ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးဆီ ရှေးရှုသည့် BRI ထီးရိပ်အောက်က CMEC

Posted_Date

Image

ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးဆီ ရှေးရှုသည့် BRI ထီးရိပ်အောက်က CMEC

Body

(ယမန်နေ့မှအဆက်)

နှစ်နိုင်ငံအကျိုးစီးပွားအတွက် ရည်ရွယ်၍

ဤနေရာတွင် China - Myanmar Economic Corridor (CMEC) မှ မြန်မာနိုင်ငံ အကျိုးစီးပွားနှင့် ဆက်စပ်နေသည့် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကို လေ့လာကြည့်ရပါမည်။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ Gateway ၊ တရုတ်အတွက် ကမ္ဘာကို ချဲ့ထွင်မည့် နိုင်ငံတကာစျေးကွက် အကျိုးစီးပွားများကို မြင်မိပါသည်။ စီးပွားရေးတစ်ခုတည်းမက စွမ်းအင်ဖူလုံမှု၊ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်၊ နယ်စပ်ဒေသများ လုံခြုံရေးနှင့် နယ်စပ်ကုန်သွယ်ရေးများ ပါဝင်သော လုံခြုံရေးရာရှုထောင့်များမှ နှစ်နိုင်ငံအကျိုးစီးပွား၊ ဒေသအကျိုးစီးပွား၊ ကမ္ဘာ့အကျိုးစီးပွားများအထိ မြင်ရပါမည်။

စွမ်းအင်ဆိုင်ရာကဏ္ဍတွင် အရှေ့အလယ်ပိုင်းနှင့် အာဖရိကရေနံစိမ်းကို ၂၀၁၃ ခုနှစ်၊ မြန်မာ့ သဘာဝဓာတ်ငွေ့ကို ၂၀၁၇ ခုနှစ်ကတည်းကပင် အရှည် ၇၇၁ နှင့် ၇၉၃ ကီလိုမီတာအသီးသီးရှိသော ရေနံစိမ်းပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများဖြင့် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ခရိုင် ချုံကျင်းမြို့အထိ သွယ်တန်း၍ တင်ပို့နေပြီဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နန့်ခမ်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသည့် ရွှေလီရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့နေပြီဖြစ်သည်။ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှရောက်ရှိလာသော ရေနံစိမ်းများကို ယူနန်သို့ ပိုက်လိုင်းမှတစ်ဆင့် တင်သွင်းရာမှာ အရေးပါသော ကျောက်ဖြူ မဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့်အတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်ကုန်းလမ်း ရထားလမ်းကြောင်းများကြောင့် ဤဒေသသည် နောင်တွင် ဒေသတွင်း၌ ထင်ရှားသော မြန်မာ့စက်မှုဇုန်အချက်အချာနေရာတစ်ခုအဖြစ် ရောက်ရှိလာမည်မှာ မလွဲပါ။

ထို့အပြင် ယူနန်နယ်စပ်မြို့ ရွှေလီမှ မူဆယ်၊ ကျောက်ဖြူအထိ ရထားလမ်း၊ ကားလမ်းများဖြင့် ပုံဖော်ထားသည့် တရုတ်နိုင်ငံ၏ အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာနှစ်စင်းမူဝါဒကြောင့်လည်း ယူနန်ပြည်နယ်၏ အရှေ့တောင်အာရှနှင့် တောင်အာရှကုန်သွယ်ရေးလမ်းကြောင်းအိပ်မက်ကြီးသည် အမှန်တကယ်ဖြစ်လာနိုင်သည်။ ရလဒ်အနေဖြင့် အမေရိကန်ရေတပ်၏ ခြိမ်းခြောက်မှုအောက်ရောက်နေသည့် တရုတ်ကုန်သွယ်လမ်းကြောင်း ဖြတ်သန်းရာ မလက္ကာရေလက်ကြားအပေါ် မှီခိုနေရမှုသည်လည်း လျော့ကျသွားနိုင်ပါသည်။

မြန်မာနိုင်ငံအရှေ့မြောက်ဒေသများနှင့် နယ်စပ် ယူနန်ခရိုင်သည် အဓိကကုန်သွယ်ဖက်များဖြစ်သော်လည်း ခေတ်အဆက်ဆက် မူးယစ်ဆေးဝါးစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်ရာသံသရာထဲမှ ရုန်းမထွက်နိုင်သောနေရာများလည်းဖြစ်သည်။ ထိုဒေသတစ်ခုလုံး မူးယစ်ဆေးဝါးပပျောက်ပြီး တရားဥပဒေစိုးမိုးကာ ကုန်သွယ်ထုတ်လုပ်မှုနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့် ဒေသတစ်ခုဖြစ်ပေါ်လာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ထွက်လာပြီး ဆင်းရဲမှုပပျောက်ရေးအတွက် နယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန်များ တည်ဆောက်နိုင်ရန် လိုအပ်နေပါသည်။

