အာဆီယံစံနှုန်းများနှင့်  မြန်မာနိုင်ငံ၏ “ကိုယ်ပိုင်လမ်းစဉ်”

Posted_Date

Image

အာဆီယံစံနှုန်းများနှင့်  မြန်မာနိုင်ငံ၏ “ကိုယ်ပိုင်လမ်းစဉ်”

Body

သဘောတူညီချက်တစ်ခု ပြီးမြောက်ပုံရပါသည်။  မေလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သော ထိပ်သီးအစည်း အဝေးတွင် အာဆီယံခေါင်းဆောင်များသည် တီမော-လက်စတေးကို အဖွဲ့အစည်း၏ (၁၁) နိုင်ငံမြောက် အဖွဲ့ဝင် အဖြစ် လက်ခံမည်ဟု သဘောတူခဲ့ကြသည်။ ထိုအချိန်မှစ၍ နေပြည်တော်မှ မမျှော်လင့်ထားသော ကန့်ကွက်မှု တစ်ရပ်ကို မြန်မာအစိုးရဘက်မှ တရားဝင်ထုတ်ပြန်ချက်တစ်စောင်ဖြင့် ထုတ်ဖော်ခဲ့ပြီး အာဆီယံနှင့် လက်ရှိ ဥက္ကဋ္ဌ ဖြစ်သူ မလေးရှားနိုင်ငံအတွက် အကျပ်ရိုက်စေသော အခြေအနေတစ်ခုဖြစ်ပေါ်စေနိုင်သည်။

မြန်မာနိုင်ငံမှ ဒီလီ(တီမော-လက်စတေး)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်သွယ်ခြင်းကို ဆက်လက်လုပ်ဆောင်နေပါက ၎င်း၏ အာဆီယံသို့ ဝင်ရောက်ရေးကို ထိခိုက်စေနိုင်သည်ဟု ပြောကြားခဲ့ သည်။ NUG သည် မြန်မာစစ်ကောင်စီအစိုးရ (SAC) နှင့် ဆန့်ကျင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ NUG ကို တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ကိုယ်စားလှယ်ရုံးများ ဖွင့်ခွင့်ပြုထားသည့် နိုင်ငံဆယ့်နှစ်နိုင်ငံတွင် တီမော-လက်စတေးသည် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်နေသည်။

ဤအရွေ့သည် တစ်ဖက်သတ်ချဉ်းကပ်မှုအပေါ် မြန်မာ၏လိုလားချက်ကိုပြသပြီး ၎င်းကို “ကိုယ်ပိုင်လမ်းစဉ်” ပေါ်လစီဟုဆိုကြပါစို့၊ အဖွဲ့အစည်းအပေါ် မူတည်ပြီး သဘောတူညီချက်အခြေပြု သံခင်းတမန်ခင်းကို ဆယ်စုနှစ် ခြောက်စုနီးပါး တွန်းအားပေးခဲ့သည့် ကာလကြာရှည်ရပ်တည်ခဲ့သည့် အာဆီယံလမ်းစဉ်ကို စိန်ခေါ်နေခြင်းဖြစ် သည်။ မနက်ဖြန်တွင်စတင်မည့် ကွာလာလမ်ပူမြို့ရှိ သုံးရက်ကြာ အာဆီယံဝန်ကြီးများအစည်းအဝေး (AMM) တွင် မဖြေရှင်းရသေးသော မေးခွန်းကြီးမှာ — မတူညီသည့်အမြင်များနှင့် သဘောထားများကို၊ မိမိတို့၏ ညီညွတ်မှုနှင့် အတွင်းရေးများကို မစွက်ဖက်သည့်မူဝါဒကို ဂုဏ်ယူသောအဖွဲ့တစ်ခုအဖြစ် မည်ကဲ့သို့ သဟဇာတဖြစ်အောင် ဖြေရှင်းနိုင်မည်နည်း ဟူ၍ဖြစ်သည်။

