တောင်သူစီးပွား အကျိုးများဖို့ ငှက်ပျောစိုက်ကြစို့
Posted_Date
Image

Body
ငှက်ပျောသီးသည် လူမျိုးမရွေးဘာသာမရွေးစားသုံးကြသော အသီးတစ်မျိုးဖြစ်သည်။ ငှက်ပျောပင်သည် မြန်မာတိုင်းရင်းသားတို့ယဉ်ကျေးမှုနှင့်ဆက်စပ်ဒွန်တွဲလျက်ရှိသည်။မြန်မာ့ဓလေ့အစဉ်အလာအရငှက်ပျောသည် အရေးပါသောအခန်းကဏ္ဍကပါဝင်နေသည်။ ငှက်ပျောနှင့်အုန်းသီးသည်မြန်မာမှုနယ်ပယ်တွင်နေရာတော်တော်များများ၌ပါဝင်နေသည်။ ဘုရားပွဲမှာလည်း ငှက်ပျောသီးပါသည်။
မင်္ဂလာဆောင်မှာလည်း အုန်းနှင့်ငှက်ပျောတွဲဖက်၍ပါသည်။အလှူပွဲတွေမှာလည်းအုန်း၊ ငှက်ပျောပါသည်။ဗုဒ္ဓပူဇနိယပွဲများ၊နတ်ပွဲများနှင့်နတ်ပူဇော်ပသရာမှာလည်းငှက်ပျောပါသည်။ မင်းခမ်းမင်းနားနှင့်ရှင်ပြုနားသပွဲများမှာလည်း ငှက်ပျောပါသည်။ ထို့ကြောင့် ငှက်ပျောပင်ကို “မြန်မာအမျိုးသားရေး ပဒေသာပင်”ဟုပင် တင်စားခေါ်ဝေါ်ကြသည်။
မြန်မာငှက်ပျောမျိုးများ
ငှက်ပျောပင်ကို အင်္ဂလိပ်လို Banana ဟုခေါ်ပြီး ရုက္ခဗေဒအမည်မှာ Musa Sapientum linn ဖြစ် သည်။ မြန်မာနိုင်ငံတွင် ထင်ရှားသောငှက်ပျော မျိုးများရှိသည်။ယင်းတို့မှာ ဖီးကြမ်းငှက်ပျော၊ ဗျပ်ပြည့် ငှက်ပျော၊ ငှက်ပျောသူငယ်စာ၊ ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော၊ သီးမွှေးငှက်ပျော၊ ရွှေနီငှက်ပျော၊ ရွှေဝါငှက်ပျော၊ နံ့သာပုငှက်ပျော၊ထောပတ် ငှက်ပျော၊ ဆင်စွယ်ငှက်ပျော၊ ငှက်ပျောချဉ်၊ သုံးလုံး တစ်ပိဿာစသည်ဖြင့်ရှိသည်။ သုံးလုံးတစ်ပိဿာ ငှက်ပျောအလုံးကြီးသည်သုံးလုံးလောက်ကို ချိန်ကြည့်ပါက တစ်ပိဿာခန့်ရှိသောကြောင့် သုံးလုံးတစ်ပိဿာဟုခေါ်ခြင်းဖြစ်သည်။
ငှက်ပျောစိုက်ပျိုးနည်း
ငှက်ပျောပင်သည် ပူအိုက်စိုစွတ်သော၊အပူပိုင်းမိုးများသောရာသီမျိုးကိုကြိုက်သည်။ သို့သော်လည်း မြန်မာနိုင်ငံအနှံ့အပြားမှာ စိုက်ပျိုးလေ့ရှိသည်ကိုလည်းတွေ့ရသည်။ ငှက်ပျောသည် အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၂၇ ဒီဂရီစင်တီဂရိတ်ဝန်းကျင်၌ဖြစ်ထွန်းသည်။ အပင်ကြီးသောမျိုးများမှာမူ ၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၂ ဒီဂရီစင်တီဂရိတ်သည်အကောင်းဆုံးဖြစ်သည်။ငှက်ပျောစိုက်ပျိုးရန် အကောင်းဆုံးမြေမှာမြေဆီလွှာကောင်းမွန်ရန်လိုသည်။ အလွယ်တကူထွန်ယက်နိုင်သောမြေမျိုး၊မြေဆွေးဓာတ်နှင့်မြေတွင်းအာဟာရဓာတ်ကြွယ်ဝသောမြေမျိုးဖြစ်ဖို့လိုသည်။မြေကြီးသည်လေဝင်လေထွက်ကောင်းရမည်။နုန်းတင်မြေနု၊သဲနုန်းမြေများမှာလည်းဖြစ်ထွန်းသည်။ မြေစေး၊မြေနက်များ တွင်မစိုက်ပျိုးသင့်ပေ။ အမြစ်တိုးဝင်မှုကိုအဟန့်အတား ဖြစ်စေသောကြောင့်ဖြစ်သည်။
ငှက်ပျောအတွက်မြေချဉ်ငန်ကိန်းမှာ ၄ ဒသမ ၅ မှ ၇ ဒသမ ၅ အတွင်းဖြစ်ရမည်။ ငှက်ပျောစိုက်မည်ဆိုပါက လေတိုက်နှုန်းနည်းသည့်နေရာမျိုးကိုရွေးချယ်ရမည်။အကြောင်းမှာတစ်နာရီ ၂၅ မိုင်နှုန်းလေတိုက်ခတ်ပါက အပင်လဲကျပြီး ပျက်စီးတတ်သည်။ ငှက်ပျောပင်အတွက် ရေသည် မိုးရေချိန် ၄ လက်မရသောဒေသမျိုးဖြစ်ရမည်။
မြေအမျိုးအစားနှင့် ရေပေးဝေနည်း
ငှက်ပျောစိုက်မည့်မြေကို ထွန်စက်ဖြင့် မြေအမျိုးအစားကိုလိုက်၍လေးသွားစက်ထယ် တစ်စပ်(ခါ)၊ ၁၆ သွား သို့မဟုတ် ၁၈ သွားစက်ထယ် နှစ်စပ်(ခါ)ဖြင့် မြေပြင်ပေးရမည်။မြေအနက်က ၆ လက်မမှ ၈ လက်မအထိ ထယ်ရေးနက်ဖို့လိုသည်။ ငှက်ပျောပင်ကိုအများအားဖြင့် ဇွန်လနှင့်မေလတို့တွင်အစိုက်များကြသည်။ ငှက်ပျောပင်ကိုစိုက်မည်ဆိုပါက သားတက်ကိုသာအစိုက်များကြသည်။ စိုက်ကျင်းအနက်ကို ၁၅ လက်မတူးစိုက်ကြသည်။ တချို့က ၂၄ လက်မအထိလည်းတူးစိုက်ကြသည်။ ကမ္ဘာ့ငှက်ပျောစိုက်စနစ်အရမူ ၁၂ လက်မ x ၁၂ လက်မမှ၂၀ လက်မ x ၂၀ လက်မဖြစ်သည်။ မြေညံ့လျှင်ကျင်းနက်နက်တူး၍စိုက်ရသည်။ ငှက်ပျောပင်ကိုရေပေးရာတွင် အပင်ရင်း၌ ရေမဝပ်အောင်အထူးဂရုစိုက်ရမည်။ ရေဝပ်ပါက ရေနုတ်ပေးရမည်။ ဤအချက်ကအရေးကြီးသည်။ ရေဝပ်ပါကအပင်သေတတ်သည်။ မြေအနေအထားနှင့် ငှက်ပျောပင်ကြီးထွားနှုန်းအရရေပေးရသည်။
မြေအနက် ၄ လက်မအထိ ရေရောက်ရန်လိုသည်။ ရေပေးမှန်ကန်ပါက အသီးအထွက်နှုန်း ၇၀ ရာခိုင်နှုန်းအထိကောင်းသည်။ ရေပေးရာတွင် အပင်ခြေ၌ကျင်းဖွဲ့ရေလောင်းနည်း၊ ထယ်ကြောင်းပေးရေသွင်းနည်း၊ စိုက်ခင်းတစ်ခုလုံးရေလွှမ်းစေသောနည်းနှင့် ရေဖျန်းနည်းတို့ဖြစ်သည်။ ငှက်ပျောစိုက်ပြီးနောက် တစ်လသားအချိန်တွင် ပျိုးပင်အထက်ပိုင်းပင်စည်ကို မြေအထက်တစ်တောင်ခန့်က ဓားဖြင့်ဖြတ်ပေးရသည်။
