ပန်းတိုင်အထွက်နှုန်းပြည့်မီရေးမှသည် ပြည်သူတို့၏လူမှုစီးပွားဘဝတိုးတက်ရေးဆီသို့

Posted_Date

Image

ပန်းတိုင်အထွက်နှုန်းပြည့်မီရေးမှသည် ပြည်သူတို့၏လူမှုစီးပွားဘဝတိုးတက်ရေးဆီသို့

Body

လက်ရှိကာလတွင်နိုင်ငံတော်၏အခြေအနေအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူထားရသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဂ္ဂဗျူဟာ၊  မဟာဗျူဟာ၊  နည်းဗျူဟာများ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည်။  အဂ္ဂဗျူဟာမှာ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်နှင့်နိုင်ငံရေးရည်မှန်းချက်(၂)ရပ်တို့ဖြစ်သည်။ မဟာဗျူဟာမှာ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ဖြစ်ပြီး နည်းဗျူဟာမှာ  ဦးတည်ချက်(၉)ရပ်ဖြစ်သည်။   ဗျူဟာ  ၃  ခုစလုံးတွင် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆောင်ရွက်ရမည့်အချက်များပါရှိသည်။  နိုင်ငံတိုင်းအတွက်၊ လူသားတိုင်းအတွက် အလွန်အရေးပါသောအရာများတွင် စီးပွားရေးပါဝင်သည်။ စီးပွားရေးကောင်းမွန်မှသာ နိုင်ငံတစ်နိုင်ငံအနေဖြင့်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သကဲ့သို့ လူတစ်ဦးချင်းအနေဖြင့် လူရိုသေရှင်ရိုသေနေထိုင်နိုင်ပြီး နိုင်ငံသည်လည်း  ဝပြောသာယာကာအလုပ်အကိုင်အခွင့်အလမ်းများလည်း   ပေါကြွယ်လာမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံသားတိုင်း၏   တစ်ဦးချင်းဝင်ငွေတိုးတက်စေပြီး  အလုပ်လက်မဲ့နှုန်းကျဆင်းလာမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင်စီးပွားရေးမောင်းနှင်အားကောင်းမွန်ဖို့ရာအဓိကဖြစ်သည်။  စီးပွားရေးမောင်းနှင်အားကောင်းမွန်လာပါကနိုင်ငံရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားလည်းကောင်းမွန်လာမည်ဖြစ်သည်။

သို့အတွက်ကြောင့် နိုင်ငံတော်အကြီးအကဲသည်    နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများမြှင့်တင်နိုင်ကာ ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝမြင့်မားစေရေး တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ကွက်ပြည့်နင်းကာ ဒေသအလိုက် မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုခြင်း၊ လိုအပ်သည်များလမ်းညွှန်မှာကြားခြင်း၊ ဖြည့်ဆည်းပေးခြင်းတို့ကို  ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်  ဇူလိုင်လ ၁၀ ရက်နေ့တွင် မိတ္ထီလာခရိုင်သို့   ရောက်ရှိခဲ့သည်။