လမ်းကြောင်းပုံသဏ္ဌာန်

CMEC စင်္ကြံဆိုသည်ကို မြင်ကြည့်လျှင် Y ပုံသဏ္ဌာန်ရှိပြီး ကီလိုမီတာ ၁၇၀၀ အရှည်ရှိပါသည်။ လမ်းကြောင်းသည် တရုတ်နိုင်ငံ ယူနန်ခရိုင်မြို့တော် ကူမင်းမြို့မှစတင်ပြီး တရုတ်-မြန်မာနယ်စပ်ကို မူဆယ်၌ဖြတ်၍ မန္တလေးအထိ၊ ထိုမှနှစ်ပိုင်းခွဲကာ မူလတစ်ကြောင်းအဖြစ် ရခိုင်ပြည်နယ် ကျောက်ဖြူမှသည် ဘင်္ဂလားပင်လယ်အော်အထိလည်းကောင်း၊ နောက်တစ်ကြောင်းက မန္တလေးမှ ကုန်သွယ်မြို့တော် ရန်ကုန်အထိလည်းကောင်းဖြစ်သည်။ ထိုစင်္ကြံလမ်းကြောင်းများကြောင့် ဥရောပ၊ အာဖရိက အထိ တရုတ်နိုင်ငံ၏ ကုန်သွယ်မှုလမ်းကြောင်းအရှည်သည် ကီလိုမီတာ ၃၀၀၀ ခန့် လျော့နည်းသွားသည်ဟု ဆိုပါသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် နေပြည်တော် ပူးတွဲကွန်ဖရင့်တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ စတင်ကြေညာခဲ့သည့် CMEC သည် နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းရေးသာဖြစ်ပြီး အကျိုးယုတ်စရာမရှိပါ။ ထို့ကြောင့် တရုတ်နိုင်ငံ BRI အောင်မြင်ရေးတွင် အိန္ဒိယသမုဒ္ဒရာဆီ ဝင်ပေါက်၊ ထွက်ပေါက်သဖွယ်ဖြစ်နေသည့် မြန်မာနိုင်ငံပါဝင်နေသည့် တရုတ်- မြန်မာ CMEC ကို အမြန်အကောင်အထည်ဖော်နိုင်ရန် အရေးကြီးပါသည်။ ထို့ကြောင့်လည်း အဆိုပြုစီမံကိန်း ၃၃ ခုအနက် နယ်ပယ်ကိုးခုကို လွှမ်းခြုံသည့် တန်ဖိုးအားဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉ ဘီလီယံရှိသည့် စီမံကိန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။

စီမံကိန်းသုံးခု

ဆက်လက်၍ CMEC မူဘောင်အောက်ရှိ အဓိကကျသော စီမံကိန်းကြီးသုံးခုကို လေ့လာကြည့်ရ အောင်ပါ။ နံပါတ်(၁) တရုတ်နိုင်ငံ CITIC အုပ်စုနှင့် မြန်မာနိုင်ငံတို့၏ ၂၀၁၈ ခုနှစ် ကနဦးသဘောတူညီ ချက်အရ စတင်ခဲ့သော ၄၂၈၉ ဧကရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းနှစ်ပိုင်း ပါဝင်သည်။ ကွန်တိန်နာတင်သင်္ဘောများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘောများ ဆိုက်ကပ်ရာ မဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့် ရမ်းဗြဲဆိပ်ကမ်းနှစ်ခု၊ အဆင့်မြင့်အိမ်ရာ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုလှောင်ကန်၊ ဓာတ်အားပေးရုံစီမံကိန်းများ ပါဝင် သည့် ရေနက်ဆိပ်ကမ်းအပိုင်းနှင့် ချည်မျှင်နှင့် အထည်၊ အစားအသောက်၊ ရေထွက်ပစ္စည်း၊ ဆေးဝါး၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်နှင့် သုတေသနလုပ်ငန်းများပါဝင်သည့် စက်မှုဇုန်အပိုင်းများဟူ၍ ဖြစ်သည်။ ကနဦးအဆင့်မှာပင် စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းနှစ်ခုမှ လုပ်ငန်းအသစ်ပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်မည်ဟုလည်း ဆိုပါသည်။