ယင်းကိုငှက်ပျောပင်ဓားလိုက်ခြင်းဟုခေါ်သည်။ ဓားလိုက်ရာတွင် ခပ်စောင်းစောင်းလိုက်ပေးရမည်။ ခပ်စောင်းစောင်းဓားလိုက်ခြင်းမှာ အပင်အတွင်းမိုးရေမဝင်စေရန်ဖြစ်သည်။ မိုးရေဝင်လျှင် အပင် သေတတ်သည်။ပင်သက်ခြောက်လ၊ ခုနစ်လအရောက်မှာ သားတက်များထွက်လာတတ်သည်။ထိုသားတက်များအနက်မှ အကြီးဆုံးနှင့် အသန်ဆုံးအပင်ကိုချန်ထား၍ ကျန်သားတက်များကို ရှင်းလင်းပေးရမည်။ ငှက်ပျောအခိုင်ထွက်လာပြီး အနည်းငယ်ရင့်လာပါက ဝါးထောက်ပေးရသည်။ ငှက်ပျောခိုင်ကို ငှက်ပျောသီးအလွန်မရင့်မီ ခုတ်ယူကြသည်။ ဝေးလံသောအရပ်ဒေသသို့တင်ပို့မည်ဆိုလျှင် ၈၀ ရာခိုင်နှုန်းရင့်သောအချိန်မှာ ခုတ်ယူရသည်။ ငှက်ပျောတစ်ဧကလျှင် ၁၀ တန်မှ ၁၂ တန်အထိထွက်သည်ဟုသိရသည်။
မြန်မာနိုင်ငံတွင်မူ ငှက်ပျောကိုအလေးချိန်နှင့်မပြပါ။ အခိုင် သို့မဟုတ် ငှက်ပျောဖီးအလိုက်သာရောင်းဝယ်ကြသည်။ တစ်ဧကတွင် အခိုင်ရေ ၆၇၀ ခန့်ရနိုင်ကြောင်းသိရသည်။ လှည်း ၁၅ စီးတိုက်ခန့်ရနိုင်သည်။လှည်းတစ်စီးတင်ဆို အဖီး ၂၄၀ သတ်မှတ်ကြသည်။
ငှက်ပျောစိုက်ပျိုးဝင်ငွေတိုး
ငှက်ပျောသည် မြန်မာနိုင်ငံ၌စျေးကွက်ရှိသည်။ စာရေးသူတို့ဘက်မှာဆို ငှက်ပျောကိုခြံပြတ်ဝယ်ယူ ကြသည်။ တစ်နိုင်စိုက်ပျိုးသူများက လက်လီရောင်းကြသည်။ လက်လီရောင်းချရာတွင် ငှက်ပျောဖီးအရွယ်အစားအလိုက် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြသည်။ အထက်မှာ ငှက်ပျောအထွက်နှုန်းကိုဖော်ပြခဲ့သည်။ ရွှေငှက်ပျော၊ နံ့သာပုတို့ဆိုလျှင် ဈေးနှုန်းပိုမိုရရှိသည်။ ထို့ကြောင့် ငှက်ပျောစိုက်ပျိုးပါက တောင်သူများဝင်ငွေတိုးပွားမည်ဖြစ်သည်။
မြန်မာ့ငှက်ပျောထုတ်ကုန်နှင့်ကမ္ဘာ့ငှက်ပျောထုတ်ကုန်
မြန်မာနိုင်ငံတွင် ငှက်ပျောသီးထုတ်ကုန်တစ်ခုမှာငှက်ပျောကြော်လုပ်ငန်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် ငှက်ပျောကြော်လုပ်ငန်းကိုလုပ်ကိုင်ကြသည်။ ငှက်ပျောကြော်လုပ်ငန်းသည် မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ပထမဆုံး ငှက်ပျောသီးကိုလိုသလောက်ရှာထားရသည်။ ပြီးနောက် အစိမ်း၊ အမှည့်ခွဲထားရသည်။ ထို့နောက် ငှက်ပျောသီးအစိမ်းနှင့်အမှည့်များကို ခပ်ပါးပါးလှီးကာ ဖွဲမီးဖြင့်ကြော်ရသည်။
