“မြန်မာ့တန်ဖိုး... မြန်မာ့အနာဂတ်” (Myanmar’s Value – Myanmar’s Future)
Posted_Date
Image

Body
“သနပ်ခါး၏ အေးမြသင်းပျံ့သော မွှေးရနံ့မှသည် ဆယ့်နှစ်ရာသီပန်းများ၏ ရောင်စုံဝင့်လွင်သော ပွင့်ချပ်များအထိ. . .
ဧရာဝတီ၏ ငြိမ်းချမ်းသော စီးဆင်းမှုမှသည် စိမ်းလန်းသော ရိုးမတောင်တန်းများအထိ. . .
မြန်မာတို့၏အင်အားသည် မြန်မာ့အမွေအနှစ်များ၊ မြန်မာ့တန်ဖိုးများတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပါသည်. . .”
မြန်မာနိုင်ငံသည် ခိုင်မာသောသမိုင်းကြောင်း၊ ကြွယ်ဝသောယဉ်ကျေးမှုအစဉ်အလာများဖြင့် ပြည့်နှက်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ရွှေတိဂုံစေတီတော်၏ ကြီးမြတ်သော သာသနာ့ရွှေရောင်ထွန်းပြောင်မှုမှသည် ဧရာဝတီမြစ်၏ အေးချမ်းသာယာသောစီးဆင်းမှုအထိ မြန်မာနိုင်ငံ၏ ကိုယ်ပိုင်လက္ခဏာကို ရာစုနှစ်ပေါင်းများစွာတည်ရှိခဲ့သည့် ရိုးရာဓလေ့များ၊ တိုင်းရင်းသားလူမျိုးများ၏ ကြံ့ခိုင်မှုများဖြင့် စုစည်းပုံဖော်ထားသည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်လက္ခဏာသည် နိုင်ငံ၏အမည်အတွင်း၌ပင် အထင်အရှားပေါ်လွင်နေသည်။ “မြန်မာ”ဟူသောစကားလုံးသည် ကျွန်ုပ်တို့လူမျိုး၏ သန်မာမှုနှင့်လျင်မြန်မှုကို ရောင်ပြန်ဟပ်စေသည်။ “မြန်” (Swift)သည်လျင်မြန်မှုနှင့်လိုက်လျောညီထွေဖြစ်မှုကိုကိုယ်စားပြုပြီး “မာ”(Resilience)သည်သန်မာမှုနှင့်ခံနိုင်ရည်ရှိမှုကိုကိုယ်စားပြုသည်။ ဤပေါင်းစပ်မှုသည် ကျွန်ုပ်တို့နိုင်ငံ၏ ကြံ့ကြံ့ခံနိုင်သောစိတ်ဓာတ်ကို ပေါ်လွင်စေသည်။

မြန်မာ့သနပ်ခါးသည် အသားအရေလှပတင့်တယ်စေသည့် အလှကုန်ပစ္စည်းတစ်ခုထက်ပိုသည်။ ၎င်းသည် သန့်ရှင်းစင်ကြယ်မှု၊ နေရောင်ခြည်ဒဏ်ကိုကာကွယ်နိုင်မှုနှင့် မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာသောရိုးရာဓလေ့ကို ကိုယ်စားပြုသည်။ ထိုကဲ့သို့ပင် မြန်မာတို့၏ယဉ်ကျေးမှုမြင့်မားခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ကြံ့ကြံ့ခံနိုင်ခြင်းတို့သည် မြန်မာ့တန်ဖိုးများဖြစ်ပြီး ထိုတန်ဖိုးများကို မျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်း၍ စွမ်းအားအဖြစ် စုစည်းပွေ့ပိုက်ကာ ခေတ်အဆက်ဆက် စိန်ခေါ်မှုများကို လျင်မြန်စွာနှင့်သန်မာစွာ ရင်ဆိုင်ကျော်လွှားခဲ့ခြင်းသည် မြန်မာ့လမ်းစဉ်(Myanmar’s Way)များ အတိုင်းပင်ဖြစ်သည်။ မြန်မာ့နည်း မြန်မာ့ဟန် (Myanmar-Owned and Myanmar-Led) ဖြင့်ပင် မြန်မာနိုင်ငံသည် သမိုင်းတစ်လျှောက်ကြုံတွေ့ခဲ့ရသော ကိုလိုနီခေတ်၊ ထိုမှတစ်ဆင့် ပေါ်ပေါက်လာသော ရောင်စုံသူပုန်ခေတ်၊ ခေတ်အဆက်ဆက် ရှင်ကြီးဝမ်းနှင့် ရှင်ငယ်ဝမ်း အသီးသီးတွင် ဖြတ်သန်းရင်း နိုင်ငံရေးပဋိပက္ခအဖုံဖုံတို့ကို ကျော်လွှားနိုင်ခဲ့ကာ မုန်တိုင်းအပြီးထွက်ပေါ်လာသည့် ရောင်စုံသက်တံ့ပမာ တစ်ဖန်ထွန်းလင်းတောက်ပခဲ့သည့် သာဓကသမိုင်းများရှိခဲ့ပြီဖြစ်သည်။
