ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးအကြောင်း သိကောင်းစရာ

Posted_Date

Image

ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးအကြောင်း သိကောင်းစရာ

Body

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား၍ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကျေးလက်ဒေသများတွင် နေထိုင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကြသည်။ ထို့ကြောင့် စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။

ကြက်သွန်သည် မြန်မာ့စားသောက်ကုန်တွင် အရေးပါသော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး နေ့စဉ်ချက်ပြုတ်ရာတွင် အသုံးများသည်။ ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးသည် ကျေးလက်ဒေသများတွင် နေထိုင်သူများ၏ အသက်မွေးဝမ်းကျောင်းမှုကို ထောက်ပံ့ပေးသည်။ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် ကြက်သွန်စိုက်ပျိုးခြင်းသည် ရိုးရာဓလေ့တစ်ခုအဖြစ်ရှိနေပြီး ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုသည်။ ကြက်သွန်စိုက်ပျိုးခြင်းဖြင့် ကျေးရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။ ထို့ပြင် ကြက်သွန်သည် ကျန်းမာရေးအတွက် အထောက်အကူပြုသော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သည်။ ဤ ဆောင်းပါးတွင် ကြက်သွန်စိုက်ပျိုးရေးနှင့်ပတ်သက်သော အဓိကအကြောင်းအရာများဖြစ်သည့် သီးနှံပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ နိုင်ငံတော်မှပံ့ပိုးမှုများ၊ ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများ၊ ပန်းတိုင်အထွက်နှုန်း၊ လူထုအကျိုးပြုမှုနှင့် စတင်စိုက်ပျိုးသည်မှ ရောင်းချသည်အထိ အဆင့်ဆင့်များကို စိုက်ပျိုးရေးဆိုင်ရာစကားပုံများ၊ စာဆိုများဖြင့် ရေးသားဖော်ပြသွားမည်ဖြစ်သည်။

မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း

မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးနေသောမျိုးများမှာ ရွှေဖလား၊ ဘောင်စောက်၊ သပိတ်လုံးနှင့် မင်းတုန်းဥမြွှာမျိုးတို့ဖြစ်ပြီး အများဆုံးစိုက်ပျိုးသောမျိုးမှာ ရွှေဖလားမျိုးဖြစ်သည်။ “မျိုးစေ့ကောင်းမှ အပင်ကောင်း၊   အပင်ကောင်းမှအသီးကောင်း”ဟူသည့်အဆိုအရ ကြက်သွန်စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များကိုရွေးချယ်အသုံးပြုခြင်းသည် အဓိကအရေးကြီးဆုံးအချက်တစ်ချက်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ကိုအသုံးပြုခြင်းသည် ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး အထွက်နှုန်းကို ပိုမိုကောင်းမွန်စေသည်။

မျိုးကောင်းမျိုးသန့်မျိုးစေ့များကို မိမိတို့ မြို့၊ ရွာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ယုံကြည်စိတ်ချရသော စိုက်ပျိုးရေးဦးစီးဌာနရုံးများမှ ဝယ်ယူသင့်သည်။ မျိုးစေ့များကို စိုက်ပျိုးမည့်မြေနှင့် ကိုက်ညီသောမျိုးကိုရွေးချယ်ရမည်။ မျိုးကောင်းမျိုးသန့်သည် ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး အပင်များကို ကျန်းမာသန်စွမ်းစေသည်။ မျိုးကောင်းမျိုးသန့်သည် အထွက်နှုန်းကောင်းမွန်စေပြီး စိုက်ပျိုးသူများအတွက် အကျိုးအမြတ်များစေသည်။ မျိုးကောင်းမျိုးသန့်သည် အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်တွင် ဝယ်လိုအားမြင့်မားသည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များမှာ မျိုးစေ့များကို စိုက်ပျိုးမည့်မြေနှင့်ကိုက်ညီသောမျိုးကို  ရွေးချယ်ရမည်။ မျိုးစေ့များကို စိုက်ပျိုးမည့်ဒေသ၏ ရာသီဥတုနှင့်ကိုက်ညီသောမျိုးကိုရွေးချယ်ရမည်။ မျိုးစေ့များကို ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ်ရမည်။  အထွက်နှုန်းကောင်းမွန်သောမျိုးကို ရွေးချယ်ရမည်။ မျိုးစေ့များကို စစ်ဆေးပြီး အရည်အသွေးကောင်းမွန်သောမျိုးကို ရွေးချယ်ရမည်။ မျိုးစေ့များကို သိုလှောင်ရာတွင်  စိုထိုင်းဆနှင့် အပူချိန်ကို ထိန်းသိမ်းရမည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ရာတွင် သတိထားရမည့်အချက်များမှာ မျိုးစေ့များကို အလွန်အကျွံသုံးစွဲပါက အပင်ထွက်ရှိမှုများကို အန္တရာယ်ဖြစ်စေနိုင်သည်။ မျိုးစေ့များကို     မှန်ကန်စွာသိုလှောင်ရန်မှာလည်း အဓိကကျသောအချက်တစ်ချက်ပင်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ကြက်သွန်စိုက်ပျိုး ထုတ်လုပ်ရေးကို ပိုမိုအောင်မြင်စေနိုင်သည်။