မိတ္ထီလာခရိုင်အတွင်းရှိ  ခရိုင်၊  မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME လုပ်ငန်းရှင်များအားတွေ့ဆုံ၍  ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ   ဆွေးနွေးပြောကြားစဉ် “မိတ္ထီလာဒေသသည်   မြန်မာနိုင်ငံ၏အလယ်လမ်းဆုံကျသည့်ဒေသဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့်   အလားအလာကောင်းများစွာကို   ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး    လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ နိုင်ငံအတွင်းနေရာဒေသအနှံ့အပြားသို့တင်ပို့နိုင်သည့်အခြေအနေကို ပိုင်ဆိုင်ထားရှိသဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းဖူလုံမှုကို ဦးစွာဆောင်ရွက်ပြီး ပိုလျှံသည်များကို  ပြင်ပသို့ဆက်လက်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက  ဒေသတွင်းထွက်ရှိသည့်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများသည်လည်း  ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ MSME ထုတ်ကုန်များသည် ပြည်တွင်းဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့လည်းတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲက မိတ္ထီလာခရိုင်နှင့်ပတ်သက်သော စိုက်ပျိုးရေးဆိုင်ရာတွက်ချက်မှုများအရ  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပန်းတိုင်သီးနှံများစိုက်ပျိုးမှုအနေဖြင့် ပန်းတိုင်ရည်မှန်းချက်မပြည့်မီခဲ့ကြောင်းကို   မိတ္ထီလာခရိုင်၏ ပန်းတိုင်သီးနှံ(၁၀)မျိုးဖြစ်သော စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါ၊ အစေ့ထုတ်ပြောင်း၊ မတ်ပဲ၊ ကြံသီးနှံထဲမှအချို့သီးနှံများကို ဥပမာပေးပြီးပြောကြားခဲ့ပါသေးသည်။ မိတ္ထီလာမြို့နယ်အတွက် ပန်းတိုင်သီးနှံများထဲမှ  တစ်ခုဖြစ်သော မိုးစပါးပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင်  တင်း ၁၀၀ သတ်မှတ်ထားသော်လည်း အမှန်တကယ်ထွက်ရှိမှုမှာ ပျမ်းမျှတစ်ဧကလျှင်   ၆၂ ဒသမ ၆၅ တင်းသာဖြစ်၍ ၃၇ ဒသမ ၃၅ တင်းလျော့နည်းခဲ့ကြောင်း၊ တစ်တင်းလျှင်ကာလပေါက်ဈေးငွေကျပ် ၂၂၀၀၀ ဖြင့်တွက်ကြည့်မည်ဆိုလျှင်၁၀ ဒသမ ၃၆၉ ဘီလီယံခန့် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီးမိတ္ထီလာခရိုင်တစ်ခုလုံးအနေဖြင့်ဆိုလျှင် ၇၉ ဒသမ ၇၉၁ ဘီလီယံဝင်ငွေလျော့နည်းခဲ့ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်မပြည့်မီသဖြင့် နွေစပါးထွက်ရှိမှုတွင် ၄ ဒသမ ၆ ဘီလီယံ၊ မြေပဲထွက်ရှိမှုတွင်  ၄၆  ဒသမ  ၈၉၅ ဘီလီယံ၊ နှမ်းထွက်ရှိမှုတွင် ၅၈၀ ဒသမ ၄၈ ဘီလီယံလျော့နည်းခဲ့ပြီးနေကြာ၊ ပဲတီစိမ်း   စသည့်သီးနှံများအပါအဝင် မိတ္ထီလာခရိုင်သည်  စိုက်ပျိုးရေးလုပ်ငန်းတွင်  ၉၈၀ ဘီလီယံ  ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။          

ဘီလီယံဆိုသည်မှာ လူတိုင်းမြင်လွယ်အောင်ပြောရမည်ဆိုလျှင်  ၁ နောက်တွင် သုည ၉ လုံးပါသော တန်ဖိုးတစ်ခုဖြစ်သည်။  ၁ ဘီလီယံသည် သိန်းပေါင်း ၁၀၀၀၀ နှင့်ညီမျှသည်။ ဘီလီယံ ၉၈၀ ဆိုလျှင်သိန်းပေါင်းဘယ်လောက်ရှိကြောင်းတွေးဆကြည့်၍ ရလောက်ပြီထင်သည်။ ထိုမျှများလှသော ငွေကြေးများသည် မိတ္ထီလာခရိုင်တစ်ခုတည်းတွင် ပန်းတိုင်ရည်မှန်းချက်မပြည့်မီ၍ ဆုံးရှုံးရသော တိုင်းပြည်၏ဘဏ္ဍာငွေဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးခရိုင်ပေါင်း ၁၂၀ ကျော်ရှိသည့်အတွက်ပန်းတိုင်ရည်မှန်းချက်မပြည့်မီလျှင်ဆုံးရှုံးလျော့နည်းရမည့်ပမာဏမှာထို့ထက်ပို၍များပေတော့မည်။ထိုဆုံးရှုံးမှုများသည် ဒေသတစ်ခု၊ ခရိုင်တစ်ခု၏ဆုံးရှုံးမှုတင်မဟုတ်ဘဲ တိုင်းပြည်ဝင်ငွေ  ဘီလီယံပေါင်းများစွာဆုံးရှုံးနစ်နာရခြင်းဖြစ်သည်။ ပို၍အသေးစိတ်တွေးလျှင်တိုင်းပြည်ဝင်ငွေတင်မဟုတ်ဒေသအလိုက်နေထိုင်သော ပြည်သူတို့၏စားရေးအတွက်  စားရေရိက္ခာဖူလုံမှုကိုပါ  ထိခိုက်စေခြင်းဖြစ်သည်။