CMEC မူဘောင်အောင်တွင် နံပါတ် (၂) စီမံကိန်းများအဖြစ် နှစ်နိုင်ငံနယ်ခြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကို တွေ့ရမည်ဖြစ်သည်။ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဟာဗျူဟာအရ အချက်အချာကျသော နယ်စပ်မြို့များနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်မြို့များအကြား ဟိုချောင် - ကံပိုင်တည်ဂိတ်၊ ရွှေလီ-မူဆယ်ဂိတ်၊ မိန်းတိန် - ချင်းရွှေဟော်ဂိတ်သုံးခုတွင် တည်ရှိသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များသည် နယ်စပ်ကုန်သွယ်ရေး၊ ယဉ်ကျေးမှုပူးပေါင်းဆောင် ရွက်မှုစင်တာနှင့် စီးပွားရေးဇုန်များ ထူထောင်နိုင်သည်အထိ ရည်မှန်းဆောင်ရွက်လျက်ရှိသည့်ဇုန်များ ဖြစ်သည်။ ထို့နောက် CMEC အောက်မှ နံပါတ် (၃) ကျောက်ဖြူ - ကူမင်း ရထားလမ်းစီမံကိန်းကလည်း စိတ်ဝင်စားစရာကောင်းသည်။ တရုတ်နိုင်ငံအတွင်း ရထားလမ်းစနစ်ဖြင့် ချိတ်ဆက်ထားသည့် ကီလိုမီတာ ၁၄၀၀ အရှည်ရှိ ကူမင်း-ကျောက်ဖြူ လျှပ်စစ်အမြန်ရထားစီမံကိန်းလမ်းကို မူဆယ်- မန္တလေး၊ မန္တလေး - ကျောက်ဖြူ အပိုင်းနှစ်ပိုင်းခွဲ၍ ရေနံနှင့် ဂက်စ်ပိုက်လိုင်းနှင့်အပြိုင် ဆောင်ရွက်သွား ရန် ဘူမိဗေဒတိုင်းတာမှုများကို စတင်ဆောင်ရွက် နေပြီဖြစ်ပါသည်။

စိန်ခေါ်မှုများလည်းရှိနေမည်သာ

 ကြီးမားသော ကမ္ဘာ့အဆင့် စီးပွားရေးကွန်ရက်ကို ဦးဆောင်နေသူ တရုတ်နိုင်ငံနှင့် မိတ်ဖက်ပါတနာ မြန်မာနိုင်ငံနှစ်နိုင်ငံလုံးအတွက် အားသာချက်နှင့် အခွင့်အလမ်းများရှိသည့်နည်းတူ စိန်ခေါ်မှုများ လည်း ရှိနေမည်မှာမလွဲပါ။ ထိုစိန်ခေါ်မှုများကြောင့်ပင် CMEC တိုးတက်မှုမှာ ကာလတစ်ခု အတွင်း နှောင့်နှေးခဲ့ရသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များတည်ရှိရာ နှစ်နိုင်ငံနယ်ခြားမြို့ များသည် လက်နက်ကိုင်အဖွဲ့အစည်းများစွာရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော ဒေသများဖြစ်သည့် အတွက် ထိုဒေသများ တည်ငြိမ်အေးချမ်းအောင် ဦးစားပေးဆောင်ရွက်နေရခြင်းဖြစ်သည်။

တရုတ် - မြန်မာနယ်စပ်တွင် တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အားကောင်းပြီး ဒေသတွင်း မတည်ငြိမ်ခြင်းက တိုးတက်မှုအတွက်  မည်သည့်ကြိုးပမ်းမှုကိုမဆို ဟန့်တားရာရောက်ပါသည်။ အချို့သောဒေသများတွင် ကျရောက်တတ်သည့် သဘာဝကပ်ဘေး၊ ရောဂါကပ်ဘေးကဲ့သို့ စိန်ခေါ်မှု များကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ ဖွံ့ဖြိုးမှုကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပက ဖန်တီးမြဲ လက်ရှိ ကြုံတွေ့ရင်ဆိုင်နေရသည့် ဟန့်တားနှောင့်ယှက်မှုများအားလုံးကို အနာဂတ်စိန်ခေါ်မှုများအဖြစ် ဆက်လက်ထည့်သွင်းထားရပါဦးမည်။

ဖွံ့ဖြိုးမှုအမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အချို့ဒေသခံတို့၏အမြင်များ