ပျိုးထောင်ခြင်း

ကြက်သွန်နီတစ်ဧကစိုက်ပျိုးရန်အတွက် ပျိုးခင်းသည် သုည ဒသမ ၀၅ ဧကအရွယ်ရှိရမည်။ မျိုးစေ့များကို ညီညာစွာကြဲပက်၍လည်းကောင်း၊ အတန်းလိုက်သော်လည်းကောင်းစိုက်ရမည်။ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက်စိုက်သင့်သည်။ စိုက်ပြီးသောမျိုးစေ့များကို နွားချေးမှုန့်ပါးပါးဖြူး၍ သဲကြမ်းဖြင့် ပြန်လည်ဖုံးအုပ်ပေးရမည်။ အောက်တိုဘာလမှ နိုဝင်ဘာလလယ်ထိ ပျိုးထောင်နိုင်သည်။ မျိုးစေ့များ အညှောက်ပေါက်ညီညာစေရန် ကောက်ရိုး၊ မြက်ခြောက်များဖြင့်    ဖုံးအုပ်ပေးရမည်။ ၃x၁၈ ပေပေါင်အတွက်  တစ်ဧကလျှင် မျိုးစေ့နို့ဆီဘူးတစ်ဘူးလိုအပ်သည်။ ပျိုးသက်တစ်လခန့်ရှိလျှင်  ၃x၁၈ ပေအရွယ် ပျိုးပေါင်တစ်ပေါင်လျှင် ယူရီးယားနို့ဆီဘူးနှစ်ဘူးထည့်ပေးရမည်။

