ဆိတ်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး

Posted_Date

Image

ဆိတ်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး

Body

နိုင်ငံတစ်နိုင်ငံ၏ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင်ဆိတ်မွေးမြူရေးသည် ဦးစားပေးရွေးချယ်သင့်သော စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည်။  ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့်  ကျေးလက်နေပြည်သူတို့၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုနိုင်မည်ဟုယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော်  ဆိတ်သည် အခြားသော အသားစားကြက်မွေးမြူရေး၊ ဥစားကြက်မွေးမြူရေး၊ အသားတိုးဝက်မွေးမြူရေးနှင့် နို့စားနွား၊ အသားစားနွားမွေးမြူရေးထက် အစာကုန်ကျစရိတ် အသက်သာဆုံးဖြင့် မွေးမြူနိုင်သော   မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင်  ဆိတ်သည် အခြားသော  တိရစ္ဆာန်များထက် ရာသီဥတုအကြမ်းဒဏ်ကိုခံနိုင်သည့်အပြင်  အချိန်တိုကာလအတွင်း ကောင်ရေတိုးပွားမှု လျင်မြန်စေသောကြောင့်လည်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းတွင် လူဦးရေ  ၅၁ သန်းကျော်ခန့်ရှိသည့်အနက် ဆိတ်မွေးမြူထားရှိမှုသည် ၂ ဒသမ ၂ မီလီယံခန့် မွေးမြူထားရှိသည်။ ဆိတ်မွေးမြူရာတွင်  ဒေသနှင့်ကိုက်ညီပြီး  အသားအထွက်နှုန်းကောင်းသော   ဆိတ်မျိုးကောင်းမျိုးသန့်များကို ရွေးချယ်မွေးမြူရန်  လိုအပ်သည်။  မျိုးရွေးချယ်ရာတွင် ကြီးထွားနှုန်းကောင်းခြင်း၊ သားပေါက်နှုန်းကောင်းပြီး မွေးမြူမည့်နေရာဒေသ၏ ရာသီဥတုနှင့် အကိုက်ညီဆုံးသော ဆိတ်မျိုးကို ဦးစားပေးရွေးချယ်ရပါမည်။ မြန်မာနိုင်ငံအတွင်းတွင်   ယခုလက်ရှိ မွေးမြူလျက်ရှိသော  ဆိတ်မျိုးများမှာ  ထိန်စမ်း၊ ဂျိတ်နီ၊ ဝေသာလီနှင့်  ဘိုဝါဆိတ်မျိုးတို့ဖြစ်သည်။

ထိန်စမ်းဆိတ်မျိုးသည်  ခန္ဓာကိုယ်ထွားကြိုင်းပြီး ဦးခေါင်းမည်း၊ နှာခေါင်းပိုင်းဖြူ၊ ခန္ဓာကိုယ်အဖြူပေါ် တွင် အနက်ကွက်များရှိကာ မုတ်ဆိတ်နှင့်နားရွက်ရှည်ပြီး  တွဲလောင်းကျသောနားရွက်များ  ပိုင်ဆိုင်ထားသော  ဆိတ်မျိုးဖြစ်သည်။ အထီး၏ ကိုယ်အလေးချိန်မှာ ၅၀ ကီလိုနှင့် အမမှာ ၂၉ ကီလိုခန့်ရှိသည်။

ဂျိတ်နီဆိတ်မျိုးသည် အရွယ်အစားကြီးမားပြီး နီညိုရောင်၊ အုန်းခွံရောင်၊ မန်ကျည်းစေ့ရောင်ရှိသည်။ နားရွက်သည်  အလယ်အလတ်ရှည်ကာ  အထီးသည် ၄၅ ကီလိုရှိပြီး အမမှာ ၄၂ ကီလိုခန့်ရှိသည်။ များသောအားဖြင့်  ဂျိတ်နီဆိတ်မျိုးများကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ တံတားဦးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် မွေးမြူလေ့ရှိကြသည်။ဝေသာလီဆိတ်မျိုးသည် အလုံးအထည်သွယ်ပြီး အမွေးအရောင်မှာ   အညိုအနက်ဘက်နွှယ်သည်။ အထီးသည်  ၃၈ ကီလိုရှိပြီး အမသည် ၃၂  ကီလိုခန့်ရှိသည်။ များသောအားဖြင့်  ဝေသာလီဆိတ်မျိုးများကို မကွေးမြို့၊ ပခုက္ကူမြို့၊ ပေါက်မြို့နှင့် မြိုင်မြို့တို့တွင် မွေးမြူလေ့ရှိကြသည်။

