စိန်ရတုမှသည်  ရတုပေါင်းများစွာတိုင်ခိုင်မြဲနေမည့် မြန်မာ-တရုတ်  ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှု

Posted_Date

Image

စိန်ရတုမှသည်  ရတုပေါင်းများစွာတိုင်ခိုင်မြဲနေမည့် မြန်မာ-တရုတ်  ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှု

Body

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့်အညီ ချစ်ကြည်ရင်းနှီးစွာနေထိုင်လာခဲ့ကြသည်မှာ ယခုအခါ(၇၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ နှစ်နိုင်ငံရှိခေါင်းဆောင်များ အဆက်ဆက်  ချစ်ကြည်ရင်းနှီးမှုများရှိနေသကဲ့သို့ ပြည်သူများအချင်းချင်းသည်လည်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့်အညီနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံသည်အိမ်နီးချင်းနိုင်ငံများနှင့်ပတ်သက်လာလျှင် စိတ်ကောင်းစေတနာကောင်းဖြင့် မိတ်ဆွေကောင်းပီသစွာနေထိုင်လျက်ရှိသည်။    မြန်မာနိုင်ငံအစိုးရအဆက်ဆက်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုလျက်ရှိသည်။ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကိုလည်း  စောင့်ထိန်းလျက်ရှိသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ၁၉၅၀ ပြည့်နှစ် ဇွန်လ  ၈ ရက်တွင်  နှစ်နိုင်ငံသံတမန်ဆက်သွယ်မှုစတင်ခဲ့သည်။

ဤသည်မှာ  မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ခေတ်သစ်ကာလတွင် သံတမန်ဆက်ဆံရေးစတင်ခြင်း ဖြစ်သော်လည်း နှစ်နိုင်ငံ၏ချစ်ကြည်ရင်းနှီးမှု၊ ဆွေမျိုးပေါက်ဖော်ဆက်ဆံမှု၊ ယဉ်ကျေးမှုကူးလူးဆက်ဆံမှုတို့မှာ ရှေးယခင်နှစ်ပေါင်းများစွာကတည်းကတည်ရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏သမိုင်းတင်ခေတ်ဦးဖြစ်သောပျူခေတ်ကပင် မြန်မာနှင့်တရုတ်တို့၏ဆက်ဆံရေးများရှိခဲ့သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံချစ်ကြည်ရေးသံတမန်များသွားလာခြင်းများရှိခဲ့သည်။ တရုတ်နိုင်ငံသည်  မြန်မာနိုင်ငံနှင့်အိမ်နီးချင်းဆက်စပ်မှုနယ်ပယ်ရှည်လျားဆုံးဖြစ်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံသည် အပြန်အလှန်ကူညီမှုများစွာရှိခဲ့သည်။ ဘာသာရေးနှင့်ယဉ်ကျေးမှုမှာတူညီမှုရှိပြီး မြတ်ဗုဒ္ဓ၏အထက်လက်ဝဲစွယ်တော်သည်   တရုတ်နိုင်ငံတွင်ရှိသည်။ မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်ကြွရောက်အဖူးမြော်ခံ ခြင်းများရှိခဲ့သည်။ ဤသည်မှာ  ဘာသာရေးအရတူညီမှုရှိခြင်းကိုပြဆိုခြင်းဖြစ်သည်။

ယခုနှစ်သည် မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး ထူထောင်ခြင်း(၇၅)နှစ်ပြည့် စိန်ရတုကာလဖြစ်သဖြင့် နှစ်နိုင်ငံအတွက်ထူးခြားလေးနက်မှုရှိသည်။ ဇွန်လ ၁ ရက်နေ့က အနာဂတ်ဆီသို့အတူလက်တွဲလျှောက်လှမ်းမည့်မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၅)နှစ်ပြည့်အထိမ်းအမှတ် နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲအခမ်းအနားကို   နေပြည်တော်၌ကျင်းပခဲ့သည်။ မြန်မာနှင့်တရုတ်မီဒီယာပူးပေါင်းဆောင်ရွက်မှုမှာ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီး ရင်းနှီးခင်မင်သောကူးလူးဖလှယ်မှုများရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်  မန္တလေးငလျင်ကြီးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမီဒီယာများက  ကမ္ဘာအနှံ့သိရှိအောင်အချိန်နှင့်တစ်ပြေးညီ  မျှဝေပေးနိုင်ခဲ့သည့်အတွက် ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်များစွာအထောက်အပံ့ဖြစ်ခဲ့သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံမီဒီယာဆက်ဆံမှုခိုင်မြဲလျက်ရှိကြောင်း  သိရှိနိုင်သည်။