ငှက်ပျောကြော်ကို စနစ်တကျထုပ်ပိုး၍မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချကြသည်။ ငှက်ပျောကြော်ကို အစိမ်းကြော်နှင့်အမှည့်ကြော်ဟူ၍နှစ်မျိုးကြော်ကြသည်။ ထိုဒေသ၏ငှက်ပျောကြော်လုပ်ငန်းသည် မိသားစုစီးပွားရေးလုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းရှိသဖြင့်ထိုဒေသရှိငှက်ပျောစိုက်တောင်သူများလည်း ငှက်ပျောစျေးကွက်ရရှိလာသည်။ ပိုလျှံသည့်ငှက်ပျောများကို ရန်ကုန်သို့တင်ပို့ရောင်းချကြသည်။
မြန်မာနိုင်ငံမှာတော့ ငှက်ပျောနှင့်ပတ်သက်ပြီး ထုတ်ကုန်အဖြစ် ထုတ်လုပ်မှုများများမရှိပါ။ မြန်မာနိုင်ငံမှာ ငှက်ပျောပင်မှအမျှင်ထုတ်ယူ၍ အဝတ်အထည်များပြုလုပ်သည်ကို Facebook ပေါ်မှာတင်ထားသည်ကိုဖတ်လိုက်ရသည်။ ဤကား ကောင်းသောအလားအလာဖြစ်သည်။ စွန့်ဦးတီထွင်မှုဟုပင်ဆိုရပေမည်။ ထိုသူ၏အမည်မှာ ဦးမြင့်သိန်းဟု သိရသည်။ ငှက်ပျောပင်မှထုတ်ယူရရှိသောချည်ဖြင့် အင်္ကျီနှင့်အဝတ်အထည်များပြုလုပ်သည်။ အမျိုးသမီးစီးဖိနပ်နှင့် အမျိုးသားစီးဖိနပ်တို့ပြုလုပ်သည်။ ထို့ပြင် ငှက်ပျောဖတ်ဖြင့်ခေါင်းအုံးပြုလုပ်ထားသည်ကိုလည်း တွေ့ရသည်။ ဒါ့အပြင် ပဝါ၊ လက်ကိုင်အိတ်၊ ပိုက်ဆံအိတ်အစရှိသည့်လူသုံးကုန်ပစ္စည်းအမျိုးမျိုးကိုထုတ်လုပ်ထားသည်။ ငှက်ပျောပင်စည်အလွှာကိုအမျှင်ထုတ်ယူ၍လူသုံးကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ထားခြင်းဖြစ်သည်။အမှိုက်ထဲကရွှေဟုပင်ဆိုရပေမည်။ ထို့ပြင်မြန်မာလူမျိုးများသည်ငှက်ပျောသီးကိုအခြေခံ၍ မြန်မာမုန့်များပြုလုပ်ရောင်းချခြင်းဖြင့်မိသားစုစားဝတ်နေရေးကိုဖြေရှင်းကြသည်များလည်း ရှိသည်။ ငှက်ပျောသီးဖြင့်ပြုလုပ်သောမုန့်များမှာ ငှက်ပျောသီးမုန့်၊ ငှက်ပျောသီးရွှေချီ၊ ငှက်ပျောအုန်းနို့ပေါင်း၊ ငှက်ပျောကြော်၊ ငှက်ပျောမုန့်ပွကြီး၊ ငှက်ပျောကော်ပြန့်ကြော်စသည်တို့သည် ငှက်ပျောသီးဖြင့်ပြုလုပ်သောမုန့်များဖြစ်သည်။တစ်နည်းအားဖြင့်ငှက်ပျောသီးအခြေခံသောမိသားစုစီးပွားရေးလုပ်ငန်းဟုပင်ဆိုရပေမည်။ မြန်မာနိုင်ငံတွင်အခြားငှက်ပျောစားသောက်စရာတစ်မျိုးမှာ ငှက်ပျောသီးကိုဖျော်ရည်အဖြစ်ပြုလုပ် သောက်သုံးခြင်း