မေလထိပ်သီးအစည်းအဝေးအတွင်း သီးသန့်ဆွေးနွေးပွဲတစ်ခုတွင် စင်္ကာပူဝန်ကြီးချုပ် လော်ရင့်စ်ဝေါင်မှ  တီမော-လက်စတေးကို အောက်တိုဘာလတွင် အဖွဲ့ဝင်အဖြစ် လက်ခံရန် အခိုင်အမာ ထောက်ခံထားသည်။ မြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးမှ တက်ရောက်လာပြီး၊ ယခင်(၄၄) နှင့်(၄၅) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးများတွင်လည်း တက်ရောက်ဖူးသူလည်း ဖြစ်သည်။ တက်ရောက်စဉ်တွင် ၎င်းမှ မည်သည့်အမြင်မျှ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါ။ ဝန်ကြီးချုပ် အီဘရာဟင်အန်ဝါမှ သဘောတူညီမှု ရရှိခဲ့ကြောင်း ကောက်ချက်ချပြီး အဆုံးသတ်ခဲ့သည်။

(၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဥက္ကဋ္ဌထုတ်ပြန်ကြေညာချက်တွင် (အထူးသဖြင့် စာပုဒ် ၁၂၄ မှ ၁၂၆ ထိ)၊ တီမော-လက်စတေး၏ ဝင်ရောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်များကို (၄၇) ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးများနှင့် အကြီးတန်းအရာရှိများအား အဆုံးသတ် ဆောင်ရွက်ရန် တာဝန်ပေးထားကြောင်းနှင့် အရေးပါသော စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကိုလည်း မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း အတည်ပြုထားသည်။ ခေါင်းဆောင်များမှလည်း ဒီလီ (တီမော-လက်စတေး)သည် အာဆီယံလမ်းစဉ်တွင် ဖော်ပြထားသည့် စံနှုန်းများကို ပြည့်မီအောင် ဆောင်ရွက် နိုင်ရန်အတွက် မိတ်ဖက်အားလုံးမှ ကူညီပံ့ပိုးပေးရန်လည်း တိုက်တွန်းထားသည်။ လာမည့်အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်အထိ အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပရန် စီစဉ်ထားသည်။

သို့သော် ဇွန်လ ၁၄ ရက်နေ့ အာဆီယံအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး (SOM)၌ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင် လက်မှတ်ရေးထိုးထားသည့် စာတစ်စောင်မှ တီမော-လက်စတေးအား “အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရပ်တည်ချက်များနှင့်  ဆန့်ကျင်သော အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ကြဉ်ပါ” ဟု သတိပေးထားပြီး၊ တီမော-လက်စတေး အနေဖြင့်လည်း “ဝင်ရောက်စွက်ဖက်ခြင်းမပြုရဆိုတဲ့မူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေမည်ဆိုပါက အာဆီယံအဖွဲ့ဝင်အဖြစ် ငြင်းပယ်သင့်ပြီး လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အားလုံးကို ၎င်း၏ရပ်တည်ချက်ပြောင်းလဲသည်အထိ ဆိုင်းငံ့ထား သင့်ကြောင်း” သတိပေးထားသည်။ 

အဆိုပါအခြေအနေသည် SAC ၏ "ကိုယ်ပိုင်လမ်းစဉ်” နှင့် အာဆီယံ၏စည်းလုံးညီညွတ်မှု၊ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်မှုနှင့် အပြန်အလှန်လေးစားမှုကို အလေးပေးသည့် အာဆီယံလမ်းစဉ် တို့တွင် ထိပ်တိုက် တွေ့နေကြောင်းဖော်ပြနေသည်။ ၂၀၂၁ အာဏာထိန်းပြီးချိန်မှစ၍ မြန်မာနိုင်ငံသည် အာဆီယံ၏ ငြိမ်းချမ်းရေး အစီအစဉ်ကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ခြင်းမရှိဘဲ အာဆီယံ၏ တူညီဆန္ဒငါးချက် သဘောတူညီမှုဖြင့် မဖြစ်မနေ ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။ ၎င်းအစား နေပြည်တော်သည် ၎င်း၏ကိုယ်ပိုင်လမ်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော်နေပြီး အထူးသဖြင့် ရွေးကောက်ပွဲကျင်းပရေးတွင် တူညီသောရည်မှန်းချက် အချို့ကို ဖော်ပြထားသည်။ သို့သော် SAC ၏ ရွေးကောက်ပွဲအား ယုံကြည်သူနည်းပါးပြီး “လွတ်လပ်၍ တရားမျှတသော” ရွေးကောက်ပွဲကျင်းပရန် ယုံကြည်စိတ်ချရမှုနှင့် အားလုံးပါဝင်နိုင်မှုတို့မှာမူ ကင်းမဲ့နေသည်။