သမိုင်းကြောင်းတန်ဖိုး
မြန်မာနိုင်ငံသည် ရှေးကျသောယဉ်ကျေးမှု၊ ထူးခြားသည့်သမိုင်းအမွေအနှစ်နှင့် လှပသောသဘာဝတရားတို့ဖြင့် ကမ္ဘာ့သမိုင်းတွင် အထူးခြားဆုံးနေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ကျွန်ုပ်တို့၏ မြေသည် ပုဂံခေတ်မှစတင်၍ ကိုလိုနီခေတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ယနေ့ခေတ်အထိ ရှည်လျားသောသမိုင်းကြောင်းများကိုပိုင်ဆိုင်ထားပြီး ထိုအမွေအနှစ်များသည် မြန်မာလူမျိုးတို့၏ ဂုဏ်ရည်နှင့် စိတ်ဓာတ်ကို ထင်ဟပ်စေသည်။ နှစ်ပေါင်းထောင်ချီရှိသော သမိုင်းကြောင်းတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ မြို့ပြခေတ် ယဉ်ကျေးမှုအဆင့်ဆင့်ထွန်းကားလာမှုကို ပုဂံပြည်ကြီးက သက်သေထူလျက်ရှိသည်။ “တကောင်းအဘိရာဇာ၊ တို့မြန်မာ သာကီမျိုးဟာမို့” ဟု စာဖွဲ့ခဲ့ရသော တကောင်းမှစ၍ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် စသည့်ခေတ်စဉ်များတစ်လျှောက် မြန်မာတို့သည် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ခံ့ညားထည်ဝါစွာနေထိုင်ခဲ့ကြသည်။
အဓွန့်ရှည်တည်တံ့ခိုင်မြဲလာခဲ့သော မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် နိုင်ငံတော်ကြီးတည်တံ့ခိုင်မာရေးအတွက် ဘိုးဘွားဘီဘင်များ သွေးနှင့်ရေးထိုးခဲ့သော သမိုင်းမှတ်တမ်းကောင်းများ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်၊ သွေး၊ ချွေးပေးဆပ်ပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သမိုင်းမှတ်တမ်းကောင်းများသည် ယနေ့ထက်တိုင် မော်ကွန်းတင်ထားဆဲဖြစ်သည်။ မြန်မာ့သမိုင်း၏တန်ဖိုးသည် အတိတ်ကိုမှတ်တမ်းတင်ရုံသာမက သင်ခန်းစာယူ၍ အနာဂတ်ကိုပုံဖော်ဖန်တီးရန်ဖြစ်သည်။ သင်ခန်းစာယူရန် အခြေခံဖြစ်သည်။ ကျွန်ုပ်တို့၏ မျိုးဆက်သစ်များအနေဖြင့် ဤသမိုင်းအမွေကို ထိန်းသိမ်းကာကွယ်ပြီး ငြိမ်းချမ်းသော၊ဖွံ့ဖြိုးသောနိုင်ငံတစ်ခုအဖြစ် ဆက်လက်တည်ဆောက်ရန် တာဝန်ရှိသည်။
ပထဝီဗဟိုချက်တန်ဖိုး
မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အင်ဒိုချိုင်းနားကျွန်းဆွယ်အား ပိုင်းခြားထားပြီး အရှေ့ဘက်တွင် အာဆီယံအပါအဝင် အာရှဒေသတစ်ခုလုံးနှင့် ပစိဖိတ်သမုဒ္ဒရာ၊ အနောက်ဘက်တွင် တောင်အာရှဒေသအပါအဝင် အိန္ဒိယသမုဒ္ဒရာ စသည့်သမုဒ္ဒရာနှစ်စင်းနှင့် ဒေသတစ်ခုကို ပိုင်းခြားထားသည်။ တစ်နည်းအားဖြင့် ၎င်းဒေသနှစ်ခုနှင့် သမုဒ္ဒရာနှစ်စင်းတို့အား ဆက်စပ်ပေးရာ Land Bridge တစ်ခုအဖြစ် တည်ရှိနေသည်။