ဘိုဝါဆိတ်မျိုးသည် မူလဒေသ တောင်အာဖရိကမှ ဆင်းသက်လာသော     နိုင်ငံခြားဆိတ်မျိုးများဖြစ်ပြီး  ခန္ဓာကိုယ်တစ်ခုလုံးတွင်  အဖြူရောင်ရှိကာ လည်ပင်းနှင့်ဦးခေါင်းမှာ   အညိုရောင်ရှိသော ဆိတ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်အလေးချိန်အားဖြင့် အထီးသည်  ၃၅-၄၅  ကီလိုခန့်ရှိပြီး   အမမှာ ကိုယ်အလေးချိန်  ၂၅-၃၅  ကီလိုအတွင်းရှိသည်။ ယခုလက်ရှိမွေးမြူထားသော   ဘိုဝါဆိတ်မျိုးမှာ မြန်မာနိုင်ငံ၏ရာသီဥတုနှင့်  ကိုက်ညီမှုရှိအောင် ဒေသဆိတ်မျိုးများနှင့် သားစပ်ထားသော ဘိုဝါသွေး ၅၀ ရာခိုင်နှုန်းခန့်ရှိသည့် ဆိတ်မျိုးများဖြစ်သည်။

ဆိတ်မွေးမြူနိုင်သော နည်းစနစ် (၅)ခုရှိသည်-

ချည်၍မွေးခြင်း

လွှတ်ကျောင်းမွေးခြင်း

ခြံလှောင်မွေးမြူခြင်း

ကွင်းလွှတ်ခြံလှောင်မွေးမြူခြင်းနှင့်

နှစ်ရှည်သီးနှံများနှင့်တွဲ၍မွေးမြူခြင်း တို့ဖြစ်သည်။

ကျေးလက်ဒေသ၌ တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေများရရှိရန် ဆိတ်မွေးမြူရာတွင် များသောအားဖြင့် အရင်းအနှီးကုန်ကျစရိတ်အသက်သာဆုံးဖြစ်သော ချည်၍မွေးခြင်းနှင့်   လွှတ်ကျောင်းမွေးမြူခြင်းနည်းစနစ်ကို အသုံးများကြသည်။ လွှတ်ကျောင်းမွေးမြူရာတွင်   ဆိတ်ကျောင်းသားတစ်ဦးလျှင် ဆိတ်ကောင်ရေ ၃၅-၄၀ ကောင်ခန့် ထိန်းကျောင်းနိုင်သည်။  ဆိတ်အုပ်တစ်အုပ်တွင်   ဆိတ်လိုက် အကြီးတစ်ကောင်နှင့် လက်အောက်လိုက်ပါ တစ်နှစ်သားခန့်တစ်ကောင် ထားရမည်။ ကျန်ဆိတ်ထီးများ ကို ၇-၈ လခန့်တွင် သင်းကွပ်ထားရမည်။ ဆိတ်မတမ်းများသည် ၇-၈ လတွင် အရွယ်ရောက်သော်လည်း အသက် ၈-၉ လတွင် သားတင်မှသာလျှင် မိခင်ရောကလေးပါ  ဖွံ့ဖြိုးမှုတွင်  ချို့တဲ့မှုမဖြစ်နိုင်တော့ပါ။ ဆိတ်မ၏ ကိုယ်ဝန်ဆောင်ရက်မှာ ၁၄၆-၁၅၁ ရက်ခန့်ရှိ၍  ဆိတ်မကြီးတစ်ကောင်လျှင် တစ်နှစ်အတွင်း နှစ်သားကျလေ့ရှိသည်။ ဆိတ်မတစ်ကောင် တစ်ကြိမ်သားပေါက်လျှင် နှစ်ကောင်မှ လေးကောင်အထိပေါက်နိုင်သည်။