ဥပမာ- သဘာဝပတ်ဝန်းကျင်၊ မြေယာပိုင်ဆိုင်မှုကို သင်ခန်းစာယူ၍ ညီညွတ်မျှတသော တုံ့ပြန်မှု၊ ကောင်းမွန်သောအုပ်ချုပ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ အားလုံးပါဝင်မှုများဖြင့် ပုံရိပ်ကောင်းများ ဖြစ်ပေါ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တွေ့ကြုံရနိုင်မည့် အန္တရာယ်များအတွက်လည်း ပုံမှန်အကဲဖြတ်အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ကြောင့်လည်း စိန်ခေါ်မှုများရှိနေငြား CMEC ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကား ဆက်လက်အပြုသဘောဆောင်နေမည် ဖြစ်ပါသည်။

၂၀၂၅ ခုနှစ် IMF ကမ္ဘာ့ GDP (PPP) ထုတ်ပြန်ချက်အရ USD သန်းပေါင်း ၄၁ ဒသမ ၇၁ သန်းဖြင့် ကမ္ဘာတွင် စီးပွားရေးစွမ်းဆောင်နိုင်မှု အမြင့်ဆုံး နိုင်ငံဖြစ်နေသည့် တရုတ်နိုင်ငံ၏ BRI ပန်းတိုင်တွင် ပါဝင်ခြင်းဖြင့် သိသာထင်ရှားသောအကျိုးကျေးဇူးများစွာကို ရရှိမည်ဟု ယူဆပါသည်။ အိမ်နီးချင်းမိတ်ဆွေကောင်းစိတ်ဓာတ်ကို အခြေခံ၍ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးမှုအရာတွင် တန်းတူညီမျှ ပေါင်းစည်းမှုမှတစ်ဆင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုများ ရရှိလာမည်ဟု ယုံကြည်ထားပါသည်။ ထိုသို့သော အပြန်အလှန်ယုံကြည်မှုကသာ ဒေသတွင်းဖွံ့ဖြိုးမှုနှင့် တည်ငြိမ်မှုကိုပါ ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။

နယ်မြေအခြေအနေတည်ငြိမ်ပါက ကျောက်ဖြူအပါအဝင် အထူးစီးပွားရေးဇုန်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ခရီးသွားလုပ်ငန်းများစွာကို အကောင်းဆုံးဆွဲဆောင်ရာဖြစ်သည်။ အခွန်အကောက်ရငွေများ တိုးတက်လာမည်မှာ သေချာသည်။ စီးပွားရေးလုပ်ငန်းရှင်များ၏ ပြည်တွင်းထုတ်လုပ်မှုများ တိုးတက်လာမည်။ ထိုမှတစ်ဆင့် အခြားသောစင်္ကြံများနှင့် ချိတ်ဆက်မိကာ ဒေသတွင်း ကုန်သွယ်စျေးကွက်မှသည် ကမ္ဘာ့စျေးကွက်ကွန်ရက်အထိ ခြေဆန့်နိုင်တော့မည်ဖြစ်သည်။

MSME လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ထွက်လာစရာရှိသည်။ ရခိုင် တိုင်းရင်းသားများအပါအဝင် မြန်မာတိုင်းရင်းသားများအကြား ဆင်းရဲမှုနှင့် မညီမျှမှုများ လျော့နည်းလာမည်ဖြစ်သည်။ လူနေမှုဘဝများ သိသာထင်ရှားစွာ တိုးတက်လာမှုကြောင့် ငြိမ်းချမ်းရေးအာမခံချက်များကိုလည်း မြင်နေရသည်။ လက်တွေ့ကျသော ချဉ်းကပ်မှုများမှ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများစွာနှင့် ထိတွေ့ဆက်ဆံခွင့်လည်း ရရှိလာနိုင်မည် ဖြစ်ပါသည်။

နည်းပညာအပါအဝင် ကျွမ်းကျင်ပညာတတ်လူသားအရင်းအမြစ်များစွာကို မွေးထုတ်၍ ထိုလူသားစွမ်းအားကို ထိထိရောက်ရောက် အသုံးချနိုင်တော့မည်ဖြစ်သည်။ ဤသို့ဖြင့် မဟာဗျူဟာ အချက်အချာအရ၊ စီးပွားရေးအရ၊ ပထဝီနိုင်ငံရေးအရ အခွင့်အလမ်းကောင်းများကို အကောင်းဆုံး အသုံးချပြီး အတားအဆီးများကိုနည်းပါးအောင် ပြုခြင်းဖြင့် လှပသောအနာဂတ်ကို ပုံဖော်နိုင်မည်ဖြစ်သည်ဟု ယုံကြည်ထားပါသည်။ ။

ကိုးကား -      Shoon Lei Win ၏ Master of Arts Thesis

“CHINA-MYANMAR RELATIONS IN THE CONTEXT OF THE CHINA- MYANMAR ECONOMIC CORRIDOR” (CMEC), June 4,2025.