မြန်မာနိုင်ငံမှရွေးကောက်ပွဲပြီးနောက် အာဆီယံ၏မျှော်မှန်းချက်များအတိုင်း ပြန်လည် ဝင်ရောက်လိုသည်ဆိုလျှင်၊ အာဆီယံ၏မူအရရော လက်တွေ့မှာပါ အာဆီယံလမ်းစဉ်ကို နှစ်ခုလုံးကို လက်ခံလိုက်နာရမည် ဖြစ်သည်။ ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်မှ ရွေးကောက်ပွဲများကို ထွက်ပေါက်နည်းဗျူဟာအဖြစ် အသုံးပြုနေ သော်လည်း ၎င်းမှာ အာဆီယံအတွက် ဖိအားများရှိနေသည်။ အာဆီယံအဖွဲ့က ရွေးကောက်ပွဲရလဒ်အပေါ် အသိ အမှတ်ပြုမည်လားဟူသည့်အချက်သည် မြန်မာအစိုးရကို တရားဝင်အစိုးရအဖြစ် သတ်မှတ်ရန်အတွက် အရေးပါသည့်အချက် ဖြစ်လာသည်။

အာဆီယံအဖွဲ့၏ အသိအမှတ်ပြုမှုမရှိလျှင် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ သီးသန့်ဖြစ်တည်မှု အခြေအနေကို ပိုမိုပြင်းထန်စေကာ၊ နိုင်ငံအတွင်းမတူကွဲပြားမှုများကိုလည်း ပိုမိုမြှင့်တက်စေသည်။ အာဏာသိမ်းပြီး အချိန်နှင့် မကြာသေးမီ ဖြစ်ပေါ်ခဲ့သော ငလျင်အပြီး ပြည်သူ့ဝန်ဆောင်မှုများသည် ထိခိုက်ပျက်စီးလာခဲ့ပြီး မဲဆန္ဒရှင်အဖြစ် ပါဝင်နိုင်သူများကိုပါ ဖယ်ရှားသည့်အခြေအနေ ဖြစ်နေသည်။ လွန်ခဲ့သော လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံသားများ အားလုံးပါဝင်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင် စေရန်အတွက်၊ စဉ်ဆက်မပြတ် "လူသားချင်းစာနာမှု အကူအညီ" နှင့် "ငြိမ်းချမ်းရေး" ကို ရှေးဦးစွာ လုပ်ဆောင်ရမည်ဟု အာဆီယံမှ အခိုင်အမာ ပြောကြားခဲ့သည်။

အာဆီယံလမ်းစဉ်နှင့် “ကိုယ်ပိုင်လမ်းစဉ်” အကြား ထိပ်တိုက်ရင်ဆိုင်မှုသည် မြန်မာနိုင်ငံတစ်ခုတည်း အတွက်သာကန့်သတ်ထားခြင်းမဟုတ်ပါ။ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်နိမိတ် သတ်မှတ်ခြင်း နှင့် နယ်စပ်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ခြင်းတို့ကြောင့် မကြာသေးမီမှ တင်းမာမှုများသည်လည်း မလေးရှား၏ အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေမှုကို ပိုမိုစိန်ခေါ်မှုများ ဖြစ်လာစေသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံလုံးမှ အတွင်းရေးများကို မစွက်ဖက်ရန်ဆိုသည့် အာဆီယံ၏Treaty of Amity and Cooperation (TAC) ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်အရ  သဘောတူဆုံးဖြတ်ထားပါသည်။