ခြံလှောင်စနစ်ဖြင့်မွေးမြူရာတွင် မြေစိုက်ခြံဖြစ်ပါက မြေမာပြီးခြောက်သွေ့သောနေရာ ဖြစ်ရပါမည်။ လေကောင်း လေသန့်ရရှိပြီး ကုန်းမြင့်သော ရေမဝပ်သည့်မြေနေရာမျိုးတွင် ရွေးချယ်ဆောက်လုပ်ရမည်။ ခေါင်အမြင့် ၁၀ ပေ၊ လက်ခံတိုင် ၇ ပေခန့် ထားရှိရမည်။ လွှတ်ကျောင်းခြင်းမရှိလျှင်  ဆိတ်တစ်ကောင်အတွက် ပျမ်းမျှ ၁၄ စတုရန်းပေ နေရာအကျယ်အဝန်းလိုအပ်သည်။ အစာခွက်၊ ရေခွက်၊ နားနေရန်နှင့် မွေးဖွားအခန်းများ ထားရှိနိုင်ပါက ပိုကောင်းမည်။ ထို့ပြင် လေစိမ်းများမတိုက်စေရန် ဝါးထရံများ ကာထားပေးရပါမည်။ ဆိတ်သည်   စိုစွတ်သောမိုးရာသီကို မကြိုက်တတ်သော တိရစ္ဆာန်များဖြစ်သောကြောင့် မိုးများသောဒေသများတွင် မြေစိုက်ခြံအစားကြမ်းခင်းစနစ်ဖြင့် မွေးမြူသင့်ပါသည်။

ဆိတ်ခြံအတွင်း ဆိတ်တစ်ကောင်အတွက် လိုအပ်သော အခန်းအကျယ်အဝန်းများမှာ -

•    ဆိတ်ကလေးတစ်ကောင်  -  ၃ ဒသမ ၃ စတုရန်းပေ

•    ဆိတ်မ(ဇီးမရှိ)                  - ၁၄ စတုရန်းပေ

•    ဆိတ်မ(ဇီးရှိ)                    - ၁၈ စတုရန်းပေ

•    ဆိတ်သိုး                          - ၂၈ စတုရန်းပေ လိုအပ်သည်။

အညစ်အကြေးနှင့် တံစက်မြိတ်ရေများ၊ မိုးရေများ အလွယ်တကူ  စီးဆင်းနိုင်အောင် စီမံထားရမည်။

ထို့ပြင် ဆိတ်ခြံသန့်ရှင်းရေးလုပ်ပေးခြင်း၊ ယင်ကောင်နှင့် အခြားသောသန်ကောင်များရန်မှ ကင်းဝေးအောင်ဆောင်ထုံးဖြူးပေးခြင်းဖြင့်ရောဂါဖြစ်ပွားမှုကိုလည်းများစွာကာကွယ်ပေးနိုင်မည်။  သို့မှသာ ကျန်းမာဖြစ်ထွန်းပြီး ဝင်ငွေတိုးစေသော ဆိတ်မွေးမြူရေးလုပ်ငန်းအောင်မြင်ဖြစ်ထွန်းမည်ဖြစ်သည်။

ဆိတ်များသည် ရေမဝပ်သောနေရာ၊ တောင်ကုန်း၊ တောင်စောင်းများတွင် မည်မျှပင်မတ်စောက်စေကာမူ တက်နိုင်ဆင်းနိုင်သော   ခြေမြဲသည့်ခွာများရှိသည်။ ဆိတ်များကို လွှတ်ကျောင်းမွေးမြူထိန်းကျောင်းရာတွင် ပေါက်ဖတ်များ မကိုက်မိအောင် သတိထားရမည်။ ဆိတ်များသည် ဆူးမည်မျှပင်ရှိစေကာမူ တိုးဝင်စားသောက်နိုင်သော်လည်း ပေါက်ဖတ်ဟုခေါ်သောသစ်ပင်ချုံပုတ်များပေါ်တွင်နေသည့် အစိမ်းရောင်ရှိ ပိုးကောင်များအား ကြောက်တတ်သည်။ ပေါက်ဖတ်များကိုက်လျှင် ဆိတ်သည် သေတတ်သဖြင့် စီးပွားရေးအရ  ဆုံးရှုံးမှုမဖြစ်အောင်   အထူးသတိထားထိန်းကျောင်းသင့်သည်။