မြန်မာ့ပင်လယ်ပြင်နှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယသမုဒ္ဒရာသည် အာရှတိုက်၊ အာဖရိကတိုက်နှင့် ဩစတြေးလျတိုက်တို့၏ ဆက်သွယ်ရာ ဗဟိုတွင်တည်ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးအရ အချက်အချာကျသည်သာမက ပထဝီနိုင်ငံရေး(Geopolitics)နှင့်ပထဝီစီးပွားရေး (Geoeconomics) အရ အလွန်အရေးပါသောနေရာတစ်ခုဖြစ်သည်။
တောင်အာရှနှင့် အရှေ့တောင်အာရှအကြား ဆုံမှတ်တွင်တည်ရှိသော မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ သံတမန်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့၏ဗဟိုချက်ဖြစ်ခဲ့ပြီး မြန်မာတို့၏ပထဝီနိုင်ငံရေး တန်ဖိုးတစ်ခုလည်းဖြစ်သည်။ ဘုရားစေတီပုထိုးများစွာတည်ရှိသော ရှေးဟောင်းမြို့တော် ပုဂံသည် တစ်ချိန်က အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှကြားသမိုင်းနှင့်ယဉ်ကျေးမှုတံတားအဖြစ်တည်ရှိခဲ့ပြီး ဒေသတစ်ဝန်းမှ ပညာရှင်များနှင့် ကုန်သည်များကို ဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အာရှတိုက်အရှေ့တောင်ပိုင်းရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်ကြီး၏ အနောက်ပိုင်းတွင် မဟာဗျူဟာကျကျတည်ရှိနေခြင်းနှင့်အတူ နိုင်ငံအတွင်းသဘာဝသယံဇာတများပေါကြွယ်ဝမှုများ၊ ကမ်းရိုးတန်းတည်ရှိမှုအနေအထား၊ သဘာဝနှင့်ဖန်တီးဆိပ်ကမ်းများရရှိနိုင်မှု အနေအထား၊ မြစ်ချောင်းများ၏တည်ရှိမှုအနေအထား၊ မြေဆီဩဇာပြည့်ဝမှု၊ အဓိကကုန်သွယ်ရေကြောင်း ဆက်သွယ်ရေးလမ်းကြောင်းများနှင့် နီးကပ်မှု၊ သမုဒ္ဒရာများအတွင်းသို့ အလွယ်တကူဝင်ရောက်နိုင်သည့် ပင်လယ်ပြင်ထွက်ပေါက်ရှိခြင်းစသည့်ရေကြောင်းဆိုင်ရာ အနေအထားများသည် မြန်မာပထဝီတန်ဖိုးများဖြစ်သည်။
၎င်းပထဝီဗဟိုချက်တန်ဖိုးများကို မြန်မာနိုင်ငံသားအားလုံး အစဉ်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ထိရောက်စွာအသုံးချဖန်တီးအကောင်အထည်ဖော်ရန်လိုအပ်မည်ဖြစ်သည်။
စီးပွားရေးတန်ဖိုး
စီးပွားရေးသည်လည်း မြန်မာတို့၏ အဓိကတန်ဖိုးတစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသည် တစ်ချိန်က ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ “အာရှတိုက်၏ ဆန်အိုး” အဖြစ် လူသိများခဲ့သည်။ ပုဂံခေတ် (အေဒီ ၉၄၉-၁၂၉၇) တွင် ငွေကြေးစနစ်ကို ငွေဒင်္ဂါး၊ ငွေခဲများဖြင့်အသုံးပြုခဲ့ပြီး အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှုပြုခဲ့သည်။ အင်းဝ၊ ဟံသာဝတီ၊ ကုန်းဘောင်ခေတ်များ (၁၄–၁၉ ရာစု) တွင် ဆား၊ ကျွန်းသစ်၊ သစ်မာတို့သည် အရေးပါသောကုန်သွယ်မှုပစ္စည်းများဖြစ်ခဲ့ပြီး ဥရောပ (ပေါ်တူဂီ၊ ဒတ်ချ်) အိန္ဒိယ၊ တရုတ်တို့နှင့် ကုန်သွယ်မှုများတိုးတက်ခဲ့သည်။ ကျောက်စိမ်းနှင့် ပတ္တမြားမှသည် ရေနံနှင့် သဘာဝဓာတ်ငွေ့အထိ မြန်မာ့သယံဇာတကြွယ်ဝမှုသည် မြန်မာနိုင်ငံကိုအာရှတွင် ကြွယ်ဝသောနိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ သို့ဖြစ်ရာ ယနေ့မြန်မာ့စီးပွားရေးတန်ဖိုးများ ပြန်လည်မြှင့်တင်နိုင်ရေးတွင် GDP တိုးတက်ရေး၊ ထုတ်ကုန်တိုးမြှင့်ရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ MSME လုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍတိုးမြှင့်ရေးနှင့် ခရီးသွားကဏ္ဍတိုးမြှင့်ရေးများအား အရှိန်အဟုန်ဖြင့် အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ဘာသာ၊ သာသနာ ယဉ်ကျေးမှုတန်ဖိုးမြန်မာနိုင်ငံသည် ဘာသာ၊ သာသနာ ယဉ်ကျေးမှုအစဉ်အလာများ နှစ်ပေါင်းထောင်ချီထွန်းကားတည်ရှိခဲ့သော နိုင်ငံဖြစ်သည်။ မြန်မာတို့၏ လူ့ဘောင်လောကနယ်ပယ်တွင် ဘာသာတရားနှင့် ယဉ်ကျေးမှုအစဉ်အလာများကို အစဉ်အဆက်ထိန်းသိမ်းရှင်သန်ရပ်တည်နေထိုင်ခဲ့ကြပေသည်။
မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာ၏ အဆုံးအမများပေါ်တွင်အခြေခံပြီး ကရုဏာ၊ မေတ္တာ၊ စေတနာ၊ သဒ္ဓါတရားတို့ဖြင့် လူမှုအသိုင်းအဝိုင်းကို စည်းလုံးညီညွတ်စေသည်။ ရိုးရာပွဲတော်များ၊ ဘာသာရေးအခမ်းအနားများတွင် ပြည်သူများစုပေါင်းပါဝင်ခြင်းသည် ဤစည်းလုံးမှုကိုထင်ဟပ်စေသည်။ မြန်မာလူမျိုးတို့၏ ရိုးသားမှု၊ သစ္စာရှိမှု၊ ကျေးဇူးသိတတ်မှုတို့သည် ဗုဒ္ဓဘာသာ၏သီလနှင့် ဝါရိတ္တသမာဓိများမှပေါက်ဖွားလာသည်။
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်သကဲ့သို့ ဘာသာမျိုးစုံ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသောနိုင်ငံလည်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များသည် မိမိဘာသာကို တန်ဖိုးထားမြတ်နိုးကြသလို သူတစ်ပါးဘာသာကိုလည်း လေးစားတန်ဖိုးထားသူများဖြစ်သည်။ သို့ဖြစ်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် နိုင်ငံရေးအရ လွတ်လပ်ခွင့်နှင့် ဘာသာရေးအရ လွတ်လပ်ခွင့်များကို ထည့်သွင်းပြဋ္ဌာန်းထားရှိခြင်းဖြစ်သည်။
ဟန်လင်းမြို့ဟောင်း၊ဗိဿနိုးမြို့ဟောင်း၊ သရေခေတ္တရာမြို့ဟောင်းနှင့်ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသများအား UNESCO ၏ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းမှတ်တမ်းတင်ခြင်းကလည်း မြန်မာ့ယဉ်ကျေးမှုတန်ဖိုးများကို ကမ္ဘာက အသိအမှတ်ပြုလိုက်ခြင်းပင်ဖြစ်သည်။
ထို့အတူ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်သည် UNESCO ၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်ခဲ့ပြီး မြန်မာ့ရိုးရာသနပ်ခါးသည်လည်း မကြာခင် အချိန်ကာလတစ်ခုတွင် UNESCO ၏ အမွေအနှစ်စာရင်းတွင် ပါဝင်လာနိုင်တော့မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံမှာထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓ ဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဆိုသည့် မွန်မြတ်သောရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ကမ္ဘာ့အလယ်တွင် မိမိတို့၏ ကိုယ်ပိုင်သမိုင်းယဉ်ကျေးမှုများဖြင့် နှစ်ပေါင်းထောင်ချီ ခိုင်မာစွာတည်ရှိလာခြင်းနှင့်အတူ အနာဂတ်တွင်လည်း မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ မြှင့်တင်ရေး၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာများတိုးမြှင့်ရေးနှင့် မြန်မာ့ Identity (မြန်မာ့ဝိသေသ)များ မြှင့်တင်နိုင်ရေးသည် နိုင်ငံသားအားလုံး၏ အဓိကသမိုင်းပေး တာဝန်တစ်ခုပင်ဖြစ်သည်။ မြန်မာတို့၏ ဘာသာ၊ သာသနာ ယဉ်ကျေးမှုအစဉ်အလာသည် လူမှုအသိုက်အဝန်းစည်းလုံးညီညွတ်မှု၊ အနုပညာဖွံ့ဖြိုးမှု၊ ကိုယ်ကျင့်တရားမြင့်မားမှုနှင့် သမိုင်းအမွေအနှစ်တို့ကို ပေါင်းစပ်ထားသောမြန်မာ့အသက်သွေးကြောပင်ဖြစ်သည်။ ဤတန်ဖိုးများကို ထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် နှစ်ပေါင်းထောင်ချီသော ယဉ်ကျေးမှုတို့ အခြေတည်လာသည့် သမိုင်းကြောင်းကို ထင်ဟပ်ပြသနေမည်ဖြစ်သည်။
လူမှုရေးတန်ဖိုး
မြန်မာ့ရိုးရာ “ထမင်းဝိုင်း” သည်လည်း အစားအစာထက်ပိုသည့်မိသားစု၏ စည်းလုံးမှု၊ ရိုးရာဓလေ့နှင့် လူမှုရေးတန်ဖိုးများဖော်ဆောင်သောယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည်။ မြန်မာ့ထမင်းဝိုင်းတွင် မိသားစုဝင်အားလုံးစုဝေးပြီး တစ်ဝိုင်းတည်းထိုင်ကာ ထမင်း၊ ဟင်းများကို အတူတကွ မျှဝေစားသောက်ခြင်း၊ လူကြီး၊ လူငယ်၊ ကလေးအားလုံး အဆင့်အတန်းမခွဲခြားဘဲ တန်းတူညီမျှပါဝင်ခြင်းတို့ကို တွေ့မြင်နိုင်သည်။ ထမင်းဝိုင်းသည် စည်းလုံးမှု၏ သင်္ကေတဖြစ်သည်။ မိသားစုအတွင်း ချစ်ခြင်းမေတ္တာ၊ ပြောဆိုဆက်ဆံမှုများကို မြှင့်တင်ပေးသည်။ ဧည့်သည်များကို ထမင်းဝိုင်းသို့ ဖိတ်ခေါ်ခြင်းဖြင့် ရိုးရာဓလေ့ ဧည့်ဝတ်ကျေပွန်မှုကိုပြသသည်။ မိသားစုအခြေပြု ကျေးလက်စည်းလုံးမှု၊ရိုးရာဓလေ့နှင့် ဘာသာတရားအပေါ် လေးစားမှု၊ တန်းတူညီမျှမှု၊ ကရုဏာနှင့် ရိုးသားမှု၊ မေတ္တာ၊ ဒါန၊ သဘာဝနှင့် ဟန်ချက်ညီစွာနေထိုင်မှုတို့သည် မြန်မာ့လူမှုရေးတန်ဖိုးများပင်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အလှူအတန်းနှင့် ပေးကမ်းစွန့်ကြဲမှု အထက်သန်ဆုံးနိုင်ငံများတွင် ကမ္ဘာထိပ်ဆုံးအဆင့်၌ ရပ်တည်လျက်ရှိခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာလူမျိုးတို့၏ စိတ်နေစိတ်ထား လူမှုဆက်ဆံရေးဓလေ့တန်ဖိုးများကို တွေ့ရှိနိုင်မည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံ၊ ပဋိပက္ခများပြည့်နှက်နေသည့်နိုင်ငံဟု မည်သို့ပင် သမုတ်စေကာမူ မြန်မာတို့၏ “အလှူရေစက် လက်နှင့်မကွာ” ဓလေ့ရိုးရာတန်ဖိုးများသည် ကမ္ဘာပေါ်တွင် သဒ္ဓါတရားပြည့်ဝသော လူမျိုးများအဖြစ် နွံမနစ်သော ပတ္တမြားကဲ့သို့ပင်တည်ရှိနေမည်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်…