ထိုသို့အကူအညီတောင်းခံမှုအစား ကမ္ဘောဒီးယားနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice - ICJ) ကို ချက်ချင်းဆက်သွယ်ခဲ့သည်။ ဖနွမ်းပင်မြို့သည် အဆိုပါနှစ်နိုင်ငံဆိုင်ရာ ပြဿနာကို အာဆီယံ နှစ်ပတ်လည်အစည်းအဝေး စနစ်အတွင်းမတင်ပြဘဲ အပြည်ပြည်ဆိုင်ရာအဆင့်သို့ ခေါ်ယူရန် တောင်းဆိုထားခြင်းသည်စံနမူနာတစ်ခုကို ချိုးဖျက်ခြင်းဖြစ်နိုင်သည်။  ထိုင်းနိုင်ငံမှ နှစ်နိုင်ငံထူထောင်ထားသော ယန္တရားများမှတစ်ဆင့် အကောင်းဆုံး ဖြေရှင်း သင့်သည်ဟု ထိုင်းနိုင်ငံမှ ထပ်လောင်းပြောကြားခဲ့သည်။

လာအိုနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ၂၀၀၆ ခုနှစ်တွင် အလားတူ ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး မလေးရှားနိုင်ငံမှ Tak Bai ဖြစ်ရပ်ကို နိုင်ငံတကာသို့တင်ပြခဲ့မည်ဆိုပါက ထိုင်းနိုင်ငံ အနေဖြင့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်မည် မဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါသည်။ အဆိုပါကိစ္စအား  သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ပါသည်။ ထိုအဖြစ်အပျက်သည် အာဆီယံလမ်းစဉ် မည်မျှပင် အမြစ်တွယ် နေသည်ကို ပြသနေသည်။ အဖွဲ့ဝင်များ နက်နက်နဲနဲ သဘောထားကွဲလွဲမှုများ ရှိသည့်အခါတိုင်း အာဆီယံအဖွဲ့ များအတွင်း ညီညွတ်မှုကို ထိန်းသိမ်းထားရန် နှစ်နိုင်ငံပြဿနာများကို နိုင်ငံတကာတွင် ဖော်ဆောင်ခြင်းကို ရှောင်ကြဉ်ကြသည်။

သို့သော်လည်း အာဆီယံစောင့်ကြည့်သူများ၏ စိတ်ပျက်ရခြင်းကိုဖြစ်စေသလို အာဆီယံအဖွဲ့မှ အထူးသဖြင့် ကမ္ဘာ့နိုင်ငံရေးပြောင်းလဲမှုများအတွင်း  စီးပွားရေးသံတမန်ဆက်ဆံရေး၌ တွေ့ရသည့် မြန်မာ့ “ကိုယ်ပိုင်လမ်းစဉ်” အချို့ကို ရွေးချယ်စွာ လက်ခံထားခဲ့ပြီးဖြစ်သည်။ မကြာသေးမီမှ အာဆီယံအဖွဲ့သည် အမေရိကန်အကောက်ခွန်တိုးမြင့်မှုနှင့် ကျယ်ပြန့်သော ကမ္ဘာ့ကုန်သွယ်ရေး ပြဿနာများ အပေါ် ပူးပေါင်း တုံ့ပြန်၍ အာဆီယံခေါင်းဆောင်များသည် ၎င်းတို့၏ မိတ်ဖက်များအား အာဆီယံအဖွဲ့၏ ကျယ်ပြန့်သော သဘောထား နှင့် ကိုက်ညီနေပါက ကိုယ်ပိုင်ညှိနှိုင်းမှုများကိုလည်း ဆောင်ရွက်ခွင့် ပေးခဲ့ကြသည်။