မြေပြုပြင်ခြင်း

ကြက်သွန်စိုက်ပျိုးရာတွင် မြေပြုပြင်ခြင်းသည် အရေးကြီးသောအဆင့်တစ်ခုဖြစ်သည်။ အစိုဓာတ်ရှိသောမြေအမျိုးအစားများတွင် ကြက်သွန်ကိုစိုက်ပျိုးနိုင်သည်။ ကြက်သွန်သည် ရေသွင်းရေထုတ်ကောင်းသော မြေကိုနှစ်သက်သည်။ ကြက်သွန်စိုက်ပျိုးမည့်မြေကို   ကောင်းစွာပြုပြင်ရန်လိုအပ်ပြီး မြေဆီလွှာကို သင့်လျော်သောမြေချဉ်ငန်ဓာတ်ပမာဏ ၆ မှ ၇ ဒသမ ၅ ရှိစေရန်ထိန်းသိမ်းရမည်။ စိုက်ပျိုးမြေကိုထွန်ယက်ပြီး သဘာဝမြေဩဇာများထည့်သွင်းပေးရမည်။ မြေပြုပြင်ခြင်းသည် စိုက်ပျိုးရေးတွင် အဓိကကျသောအဆင့်တစ်ခုဖြစ်သည်။ မြေပြုပြင်ခြင်းသည် မြေဆီလွှာ၏ ဖွဲ့စည်းပုံကို ကောင်းမွန်စေပြီး အပင်များ၏ကြီးထွားမှုကို အားပေးသည်။ မြေပြုပြင်ခြင်းသည် မြေဆီလွှာ၏ ရေထိန်းစွမ်းအားကိုမြှင့်တင်ပေးပြီး အာဟာရဓာတ်များကို ဖြည့်တင်းပေးသည်။ မြေပြုပြင်ခြင်းသည် မြေဆီလွှာ၏ ဖွဲ့စည်းပုံကိုကောင်းမွန်စေပြီး   အပင်များ၏ အမြစ်ဖွံ့ဖြိုးမှုကို အားပေးသည်။ မြေဆီလွှာ၏ ရေထိန်းစွမ်းအားကို မြှင့်တင်ပေးပြီး အပင်များကို ရေရရှိစေသည်။ မြေဆီလွှာ၏ အာဟာရဓာတ်ကို ဖြည့်တင်းပေးပြီး အပင်များ၏ ကြီးထွားမှုကို အားပေးသည်။ မြေကို ထွန်ယက်ခြင်း၊ မြေဩဇာထည့်သွင်းခြင်း၊ မြေဆီလွှာ၏ မြေချဉ်ငန်ဓာတ်ပမာဏကိုထိန်းသိမ်းခြင်းနှင့် ရေထုတ်စနစ်ကို ကောင်းမွန်စေခြင်း စသည့်အချက်များသည် အဓိကအရေးပါသောအချက်များဖြစ်သည်။ ထို့အတူ  မြေပြုပြင်ခြင်းလုပ်ငန်းစဉ်များတွင်   သတိထားရမည့်အချက်များစွာလည်းရှိသည်။  မြေကို အလွန်အကျွံထွန်ယက်ပါက မြေဆီလွှာ၏ဖွဲ့စည်းပုံကို ပျက်စီးစေနိုင်သည်။ မြေဩဇာများကို အလွန်အကျွံထည့်သွင်းပါက မြေဆီလွှာ၏ မြေချဉ်ငန်ဓာတ်ပမာဏကို မြင့်တက်စေနိုင်သည်။ မြေဆီလွှာ၏ မြေချဉ်ငန်ဓာတ်ပမာဏကို မထိန်းသိမ်းပါက   အပင်များ၏ကြီးထွားမှုကို ဟန့်တားစေနိုင်သည်။

ကြက်သွန်စိုက်ပျိုးရာတွင် အကောင်းဆုံးမြေဩဇာနှုန်းထား

ကြက်သွန်စိုက်ပျိုးရာတွင် မြေဩဇာသည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ မြေဩဇာကို မှန်ကန်စွာ အသုံးပြုခြင်းဖြင့် ကြက်သွန်ပင်များ၏ ကြီးထွားမှုကိုအားပေးပြီး အထွက်နှုန်းကို မြှင့်တင်ပေးနိုင်သည်။ ကြက်သွန်စိုက်ပျိုးရာတွင် အော်ဂဲနစ်မြေဩဇာများဖြစ်သည့် နွားချေး၊ ကြက်ချေး၊  သဘာဝမြေဩဇာ(Compost)နှင့်  ဓာတုမြေဩဇာများဖြစ်သည့် ယူရီးယား၊   တီစူပါ၊ ပိုတက်တို့ကိုအသုံးပြုနိုင်သည်။ မြေဩဇာနှုန်းထားအနေဖြင့် တီစူပါကို တစ်ဧကလျှင် ၅၀ ကီလိုဂရမ်၊ ပိုတက်ကို တစ်ဧကလျှင် ၅၀ ကီလိုဂရမ်၊ နွားချေး (သို့) ကြက်ချေးကို တစ်ဧကလျှင် ၂-၃ တန်၊ ယူရီးယားကို တစ်ဧကလျှင် ၅၀ ကီလိုဂရမ်နှုန်းထားဖြင့်စိုက်ပြီး ၂၀ ရက်သားတွင် ပထမအကြိမ်ထည့်သွင်း၍ ၄၀ ရက်သားတွင်  ဒုတိယအကြိမ် ထည့်သွင်းပေးရမည်။ မြေဩဇာထည့်သွင်းရာတွင် မြေဩဇာများ အလွန်အကျွံထည့်သွင်းခြင်းကို ရှောင်ကြဉ်ရမည်။ မြေဩဇာများကို စနစ်တကျထည့်သွင်းပြီးနောက် ရေကိုလုံလောက်စွာပေးသွင်းရမည်။စိုက်ပျိုးရန်သင့်လျော်သောရာသီဥတုရာသီဥတုသည် စိုက်ပျိုးရေးတွင် အရေးပါသောအချက်တစ်ခုဖြစ်သည်။ ရာသီဥတုသည် အပင်များ၏ကြီးထွားမှုကို သက်ရောက်မှုရှိပြီး အထွက်နှုန်းကို များစွာအထောက်အကူပြုသည်။ ကြက်သွန်စိုက်ပျိုးရာတွင် ရာသီဥတုကို သတိပြုရမည်။ ရာသီဥတုသည် အပင်များ၏ ရောဂါဒဏ်ခံနိုင်ရည်ကိုမြှင့်တင်ပေးပြီး အပင်များကို ကျန်းမာသန်စွမ်းစေသည်။ ရာသီဥတုသည် အထွက်နှုန်းကို မြှင့်တင်ပေးပြီး စိုက်ပျိုးသူများအတွက် အကျိုးအမြတ်များစေသည်။