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့်ဒေသတွင်နေထိုင်သူများ၏  ကြိုးပမ်းဆောင်ရွက်မှုအပေါ်တွင်အဓိကမူတည်သည်။“ငါတို့ဒေသငါတို့တိုးတက်အောင်လုပ်ဆောင်ကြမယ်”ဆိုသောစိတ်ဖြင့်တက်ညီလက်ညီဆောင်ရွက်ကြမည်ဆိုပါက အောင်မြင်မှုအသီးအပွင့်များကို ပျော်ရွှင်စွာခံစားကြရပေမည်။ မိတ္ထီလာဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို  အောင်မြင်အောင်လုပ်ဆောင်ခြင်းဖြင့်   ဒေသပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သလို နိုင်ငံ့စီးပွားရေးလည်း တိုးတက်လာမည်ဖြစ်သည်။

အထက်တွင်  တင်ပြခဲ့သည့်အတိုင်း ပန်းတိုင်ရည်မှန်းချက်မပြည့်မီ၍ ၉၈၀ ဘီလီယံခန့် ဆုံးရှုံးမှုမျိုးမဖြစ်ပေါ်စေရေးနည်းလမ်းရှာဖွေကြမည်ဆိုလျှင် သီးနှံများထပ်မံစိုက်ပျိုးရန်အတွက် မြေဧကချဲ့မည်တွေးသော်မှားပေလိမ့်မည်။   တကယ့်လက်တွေ့ကျကျဖြေရှင်းနည်းမှာ ရှိရင်းစွဲစိုက်မြေဧကများပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်မှုရှိစေရေးအတွက် စိုက်ပျိုးသည့်မျိုးများကောင်းမွန်ရမည်။

မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် သုတေသနပြုလုပ်စိုက်ပျိုးရမည်။ မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင်  ပိုက်ဆန်လျှော်များ စိုက်ပျိုးဆောင်ရွက်နိုင်သည်။မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာများကိုအသုံးပြုရမည်။ အလားတူ ရေလုံလောက်စွာရရှိရေးရှိပြီးဖြစ်သည့်ရေအရင်းအမြစ်များကိုအသုံးချ၍ ဆောင်ရွက်ရမည်။ မြေအောက်ရေနှင့်မိုးရေများနှင့် မြစ်ရေတင်စီမံကိန်းများမှရေများကို အသုံးချဆောင်ရွက်ကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးတွင်   သွင်းအားစုများကောင်းမွန်သော်လည်း စိုက်ပျိုးမှုတွင်နည်းစနစ်မကျပါက အောင်မြင်မှုရရှိမည်မဟုတ်သည်ကိုသတိပြုရပေမည်။ 

သတ်မှတ်ထားသည့် ကောက်ကွက်များအတိုင်း ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်ရန်နှင့် စိုက်ပျိုးသည့်အပင်များအားလုံးရှင်သန်ဖြစ်ထွန်းမှုရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။   အနှစ်ချုပ်သော် ရှိရင်းစွဲစိုက်မြေဧကပေါ်တွင် မျိုး၊ မြေ၊ ရေ၊  နည်းတို့ကို   အခြေခံပေါင်းစပ်ပြီး တစ်ဧကပန်းတိုင်ရည်မှန်းချက်များအတိုင်း အထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးခြင်းကသာ မှန်ကန်သည့်နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ ပန်းတိုင်ရည်မှန်းချက်ပြည့်မီသော် တိုင်းပြည်အတွက် ဝင်ငွေဆုံးရှုံးရခြင်းလည်း ရှိနိုင်တော့မည်မဟုတ်ပေ။

မြန်မာနိုင်ငံသည်ရေခံ၊ မြေခံကောင်းမွန်သည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှာ   စိုက်ပျိုး မွေးမြူရေးကို လုပ်ဆောင်နိုင်သည့် ဒေသများသာဖြစ်သည်။ အထူးသဖြင့်မြန်မာနိုင်ငံအလယ်ပိုင်း ဒေသ များသည်လည်း စိုက်ပျိုးမွေးမြူရေးကို အောင်မြင်စွာလုပ်ဆောင်နိုင်သည့်ဒေသဖြစ်သည်။ ထိုဒေသတွင် မိတ္ထီလာသည်လည်းတစ်ခုပါဝင်သည်။ မိတ္ထီလာသည်ပထဝီဗဟိုချက်၊ စီးပွားရေးဗဟိုချက်၊  လမ်းပန်း ဆက်သွယ်ရေးဆုံမှတ်   သုံးခုစလုံး၏အကျိုးကျေးဇူးကို ခံစားရသော မြန်မာနိုင်ငံ၏  အချက်အချာကျမြို့ ဖြစ်သည်။ မြန်မာနိုင်ငံအထက်၊ အောက်၊ အရှေ့၊ အနောက် စသည့်မည်သည့်နေရာမဆို လက်လှမ်း မီသည့်ဒေသဖြစ်သည်။