ဗီယက်နမ်၏ အမေရိကန်နှင့် အကောက်ခွန်နှုန်းထားများဆိုင်ရာ နှစ်နိုင်ငံဆိုင်ရာညှိနှိုင်းမှုများမှာ နိုင်ငံ့ အကျိုးစီးပွားများနှင့် အာဆီယံစည်းလုံးညီညွတ်မှုတို့ အတူယှဉ်တွဲတည်ရှိနိုင်ခြင်း ရှိ မရှိကို သက်သေပြနေသည့် ထင်ရှားသော ဥပမာတစ်ရပ် ဖြစ်သည်။ အာဆီယံအဖွဲ့ဝင် အခြားနိုင်ငံများကဲ့သို့ပင် ဟနွိုင်းမြို့သည် ကြိုတင် ခန့်မှန်းနိုင်သော၊ ပွင့်လင်းမြင်သာသော၊ လွတ်လပ်သော၊ တရားမျှတသော၊ လူတိုင်းပါဝင်နိုင်သော၊ ရေရှည် တည်တံ့သော နှင့် စည်းမျဉ်းစည်းကမ်းအပေါ် အခြေခံသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ၏ ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများကလည်း အလားတူလမ်းကြောင်းများကို လျှောက်လှမ်းလျက်ရှိသည်။

အာဆီယံလမ်းစဉ်သည် သဘောတူညီမှုရရှိရန် အနိမ့်ဆုံးသတ်မှတ်ထားသည့် "ဘုံမူဘောင်"အပေါ် အမှီပြု နေသည်ဟု ကြာမြင့်စွာ ဝေဖန်ခံခဲ့ရသော်လည်း၊ လက်တွေ့တွင် ပြောင်းလွယ်ပြင်လွယ် ဆောင်ရွက်ခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း အာဆီယံအဖွဲ့အား မထိခိုက်စေဘဲ ၎င်းတို့၏ ကိုယ်ပိုင်လမ်းစဉ်များကို သိုသိပ်စွာ လုပ်ဆောင်ကြသည်။ ဤသို့လမ်းကြောင်း တစ်စုံဖြင့် နှစ်ခွ ချဉ်းကပ်နည်းသည် ဒေသတွင်း စည်းလုံးညီညွတ်မှုကို မထိခိုက်စေဘဲ နိုင်ငံ့ အကျိုးစီးပွားများကို ကာကွယ်စေနိုင်သည်။ စိန်ခေါ်မှုအနေဖြင့် မြန်မာနိုင်ငံမှ တီမောလက်စတေး ဝင်ရောက်ခွင့်ကို အဟန့်အတားဖြစ်စေသော “ကိုယ်ပိုင်လမ်းစဉ်မူဝါဒများသည် အာဆီယံ၏ တစ်စည်းတစ်လုံးရှိမှုကို ထိခိုက်မှုမရှိစေရန်” ကတိကဝတ်ပြုရမည် ဖြစ်ပါသည်။ 

“မြန်မာ့ကိုယ်ပိုင်လမ်းစဉ်”နှင့် အာဆီယံလမ်းစဉ် တို့အကြား သဘောထားချင်း မတိုက်ဆိုင်မှုသည် အချို့နိုင်ငံအတွက် ဆန့်ကျင်ဘက်ဖြစ်နေသကဲ့သို့၊ အခြားနိုင်ငံများအတွက်မူ မဖြစ်နိုင်ဟု ထင်ရမည်။ သို့သော် ၎င်းမှာ အနိုင်ရသူတစ်ဦးတည်းသာရှိသည့် ကစားပွဲတစ်ခု မဟုတ်ပါ။ အာဆီယံလမ်းစဉ်တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းစီအတွက်  လုပ်ပိုင်ခွင့်များ လွတ်လွတ်လပ်လပ် ကျင့်သုံးနိုင်ရန်နေရာ ဖန်တီးထား၍ အဖွဲ့ဝင် အားလုံးသည် ဘုံသဘောတူညီချက်များကို လေးစားလိုက်နာကြသည်။ မလေးရှားနိုင်ငံ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှုတွင် ဤဟန်ချက်ညီမှုကိုညှိနှိုင်းဦးဆောင်ရန်မှာ အရေးကြီးသောတာဝန် တစ်ရပ်ဖြစ်နေသည်။ 