ပင်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့စျေးကွက်မှာလည်း ငှက်ပျောသီးထုတ်ကုန်များရှိသည်။ ငှက်ပျောသီး ခြောက်မှုန့်၊ စည်သွတ်ငှက်ပျောသီး၊ ထိုထုတ်ကုန်ကို အမေရိကန်ပြည်ထောင်စုမှာ အပူချိန်နည်းနည်းဖြင့်အခြောက်ခံ၍ပြုလုပ်ခြင်းဖြစ်သည်။ ထို့ပြင် ငှက်ပျောအနှစ်ထုတ်ကုန်ကိုလည်း အမေရိကန်နိုင်ငံကအများဆုံးမှာယူကြောင်း၊ စိုက်ပျိုးရေးဌာန၏ ၁၉၆၅ ခုနှစ်မှတ်တမ်းအရ တန်ချိန် ၃၅၀၀ ခန့်မှာယူတင်သွင်းစားသုံးခဲ့ကြောင်း သိရသည်။ ယခုဆို ထိုထက်ပိုများနိုင်မည်ဟုယူဆရပေမည်။ ငှက်ပျောအနှစ်ထုတ်လုပ်မှုကို ၁၉၆၅ ခုနှစ် ဒိုမီနီကန်နိုင်ငံက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၉၂ ဒေါ်လာရသည်ဟုသိရသည်။ တန်ချိန် ၃၅၀၀ ဆိုလျှင် အမေရိကန်ဒေါ်လာ ၆၇၂၀၀၀ ခန့်ရသည်။ ထုပ်ပိုးရာမှာလည်း မှိုပါဝင်မှု ၄ ရာခိုင်နှုန်းထက်မကျော်လွန်အောင် စနစ်တကျထုပ်ပိုးရသည်။ ထို့ပြင် ငှက်ပျောသီးကို ဘီယာချက်ခြင်း၊ ဝိုင်အရက်ပြုလုပ်ခြင်း၊ ငှက်ပျောဆီထုတ်လုပ်ခြင်းတို့ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင်ယခုအခါငှက်ပျောသီးသည်စျေးကွက်ရှိပြီး စျေးကောင်းသောအသီးတစ်မျိုးဖြစ်သည်။ အထက်မှာစာရေးသူတွက်ပြခဲ့သလို တစ်ဧကအထွက်နှုန်းနှင့် တစ်ဖီးတန်ဖိုးအရ သိန်းပေါင်းမနည်းရသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ပြင်မြန်မာနိုင်ငံအနေဖြင့်ငှက်ပျောပင်ထွက်ထုတ်ကုန်များကို ဦးမြင့်သိန်းကဲ့သို့ ထုတ်လုပ်နိုင်အောင် ကြိုးစားသင့်သည်။ ထိုထုတ်လုပ်မှုလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းအနေဖြင့်အောင်မြင်ဖြစ်ထွန်းပါက ပြည်ပနိုင်ငံများကိုပင် ပြည်ပပို့ကုန်အဖြစ်တင်ပို့နိုင်ဖို့မျှော်လင့်ချက်ပင်ဖြစ်သည်။ ထို့ပြင်အခြားငှက်ပျောထုတ်ကုန်များ ထပ်မံထုတ်လုပ်နိုင်ပါကပြည်တွင်းစီးပွားရေးလုပ်ငန်းအဖြစ် ပြည်သူကိုအကျိုးပြုနိုင်သလိုနိုင်ငံ့အတွက်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ငှက်ပျောစိုက်တောင်သူများ လည်းအကျိုးများမည် ဖြစ်သောကြောင့် ငှက်ပျောစိုက်ကြဖို့တိုက်တွန်းလိုပါသည်။ ။
Source: Myawady Web Portal