မိတ္ထီလာမြို့နှင့်ပတ်သက်လာလျှင်နိုင်ငံကိုအုပ်ချုပ်ခဲ့သော ရှေးမြန်မာဘုရင်ဆက်ဆက်တို့ စိတ်ဝင် စားရာနေရာဒေသဖြစ်ခဲ့သည်။    စိတ်ဝင်စားသည့်အကြောင်းအချက်များ တွင်   အဓိကအားဖြင့် နိုင်ငံ စီးပွားရေးအတွက် အချက်အချာဖြစ်နေခြင်းသည်လည်း အကြောင်းတစ်ခုဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း ရှေးကမင်းကောင်းမင်းမြတ်တို့၏  အစဉ်အလာနှင့်အညီ မိတ္ထီလာမြို့ဖွံ့ဖြိုးတိုးတက်ရေး၊   သာယာလှပ ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအောင်မြင်ရေးတို့ကို  ကြည့်ရှုစစ်ဆေးပြီး    လိုအပ်သည်များကို စီမံဆောင်ရွက်ပေးလျက်ရှိသည်။

လေ့လာကြည့်လျှင် မိတ္ထီလာမြို့သည် နိုင်ငံတော်အတွက် “စား၊ ဝတ်၊ နေ”ရေး၊ ပညာရေးတို့ကို ဖန်တီး တည်ဆောက်ပေးနေသောမြို့ဖြစ်သည်။စားရေးအတွက် စိုက်ပျိုးမွေးမြူရေး၊  ဝတ်ရေးအတွက် ချည်မျှင် နှင့်အထည်စက်ရုံများ၊ နေရေးအတွက် သဘာဝသစ်တောများ၊ ပညာရေးအတွက် အဆင့်မြင့်တက္ကသိုလ် များရှိနေသည်။ လူသားတို့အတွက် စားဝတ်နေရေး၊ ပညာရေးဆိုင်ရာမရှိမဖြစ်လိုအပ်သည့်အရာများကို မိတ္ထီလာမြို့တွင် စီမံတည်ဆောက်ပေးထားသည်။

မိတ္ထီလာမြို့၏ ပထဝီဆိုင်ရာအချက်အလက်များကို   လေ့လာကြည့်ပါက  မြောက်ဘက်တွင် မြင်းခြံခရိုင် တောင်သာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်  ရွာငံမြို့နယ်၊ တောင်ဘက် တွင်   ရမည်းသင်းခရိုင်ပျော်ဘွယ်မြို့နယ်၊ အနောက်ဘက်တွင် မကွေးတိုင်းဒေသကြီး    မကွေးခရိုင်  နတ်မောက်မြို့နယ်နှင့် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တို့ တည်ရှိသည်။ မိတ္ထီလာခရိုင်သည်  ဧရိယာအကျယ်အဝန်းအားဖြင့် ၂၂၃၅ ဒသမ၂၅ စတုရန်းမိုင်ရှိသည်။ အရှေ့-အနောက်အကွာအဝေး ၇၂ မိုင်၊ တောင်-မြောက်အကွာအဝေး ၆၂ မိုင်ရှိသည်။ မြေမျက်နှာသွင်ပြင်အနေဖြင့် ပင်လယ်ရေ မျက်နှာ ပြင်အထက်  အမြင့်ပေ ၄၆၀ မှ ပေ ၉၀၀ အတွင်းရှိသည်။ မြေပြန့်လွင်ပြင်အချို့နှင့် အရှေ့ပိုင်း ရှမ်းကုန်း ပြင်မြင့်နှင့်ဆက်စပ်သောဒေသများတွင်   တောင်ကုန်း၊ တောင်တန်းများပေါများပြီး အလယ်ပိုင်းတွင် မယ်ညို‌တောင်တန်းနိမ့်များတည်ရှိသည်။    ရာသီဥတုအနေဖြင့်  ပူပြင်းခြောက်သွေ့ပြီး ပျမ်းမျှအမြင့် ဆုံး အပူချိန် ၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်၊  ပျမ်းမျှအနိမ့်ဆုံးအပူချိန် ၁၁ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။   လူဦးရေအားဖြင့် ၈၁၄၆၂၀ ဦးရှိသော မြို့လေးဖြစ်သည်။