ရာသီဥတုအနေဖြင့် ကြက်သွန်သည် အပူအအေးသင့်တင့်သောရာသီဥတုကိုကြိုက်နှစ်သက်သည်။ အပင်ကြီးထွားချိန်တွင် ၂၀-၂၁ ဒီဂရီစင်တီဂရိတ်နှင့် ကြက်သွန်ဥဖြစ်ပေါ်ချိန်တွင် ၂၀-၂၇ ဒီဂရီစင်တီဂရိတ်နှင့် နေ့တာရှည်ရန်လိုအပ်သည်။ သာမန်အားဖြင့် အပူချိန်အသင့်အတင့်မြင့်ပြီး နေ့တာရှည်ပါက ကြက်သွန်ဥဖြစ်မှုကိုအားပေးသည်။ အပူချိန်သည် ပွင့်တံထွက်ခြင်းကို စိုးမိုးသည်။ ၁၀-၁၆  ဒီဂရီစင်တီဂရိတ်တွင် နေ့တာ  ၉ နာရီမှ ၁၂ နာရီရရှိပါက ပန်းပွင့်၍ အစေ့တည်စေသည်။

ပိုးမွှားနှင့်ရောဂါများ

ကြက်သွန်စိုက်ပျိုးရာတွင် ပိုးမွှားနှင့်ရောဂါများသည် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်သည်။ ပိုးမွှားနှင့်ရောဂါများသည် အပင်များ၏ကြီးထွားမှုကို ဟန့်တားနိုင်ပြီး အထွက်နှုန်းကိုလျော့ကျစေနိုင်သည်။ ထို့ကြောင့် ကြက်သွန်စိုက်ပျိုးရာတွင် ပိုးမွှားနှင့်ရောဂါများကို ကာကွယ်နှိမ်နင်းရန်လိုအပ်သည်။ ပိုးမွှားနှင့်ရောဂါများသည် အပင်များ၏ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အပင်များကို သေဆုံးစေနိုင်သည်။ ပိုးမွှားနှင့်ရောဂါများသည် အထွက်နှုန်းကိုလျော့ကျစေနိုင်ပြီး စိုက်ပျိုးသူများအတွက် အကျိုးအမြတ်ကို လျော့ကျစေနိုင်သည်။ ကြက်သွန်စိုက်ပျိုးရာတွင် ပိုးမွှားများ၏အန္တရာယ်ကိုလည်း သတိပြုရမည်။ ပိုးမွှားများသည် ကြက်သွန်ပင်များကို ဖျက်ဆီးနိုင်ပြီး အထွက်နှုန်းကို လျော့ကျစေနိုင်သည်။ ပိုးမွှားများကို ကာကွယ်ရန် သဘာဝနည်းလမ်းများဖြစ်သော တမာဆီ၊ မြေပဲဖတ် စသည့်သဘာဝပိုးသတ်ဆေးများကို   အသုံးပြုနိုင်သည်။ ဓာတုပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဉ်သင့်သည်။

ကြက်သွန်စိုက်ခင်းတွင် ကျရောက်တတ်သောရောဂါနှင့် ကာကွယ်နည်းများကိုလည်း ဗဟုသုတဖြစ်ဖွယ်ရေးသားလိုက်ရသည်။ ဒေါင်းနီးမှိုရောဂါသည် ကြက်သွန်စိုက်ပျိုးရာတွင် အဓိကကျရောက်လေ့ရှိသည်။ ကြက်သွန်ဒေါင်းနီးမှိုရောဂါ (Purple Blotch Disease) သည် မှိုကြောင့်ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်သည်။ ဤရောဂါသည် ကြက်သွန်ရွက်များပေါ်တွင် ခရမ်းရောင်အစက်အပြောက်များပေါ်လာစေပြီး အရွက်များညှိုးနွမ်းခြောက်သွေ့ကာ အထွက်နှုန်းကို လျော့ကျစေနိုင်သည်။ ထို့ကြောင့် ဤရောဂါကို စောစီးစွာကာကွယ်ကုသရန် အရေးကြီးသည်။