တရုတ်နိုင်ငံအနေဖြင့် ငလျင်ဘေးသာမက မြန်မာနိုင်ငံတွင်  ရာဂိမုန်တိုင်းဒဏ်ခံရစဉ်ကလည်းကူညီ ထောက်ပံ့မှုများပေးခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်လည်းတရုတ်နိုင်ငံနှင့်ပတ်သက်လာလျှင်  တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုအစဉ်တစိုက် လက်ကိုင်ထားပြီး ကမ္ဘာ့အရေးကိစ္စများတွင် တရုတ်နိုင်ငံဘက်ကအမြဲရပ်တည်လျက်ရှိသည်။ တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကမ္ဘာ့စာမျက်နှာများတွင်မြန်မာနိုင်ငံဘက်ကအစဉ်တစိုက်ရပ်တည်ခဲ့သည်များကိုလည်းမြန်မာပြည်သူများအနေဖြင့် အလေးထားလျက်ရှိသည်။ အိမ်နီးချင်းများမှာ အပြန်အလှန်အကျိုးပြုစောင့်ရှောက်ခြင်းဖြင့် ပိုမိုနီးကပ်သည့်ဆက်ဆံရေးကိုဖော်ဆောင်လာနိုင်မည်ဖြစ်သည်။ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းပြီး စည်းလုံးညီညွတ်မှုခိုင်မာစေမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ဆိုရိုးစကားတစ်ခုဖြစ်သည့် “ဝေးကွာနေသောဆွေမျိုးသည်အနေနီးသော အိမ်နီးချင်းလောက်မကောင်းနိုင်ပါ” ဆိုသည့်အတိုင်း အိမ်နီးချင်းကောင်းရှိခြင်းမှာအေးချမ်းလုံခြုံသောအိမ်ကိုပိုင်ဆိုင်ထားခြင်းဖြစ်သည်။ထို့ပြင်တရုတ်စကားပုံတစ်ခုတွင် “အဝတ်အစားသစ်လျှင်အကောင်းဆုံးဖြစ်သည်။ မိတ်ဆွေဟောင်းလျှင် ပို၍အကောင်းဆုံးဖြစ်သည်”ဟုဆိုထားပေရာ မြန်မာနှင့်တရုတ်နိုင်ငံသည်    မိတ်ဆွေဟောင်းနိုင်ငံများဖြစ်ကြသည်။

အာဆီယံအသိုက်အဝန်းတွင်လည်းကောင်း၊ မဲခေါင်-လန်ချန်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် လည်းကောင်းပူးပေါင်းပါဝင်မှုများက နှစ်နိုင်ငံချစ်ကြည်ရေးကို  ပိုမိုခိုင်မြဲစေသည်။ အရေးကြုံတိုင်း မိတ်ဆွေကောင်းတို့က ဦးစွာကူညီမှုပေးကြသည်။ တရုတ်နိုင်ငံမှ အစိုးရ၊ တပ်မတော်၊ ဒေသခံပြည်သူနှင့်အရပ်ဘက်အဖွဲ့အစည်းများအပါအဝင်  လူပေါင်း ၆၀၀ ကျော်ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ ၃၁ ဖွဲ့ကို မန္တလေးငလျင်ကြောင့်  အတိဒုက္ခရောက်သည့်ပြည်သူများအား  ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက်လာရောက်ခဲ့သည်မှာလည်း မိတ်ဆွေကောင်းတို့၏ တာဝန်ကျေပွန်မှုဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအတွင်း တရုတ်နိုင်ငံမှကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံသို့  ပထမဆုံးရောက်ရှိခဲ့ခြင်းမှာလည်း ချစ်ကြည်ရင်းနှီးမှု၏ပြယုဂ်ပင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ  နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ထိုသို့တက်ရောက်ခဲ့သည့် မေလ ၉ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ  မစ္စတာရှီကျင့်ဖျင်နှင့် Soluex Hotel Moscow ရှိ BEIJING ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်က “မြန်မာနိုင်ငံတွင်ဖြစ်ပေါ် ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ဆုံးရှုံးရမှုများအတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့်ထပ်တူဝမ်းနည်းရပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့အတူတကွလက်တွဲ၍ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံးဆက်လက်ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးသည် ယခုနှစ်တွင် ၇၅ နှစ်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊အချုပ်အခြာအာဏာနှင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးတို့ကို အမြဲထောက်ခံအားပေးလျက်ရှိကြောင်း၊မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းများတွင်  ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင်  “မိမိတို့ မြန်မာနိုင်ငံတွင်   ငလျင်သဘာဝဘေးဒဏ်ဖြစ်ပေါ်ခဲ့မှုကြောင့်  ခက်ခဲမှုများနှင့်  ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်၌ အဆွေတော်အနေဖြင့်   မြန်မာပြည်သူလူထုနှင့်ထပ်တူဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပြီး အမြန်ဆုံးကျော် ဖြတ်နိုင်ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပေးခဲ့ပါကြောင်း၊ ထို့ပြင် ငလျင်လှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရေးအကြီးဆုံးအချိန်ဖြစ်သည့် (Golden Hour)တွင် တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအကြာ၌ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာခဲ့ပြီး လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်းပေးအပ်ခဲ့ကြောင်း၊  မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများအနေဖြင့် တရုတ်နိုင်ငံအစိုးရ၏ ကူညီဆောင်ရွက်ပေးမှုများအပေါ် အစဉ်အမြဲကျေးဇူးတင်အမှတ်ရနေမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စများနှင့်ပတ်သက်၍ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှရပ်တည်ပေးသည့်အတွက်လည်း    ကျေးဇူးတင်ရှိပါကြောင်း” ပြန်လည်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကိုအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ကြိုတင်ပြင်ဆင်မှုများနှင့်ရွေးကောက်ပွဲကျင်းပခြင်းအား တရုတ်နိုင်ငံအနေဖြင့်အားပေးထောက်ခံသည်။ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်အတူ အေးအတူပူအမျှ အနာဂတ်မျှဝေသောအသိုက်အဝန်းတစ်ခုကိုတည်ဆောက်သွားရန်နှင့် အိမ်နီးချင်းနိုင်ငံများဆိုင်ရာလုပ်ငန်းများအတွက် အခြေခံအသစ်များဖော်ဆောင်သွားနိုင်ရေး  ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် မြန်မာနိုင်ငံအနေဖြင့်အားပေး ထောက်ခံလျက်ရှိသည်။ 

မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည်နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့်အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ  (၇၅)နှစ်မြောက်  စိန်ရတုမှသည်  ရတုနှစ်ပေါင်းများစွာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုခိုင်မြဲနေမည်ဟုယုံကြည်ပါကြောင်း  ရေးသားတင်ပြအပ်ပါသည်။   ။

MWD Web Portal