မိတ္ထီလာဒေသတွင်   စီးပွားရေးနှင့်ပတ်သက်၍  ကြီးမားသည့် စက်ရုံ၊ အလုပ်ရုံများမရှိသော်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏အဓိကစီးပွားရေးမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြစ်ပြီး  စီးပွားရေးအားကောင်းစေရန် အတွက် ဒေသတွင်းဝင်ငွေရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။   လုပ်ငန်းမှန်သမျှတိုးတက် အောင်မြင်ရေးအတွက်   တူညီသောလုပ်ဆောင်ချက်မှာ သုတေသနလုပ်ငန်းဖြစ်သည်။

လုပ်ငန်းတိုင်း၊ လုပ်ငန်းတိုင်းအတွက် သုတေသနလုပ်ငန်းသည်လည်း အရေးပါလှသည်။ မိမိတို့ ဆောင်ရွက်မည့်လုပ်ငန်းနှင့်ပတ်သက်ပြီး ခြေခြေမြစ်မြစ်သိရှိစေဖို့ရာ  စူးစမ်းရှာဖွေကြရမည်ဖြစ် သည်။

လုပ်ငန်းနှင့်သက်ဆိုင်သော   ကိစ္စတိုင်းသိသည်များလည်းရှိမည်။ မသိသေးတာလည်းရှိမည်။ သုတေသန လုပ်ငန်းများ ကိုဆောင်ရွက်ခြင်းသည်  လုပ်ငန်းတိုင်းအတွက်  နည်းမှန်လမ်းမှန်စနစ်တကျနှင့် လေ့လာ ဆန်းစစ်ပေးသည့်လုပ်ငန်းဖြစ်သည့်အတွက်နည်းပညာဆိုင်ရာအသစ်အဆန်းများကို ရှာဖွေတွေ့ ရှိခြင်း၊ ဆောင်ရွက်ကြမည့်နယ်ပယ်အလိုက် ပညာရပ်ဆိုင်ရာတိုးတက်ခြင်း၊ သုတေသန ရလဒ်များ ကြောင့်    စီးပွားရေးအခွင့်အလမ်းများပွင့်လန်းခြင်း၊ အချက်အလက်ကိုအခြေခံ၍ ဆုံးဖြတ်ရသော ကိစ္စများတွင် ကောင်းမွန်မှန်ကန်သောအထောက်အကူဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများလည်း ရရှိစေသည်။

မိတ္ထီလာဒေသအနေဖြင့်လည်း စိုက်ပျိုးရေးနယ်ပယ်တွင်   သီးနှံအထွက်နှုန်းတိုးတက်စေရေးအတွက် မိမိဒေသတွင်းရှိ စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်နှင့်ဝန်ကြီးဌာနများအလိုက်  သက်ဆိုင်ရာ ဌာနများ၊ပညာရှင်များ၊ဒေသခံများ၊ရပ်မိရပ်ဖများ ညီညီညာညာလက်တွဲကာ သုတေသနလုပ်ငန်းများ ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ ကုန်ထုတ်လုပ်ငန်းအတွက်လိုအပ်သော စိုက်ပျိုးရေး ထွက်ကုန်များလုံလောက်စွာရရှိပြီး One Region One Product အဖြစ် မြန်မာမှသည် ကမ္ဘာအထိ ဈေးကွက်ထိုးဖောက်နိုင်မည်ဖြစ်သည်။

စာရေးသူအနေဖြင့် ဤဆောင်းပါးကိုရေးသားရာတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သောစိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အမှန်တကယ်အောင်မြင်စေချင်သည့်ဆန္ဒဖြင့်ရေးသားခြင်းဖြစ်သည်။ ယခုဆောင်းပါးသည် လည်း   မိတ္ထီလာဒေသတစ်ခုတည်းကိုသာ ဦးတည်ရေးသားခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံရှိအခြား ခရိုင်၊ မြို့များအနေဖြင့်လည်း စိုက်ပျိုးရေးနှင့်ပတ်သက်ပြီးမိတ္ထီလာဒေသအတွက် ဆောင်ရွက်သင့်သည့်  နည်းလမ်းများကို မိမိတို့ဒေသများတွင်လည်း အတုယူကာ စိုက်ပျိုးရေးမှာ စိုက်ဧကတိုးချဲ့ခြင်းထက် မိမိခရိုင်၊ မိမိတို့ဒေသမှာ သတ်မှတ်ပေးထားသည့် ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် မျိုး၊ မြေ၊ ရေ၊ နည်းလေးချက်ညီစွာ   ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အတူ မိမိတို့ဒေသရှိ တက္ကသိုလ်၊ ဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာန၊ ပညာရှင်များကလည်း သုတေသနလုပ်ငန်းများ  လုပ်ဆောင်ပြီး ဒေသဖွံ့ဖြိုး တိုးတက် ရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။        