ရောဂါဖြစ်ပွားစေသော အကြောင်းရင်းများမှာ စိုထိုင်းဆများခြင်း၊  မြေဆီလွှာ၏ အာဟာရဓာတ် ချို့တဲ့ခြင်းနှင့် ပိုးမွှားများမှကူးစက်မှုများကြောင့်ဖြစ်သည်။    ကာကွယ်နှိမ်နင်းနိုင်သောနည်းလမ်းများအနေဖြင့် ရောဂါဒဏ်ခံနိုင်သော မျိုးကောင်းမျိုးသန့်များကိုရွေးချယ်ခြင်း၊ ရောဂါဖြစ်နေသောအပင်များကိုဖယ်ရှားပြီး မီးရှို့ဖျက်ဆီးခြင်း၊ စိုက်ခင်းရှိ ပေါင်းမြက်များကို ရှင်းလင်းခြင်း၊ ရေသွင်းရေထုတ်စနစ်ကောင်းမွန်စေခြင်း၊ သီးလှည့်စိုက်ပျိုးခြင်းနှင့် မှိုသတ်ဆေးများဖြစ်သော မန်ကိုဇက်ဘ်(Mancozeb)နှင့် ကော့ပါးပါဝင်သောမှိုသတ်ဆေးများကို ဆေးညွှန်းပါညွှန်ကြားချက်များအတိုင်းလိုက်နာ၍အသုံးပြုရမည်။

သဘာဝနည်းလမ်းများအနေဖြင့်တမာဆီကိုရေဖြင့်ရောစပ်ပြီး  အပင်များပေါ်တွင်ဖျန်းခြင်းသည်အထိရောက်ဆုံးဖြစ်သည်။ ကြက်သွန်စိုက်ခင်းတွင် ရောဂါတွေ့ရှိပါက  ရောဂါဖြစ်နေသောအပင်များကို ချက်ချင်းဖယ်ရှားပေးရမည်။ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်”ဟူသောအဆိုအရ ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ မျိုးကောင်းမျိုးသန့်များရွေးချယ်ခြင်း၊ စိုက်ခင်းသန့်ရှင်းရေးနှင့် ရေသွင်းရေထုတ်စနစ်ကောင်းမွန်စေခြင်းတို့ကို  ပုံမှန်လုပ်ဆောင်ပေးရမည်။

တစ်ဧကအထွက်နှုန်းတိုးတက်ရေးကြက်သွန်တစ်ဧကအထွက်နှုန်းတိုးတက်ရန် အထွက်နှုန်းကောင်းသောမျိုးကိုရွေးချယ်စိုက်ပျိုးခြင်း၊ သင့်လျော်သော မြေသြဇာများကို ထည့်သွင်းပေးခြင်း၊ ပုံမှန်ရေပေးသွင်းပေးခြင်း၊ ပိုးမွှားများ ကို စနစ်တကျကာကွယ်နှိမ်နင်းခြင်းများ ပြုလုပ်ပေးရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် စိုက်ပျိုးရေးကဏ္ဍများတွင် အဘက်ဘက်မှ များစွာပံ့ပိုးလျက်ရှိသည်။ ကြက်သွန်စိုက်ပျိုးသူများ အတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ၊ မျိုးစေ့များ၊ မြေဩဇာများနှင့် ချေးငွေများကို ပံ့ပိုးပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက် ဒေသများတွင် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို လေ့ကျင့်သင်ကြားပေးခြင်းများကို ပြုလုပ် ပေးလျက်ရှိသည်။

ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှု အခြေအနေများဒေသတွင်းရောင်းဝယ်ဖောက်ကားမှုသည် စိုက်ပျိုးရေးတွင် အရေးပါသော အချက်တစ်ခုဖြစ်သည်။

