထွင်ကြံဆမှုကြောင့် အသစ်အသစ်တို့သည် အဆက်မပြတ်ဖြစ်ပေါ်နေလျက်ရှိရာ စီးပွားရေးလုပ်ငန်းများသည်လည်း နည်းပညာသစ်များဖြင့် တိုးတက်လျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏  အသေးစား၊ အငယ်စားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး သည်  အရေးပါလှသည့် အခန်းကဏ္ဍ၌ ပါဝင်နေသည်။ မြန်မာနိုင်ငံ၌ အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်များချမှတ်ပြီး  တွန်းအားပေး ပံ့ပိုးကူညီမှုများကို  စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ MSME လုပ်ငန်းများ၏ မတူညီသည့် အတွေးအခေါ်များ၊ ဆန်းသစ်တီထွင်မှုများနှင့်အတူ ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် အရည်အသွေး မြင့်မားအောင် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကိုပါ ဖန်တီးပေးလျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံ၏  စီးပွားရေးတိုးတက်မှု အခြေအနေများဖြစ်သည့်  ပြည်ပတင်ပို့မှု၊ တင်သွင်းမှု မျှတမှုများသည် နိုင်ငံ၏စီးပွားရေးအပေါ်  များစွာမူတည်သည်။  တင်ပို့မှု၊  တင်သွင်းမှုကွာဟချက် သို့မဟုတ် သွင်းကုန်သည် ပို့ကုန်ထက်များပြားနေပါက တိုင်းပြည်စီးပွားရေးတွင် Trade deficit အနုတ်လက္ခဏာကိုသာ မြင်ရမည်ဖြစ်သည်။ ကျေးလက်ဒေသနေ တိုင်းပြည်၏ ထုတ်လုပ်မှုအင်အားစုသည် ၇၀ ရာခိုင်နှုန်းခန့်ရှိနေပြီး မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သစ်တောသယံဇာတပေါများကြွယ်ဝသော မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပြည်ပပို့ကုန်ထက် ပြည်ပတင်သွင်းမှုပမာဏများပြားလျက်ရှိသည်။  မြန်မာ့လူ့အဖွဲ့အစည်းရှိ လူမှုဘဝအများစု၏ ၉၉ ရာခိုင်နှုန်းခန့်သည် အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေးလုပ်ငန်းအများစုအပေါ်တွင် ရပ်တည်နေရပြီး ၎င်းသည် နိုင်ငံ့စီးပွားရေးယန္တရားတွင် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။

ပြည်တွင်း၌ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ အများဆုံးပါဝင်နေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံများ၏အခြေအနေကို လေ့လာကြည့်မည်ဆိုပါက အကြီးစားစီးပွားရေးလုပ်ငန်းများထက် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)များက များစွာအထောက်အကူပြုနေသည်ကို တွေ့ရမည်ဖြစ်သည်။ MSME လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကကျောရိုးမဏ္ဍိုင်တစ်ခုဖြစ်ပြီး အခြေခံအကျဆုံး စီးပွားရေးလုပ်ငန်းလည်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေးအားကောင်း လာစေရန်အတွက် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ဆိုသည့်အတိုင်း ပြည်တွင်းထုတ်လုပ်မှုများ တိုးတက်လာစေရန် နိုင်ငံသားတိုင်း ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။ ပြည်တွင်းထုတ်ကုန်များ ပိုမိုကောင်းမွန်လာပါက နိုင်ငံတော်၏ စီးပွားရေးသည်လည်း ပိုမိုတည်ငြိမ်ခိုင်မာ ကောင်းမွန်လာမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှုများ မြင့်တက်လာစေရန် နိုင်ငံသားအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ရန် ရေ၊ မြေ၊ ရာသီဥတု စသောအခြေခံကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေကို ကောင်းစွာပြုပြင်ပြီး လိုအပ်သည့် သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာများ အပြည့်အဝအသုံးပြုခြင်း၊ စိုက်ပျိုးရေကို သီးနှံ၏ လိုအပ်ချက်နှင့်အညီ ပေးဝေခြင်း၊ မိရိုးဖလာစိုက်ပျိုးနည်းများအစား ခေတ်မီနည်းပညာများကို အသုံးပြုခြင်းဖြင့် သီးနှံများအထွက်တိုးလာမည်ဖြစ်ရာ တောင်သူများလည်း ဝင်ငွေတိုးလာကြမည် ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုများ တိုးတက်လာပါက လုပ်ငန်းများလုပ်ကိုင်နေကြသည့် ပြည်သူတစ်ဦးချင်းစီ၏ ဝင်ငွေသည်  တိုးတက်လာကာ  လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး နိုင်ငံတော်၏ဘဏ္ဍာငွေသည်လည်း တိုးတက်မြင့်မားလာမည် ဖြစ်ပေသည်။ ထို့ကြောင့်  နိုင်ငံတော်ရွှေသီးဖို့  ကုန်ထုတ်လုပ်မှု အားပေးစို့ဟူ၍ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။     ။

MWD