စိုက်ပျိုးရေးလုပ်ငန်းမှန်သမျှတွင် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များထားရှိသည်။ ထိုရည် မှန်းချက်များအတိုင်းအောင်မြင်စွာအကောင်အထည်ပေါ်လာစေချင်သည်။ သက်ဆိုင်သူ အားလုံးက မိမိနိုင်ငံကို  အမှန်တကယ်တိုးတက်စေချင်သည့်စိတ်၊ မိမိလုပ်ငန်းအောင်မြင် လိုသည့်စိတ်များဖြင့် လုပ်ကိုင်ဆောင်ရွက်ကြမည်ဆိုပါက မည်သည့်လုပ်ငန်းမဆိုအောင်မြင်မည်ဟုလေးနက်စွာ ယုံကြည် သည်။

တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုသည့်အတိုင်းနိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ ကျွန်တော်တို့အားလုံးဖြစ်အောင် လုပ်ဆောင်ကြရမည်။မဖြစ်နိုင်စရာအကြောင်းမရှိဟု လည်း ထင်မြင်မိပါသည်။ ဤနေရာတွင်   လွန်ခဲ့သော  နှစ်ပေါင်းများစွာက ဖတ်ခဲ့မိသောပီမိုးနင်း၏ “မသိသူ ကျော်သွား” စာအုပ်ပါအကြောင်းအချက်ကလေးကို ကောက်နုတ်ဖော်ပြလိုသည်။ အဆိုပါ စာအုပ်တစ်နေရာတွင် “မိုးဥတုများအတွင်း  အလွန်တရာကြွယ်ဝသော ပထဝီမြေ မိခင်ကြီးသည် မိမိ၏ရင်ခွင်၌ မှီတင်းနေထိုင်ကြကုန်သော လူသတ္တဝါများအတွက်  မြေဆီမြေနှစ်တို့ကို ဩဇာရသဓာတ်နှင့် ပြည့်စုံသောအပင်၊ အရွက်၊ အဥ၊ အသီးများအဖြစ်နှင့် ယူကြသုံးကြမှီဝဲကြလော့ဟု ပြောဆိုကာ ဖောဖောသီသီကြီးပေး၍  နေတတ်လေသည်။ ထိုပစ္စည်းများသည် ပေးခိုက်မှာပင်မယူလျှင် မြေဩဇာပြန်၍ဖြစ်ကြလေသည်။ အချို့သောအရပ်ဒေသများ၌ ကျေးတောသူ၊ ကျေးတောသားများသည် အများအားဖြင့် မိမိတို့စားသုံးရုံမျှသာယူကြရာ အလုပ်အကိုင်ဖြစ်လောက်အောင် ရှာဖွေခြင်းမပြုကြပေ။ လုပ်ကိုင်သူအနည်းငယ်မျှသာရှိလေရာ ကြွယ်ဝသောတောတောင် ချောင်း၊ မြောင်း၊ ကွင်းပြင်တို့သည်ကား အလုပ်ဖြစ်လောက်အောင်ငွေကြေးရလောက်အောင် လာရောက်မယူမငင်သူတို့ကို မျှော်ကာဝမ်းနည်းလျက် ငါတို့ပေးလျက်နှင့်မျှ  ယူဖော်မရဟုအသက်ရှိ၍ ပြောနိုင်ကြချေက ညည်းတွားပြောဆိုကြပေလိမ့်မည်”ဟူ၍ ဖော်ပြထားသည်။ ထို့ကြောင့်အနှစ်ချုပ်ဆိုရသော် မိမိတို့ဒေသ၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝအရင်းအမြစ်များကို ပညာဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ကာ အားကြိုးမာန်တက်   လုပ်ကိုင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း    စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာကိုရည်ညွှန်းလျက် တိုက်တွန်းရေးသားအပ်ပါသည်။    ။  

MWD Web Portal