ကြက်သွန်သည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အဓိကစိုက်ပျိုးသော သီးနှံတစ်မျိုးဖြစ်ပြီး ဒေသတွင်းဈေးကွက်တွင် ဝယ်လိုအားမြင့်မားသည်။ ဈေးကွက်တွင် ကြက်သွန်အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားမှုရှိသည်။ ကြက်သွန်စိုက်ပျိုးသူတောင်သူများအတွက် ဒေသတွင်းရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို သိရှိထားရန်အရေးကြီးသည်။ ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှုအခြေအနေများသည် စိုက်ပျိုးသူတောင်သူများ၏ အကျိုး အမြတ်ကို သက်ရောက်မှုရှိပြီး စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုအောင်မြင်စေနိုင်သည်။ ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှု၏ အားသာချက်များမှာ ဝယ်လိုအားမြင့်မားခြင်း၊ ဈေးကွက်တည်ငြိမ်ခြင်းနှင့် ကျေးလက်ဒေသများတွင် နေထိုင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း စသည့်အကျိုးအမြတ်များစွာရရှိစေသည်။ ဒေသတွင်းဈေးကွက်တွင် ကြက်သွန်၏ ဝယ်လိုအားနှင့် ဈေးနှုန်းများကို စုဆောင်းရမည်။ ဈေးကွက်လိုအပ်ချက်များကို သိရှိရန်လည်း လိုအပ်သည်။ ဈေးကွက်သတင်းအချက်အလက်များကို မစုဆောင်းနိုင်ခြင်း၊  ဈေးကွက်လိုအပ်ချက် များကိုမသိရှိခြင်းနှင့်  ဈေးကွက်တွင် မရောင်းချနိုင်ခြင်းများသည် စိုက်ပျိုးသူတောင်သူများအတွက် အကျိုးအမြတ်ကို လျော့ကျစေနိုင်သည်။

ကြက်သွန်ကို ဒေသတွင်းဈေးများတွင် ရောင်းချနိုင်သလို နိုင်ငံခြားသို့လည်း တင်ပို့ရောင်းချနိုင်သည်။ ဈေးကွက်လိုအပ်ချက်များကို သိရှိနိုင်ရန် စိုက်ပျိုးသူများအနေဖြင့် ဈေးကွက်သတင်း အချက်အလက်များကို စနစ်တကျစုဆောင်းထားရန်လည်း လိုအပ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သော ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း     လေ့လာခြင်းနှင့်    စိုက်ပျိုးရေးနှင့်ပတ်သက်သော    သိလိုသည့်နည်းပညာများနှင့် အချက်အလက်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် Call Center သို့လည်း တိုက်ရိုက်မေးမြန်းနိုင်သည်။

ပန်းတိုင်အထွက်နှုန်း

“ပန်းတိုင်မရှိလျှင် လမ်းပျောက်” ဟူသည့်အဆိုအရ   ကြက်သွန်စိုက်ပျိုးရာတွင် ပန်းတိုင် အထွက်နှုန်းကိုလည်း သတ်မှတ်ထားရန်လည်း လိုအပ်သည်။  ပန်းတိုင်အထွက်နှုန်းသည် စိုက်ပျိုးသူ၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာအသုံးပြုမှုနှင့် မြေအမျိုးအစားပေါ်တွင် မူတည်သည်။

ပန်းတိုင်အထွက်နှုန်းကိုရရှိရန်   စနစ်တကျစီမံခန့်ခွဲမှုများပြုလုပ်ရမည်။ ကြက်သွန်စိုက်ပျိုးရောင်းချခြင်း လုပ်ငန်းစဉ်များကို အဆင့်ဆင့် စနစ်တကျလုပ်ဆောင်ရမည်။ ကြက်သွန်စိုက်ပျိုးခြင်းသည် ကျေးလက်ဒေသများတွင် နေထိုင်သောလူများ၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုသည်။ ကြက်သွန်စိုက်ပျိုးခြင်းဖြင့် ကျေးရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီး ပေးနိုင်သည်။

 ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အရေးပါသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ မြေပြုပြင်ခြင်း၊ ပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် နိုင်ငံတော်မှပံ့ပိုးမှုများကို စနစ်တကျလုပ်ဆောင်ခြင်းဖြင့် ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရေးကို ပိုမိုအောင်မြင်စေနိုင်သည်။ ကျေးလက်ဒေသများတွင် နေထိုင်သူများ၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုသော ကြက်သွန်စိုက်ပျိုးရေးသည် နောင်တွင်လည်း ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။   ။

Source: https://myawady.net.mm/stories