ဖြည့်စွက်စာအဖြစ် ကုလားပဲခွံ၊ ဝါကြိတ်ဖတ်၊ ဖွဲနု၊ ပဲပုပ်စေ့ဖတ်၊ မြေပဲဖတ်၊ နှမ်းဖတ်၊ နေကြာစေ့ဖတ်၊ ပဲအမျိုးမျိုးအဖတ် စသည်တို့ကို ဆိတ်တစ်ကောင်လျှင် တစ်နေ့ပျမ်းမျှ အစာနု ၃၀/၅၀ ကျပ်သားခန့် ကျွေးနိုင်သည်။ ထို့ပြင် ဆိတ်ခြံတွင် ဆိတ်ကြီးများလျက်နိုင်စေရန်အတွက်   ယူရီးယားသကာတုံးများကိုလည်း ချိတ်ဆွဲထားပေးရမည်။ အရေးကြီးဆုံးအချက်မှာ သောက်ရေထားပေးခြင်းပင်ဖြစ်သည်။

ရေသည် ခန္ဓာကိုယ်ကြီးထွားရန်နှင့်အစာကြေညက်မှုအတွက်မရှိမဖြစ်လိုအပ်သောကြောင့်သန့်ရှင်းပြီးကြည်လင်သော သောက်သုံးရေထားပေးရန် လိုအပ်ပေသည်။  ရာသီဥတုအခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်သော်လည်း ဆိတ်တစ်ကောင်အတွက် ပျမ်းမျှရေသောက်နှုန်းမှာ တစ်နေ့လျှင် ရေတစ်ဂါလန်ခန့်ရရှိနိုင်ရန် စီစဉ်ထားပေးရမည်။

ဆိတ်မွေးမြူရေးမှ အသား၊ သားရေရောင်းချမှုမှာ အလွန်ဈေးကောင်းပါသည်။ သက်ဆိုင်ရာဌာနများ၊ပုဂ္ဂလိကခြံများမှ  ဆိတ်အရှင်များကိုနိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့်  နိုင်ငံခြားဝင်ငွေလည်း များစွာရရှိလာမည်ဖြစ်သည်။ ထို့ပြင်ဆိတ်ချေးသည်လည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် ပြန်လည်အသုံးချနိုင်သည့် အထူးအသုံးဝင်သောမြေဩဇာကောင်းတစ်ခုဖြစ်သဖြင့်  ဆိတ်ချေးများရောင်းချခြင်းအားဖြင့် ဝင်ငွေတစ်ခုထပ်တိုးလာမည်ဖြစ်သည်။ ဆိတ်နို့တွင် ရေ ၈၆ ဒသမ ၅ ရာခိုင်နှုန်း၊ အဆီ ၄ ဒသမ ၉ ရာခိုင်နှုန်း၊ အသားဓာတ် ၄ ဒသမ  ၃ ရာခိုင်နှုန်း၊ သကြား ၄ ဒသမ ၁ရာခိုင်နှုန်း၊ သတ္တုဓာတ် သုည ဒသမ ၈၉  ရာခိုင်နှုန်း ပါဝင်ပါသည်။   ဆိတ်နို့သည်    နွားနို့ထက်  အမိုင်နိုအက်စစ်ဓာတ် ပြည့်ဝစွာပါဝင်ပြီး အဆီဥ သေးနုပ်စွာဖွဲ့စည်းပါဝင်မှုကြောင့်    အစာကြေချက်မှု   ပိုမိုလွယ်ကူစေသည်။   ဆိတ်နို့တွင်  သတ္တုဓာတ်ဖြစ်သည့် ဆိုဒီယမ်သံဓာတ်၊ ကြေးနီဓာတ်ပါဝင်မှုသည် အခြားသောနို့များထက် ပိုများသည်။ ဗီတာမင်အေပါဝင်မှုမှာလည်းတခြားနို့များထက်ပိုများသည်။

ထို့ကြောင့် ဆိတ်နို့သည် အာဟာရပြည့်စုံပြီး အစာကြေညက်လွယ်သဖြင့်  သက်ကြီးရွယ်အိုများနှင့် ကလေးများ၊ နာလန်ထလူမမာများအတွက်  အထူးသင့်လျော်သည်။ ဆိတ်မ၏နို့ပေးကာလသည် ၃-၁၂ လ အထိကြာမြင့်တတ်သဖြင့်ဆိတ်နို့ရောင်းချခြင်းအားဖြင့်လည်းဝင်ငွေတစ်ခုတိုးပွားလာမည်ဖြစ်သည်။