အာဆီယံ၏ တရားဝင် မဟုတ်သော်လည်း အားလုံးပါဝင်သည့် ချဉ်းကပ်နည်းသည် ထောက်ခံသူအသစ် များကို ဆက်လက်ရရှိနေခြင်းမှာ ကောင်းမွန်သည့်အချက်ဖြစ်သည်။ ၁၉၇၆ ခုနှစ် ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်တွင် ယခုအခါ အင်အားကြီးနိုင်ငံများ အားလုံးအပါအဝင်  စာချုပ်လက်မှတ် ရေးထိုးသူ ၅၉ နိုင်ငံ ရှိလာပြီဖြစ်သည်။ အယ်လ်ဂျီးရီးယားနှင့် ဥရုဂွေးနိုင်ငံတို့သည် ကွာလာလမ်ပူ အစည်း အဝေးတွင် အဆိုပါစာချုပ်ကို လက်မှတ်ရေးထိုး ဝင်ရောက်ကြလိမ့်မည်။ အာဆီယံ၏စံမှာ ပြီးပြည့်စုံခြင်း မရှိသော်လည်း ၎င်း၏သဘောဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှုနှင့် အဆင့်ဆင့် တိုးတက်မှုတို့ကြောင့် ကမ္ဘာ့နိုင်ငံများအကြား ဆွဲဆောင်မှု ပိုမိုရရှိလာနေသည်။

ဆက်လက်၍ အာဆီယံလမ်းစဉ် ကျိုးကြောင်းခိုင်မာစွာရပ်တည်နိုင်ရန် မိမိအမျိုးသားအကျိုး စီးပွားကို အခြေပြုသည့် “ကိုယ်ပိုင်လမ်းစဉ်” များကို ထိန်းညှိရန် အာဆီယံလမ်းစဉ်ကို လိုက်လျောညီထွေ ဖြစ်စေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ အဖွဲ့ဝင်များ၏ မတူကွဲပြားမှုများကို လိုက်လျောညီထွေ ဖြစ်စေရန်ပြန်လည် ပြင်ဆင်ခြင်း၊ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းက အဖွဲ့အစည်းတစ်ခုလုံးကို ချုပ်ကိုင်ခြင်းမှ ကာကွယ်ရမည် ဖြစ်သည်။ တီမောလက်စ်တေး၏ အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို မြန်မာနိုင်ငံက ဟန့်တားနေခြင်းမှာ စမ်းသပ်မှု တစ်ရပ် ဖြစ်နေသည်။ 

ယခုအပတ်အတွင်း အာဆီယံလမ်းစဉ်သည် အုပ်စုအတွင်း သဘောထားကွဲလွဲမှုများကို စီမံခန့်ခွဲရာတွင် တွန်းအားပေးနိုင်မလား သို့မဟုတ် ဆန့်ကျင်ဖက်ဖြစ်သော " ကိုယ်ပိုင်လမ်းစဉ်" ဗျူဟာများကြောင့် တကွဲ တပြားစီ ပြိုကွဲမလား ဆိုသည်ကိုမူ ကမ္ဘာကမြင်တွေ့လာမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းသည် ပြီးခဲ့ သည့် နှစ်ပေါင်း ၅၈ နှစ်ကြာ တွဲလက်ခိုင်မြဲခဲ့ပြီး ဆက်လက်ရပ်တည် နေဦးမည်ဖြစ်သည်။ စိန်ခေါ်မှုတစ်ရပ်အနေဖြင့် အာဆီယံလမ်းစဉ်နှင့် "ကိုယ်ပိုင်လမ်းစဉ်" တို့ကြား ဝိရောဓိကို အားနည်းချက်မဖြစ်စေဘဲ အားသာချက်အဖြစ် ပြောင်းလဲနိုင်ရန် ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ထုတ် Bangkok Post သတင်းစာပါ Kavi Chongkittavorn ရေးသားသည့် “Myanmar’s my way vs Asean norms” သတင်းအား ဦးမျိုးမြင့်အောင်၊ နစက- ၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။