ဆိတ်မွေးမြူရေးလုပ်ငန်းကို“တစ်နိုင်တစ်ပိုင်မှသည်စီးပွားဖြစ်ဆီသို့” တိုးချဲ့မွေးမြူလာနိုင်ပါကဆိတ်များမှထွက်ရှိသော ဆိတ်သား၊ ဆိတ်သားခြောက်၊ဆိတ်သားရေ၊ ဆိတ်သားရေမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော ဖိနပ်၊ ဂျာကင်၊ ဦးထုပ်၊ လက်ကိုင်အိတ်၊ ဆိတ်နို့၊ ဆိတ်နို့မှသည် ဆိတ်နို့ရေချိုးဆပ်ပြာခရင်၊ လိုးရှင်းစသော အလှကုန်ပစ္စည်းများအပြင် ဆိတ်နို့ခဲစသည့် စားသောက်ကုန်ပစ္စည်းများ၊ဆိတ်ချေးမှသည်  စိုက်ပျိုးရေးသုံးမြေဩဇာများအဖြစ် ထုတ်လုပ် ရောင်းချခြင်းဖြင့်   ဝင်ငွေတိုးပွားလာမည်ဖြစ်သည်။ ဒါ့အပြင်   ပြည်တွင်းဆိတ်သားထုတ်လုပ်မှု   ပိုလျှံလာပါက  နိုင်ငံခြားသို့   တင်ပို့ရောင်းချခြင်းဖြင့် အော်ဂဲနစ်ဆိတ်သားများအဖြစ် ပြည်ပတွင် ဈေးကွက်ကောင်းစွာရရှိလာမည်ဖြစ်သည်။

ဆိတ်သည် သဘာဝအလျောက် သစ်ပင်၊ သစ်ဖု၊ သစ်မြစ်များကိုကိုက်ဖြတ်စားသောက်တတ်သောအလေ့အကျင့်များရှိခြင်းကြောင့်   အစာအတွက် ကုန်ကျရသောစရိတ်များနည်းပါးခြင်း၊  ဆိတ်ခြံမှာလည်း ဝက်ခြံ၊ ဥစားကြက်ခြံတို့ကဲ့သို့ ဆောက်လုပ်ရန်မလိုအပ်ဘဲ  ဒေသတွင်းရှိ  သစ်၊ ဝါးများဖြင့်သာ လွယ်လင့်တကူဆောက်လုပ်နိုင်ခြင်းကြောင့် ခြံအတွက်ကုန်ကျရသောစရိတ်များ သက်သာခြင်း၊ ဆိတ်များကိုလွှတ်ကျောင်းမွေးမြူရာတွင်  ဆိတ်ကောင်ရေ ၄၀ အထိတွင်  ဆိတ်ကျောင်းသားတစ်ယောက်နှုန်းဖြင့်သာ ထိန်းကျောင်း၍ရသောကြောင့် လုပ်သားစရိတ်သက်သာခြင်း၊ ဆိတ်သည် အကြမ်းဒဏ်ခံနိုင်သောတိရစ္ဆာန်ဖြစ်သောကြောင့်  ကျန်းမာရေးအတွက် ဆေးကုသရသော   ကုန်ကျစရိတ်သက်သာခြင်း၊ ဆိတ်သည် တစ်နှစ်အတွင်းတွင် နှစ်သားတင်ပြီး တစ်သားလျှင် ၂-၄ အထိ သားပေါက်နိုင်သောကြောင့် အချိန်တိုအတွင်း စီးပွားရေးတွက်ခြေကိုက်စေသော မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်ခြင်း စသောအချက်များကြောင့် ဆိတ်မွေးမြူရေးကို လုပ်ကိုင်ဆောင်ရွက်ကြရန်   အားပေးတိုက်တွန်းအပ်ပါသည်။  ဆိတ်မွေးမြူရေးလုပ်ငန်း  လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့်  ဆိတ်မွေးမြူရေးမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများပိုမိုထုတ်လုပ်လာနိုင်ခြင်းကြောင့် နိုင်ငံအတွင်း အလုပ်အကိုင်  အခွင့်အလမ်းများတိုးတက်လာကာ လူမှုစီးပွားဘဝ  တိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။ ထို့ကြောင့် ဆိတ်မွေးမြူရေးကို မိသားစုတစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ် စနစ်တကျမွေးမြူခြင်းဖြင့်သော်လည်းကောင်း အင်တိုက်အားတိုက်မွေးမြူကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။    ။

Source: https://myawady.net.mm/stories