အာဇာနည်ခေါင်းဆောင်ကြီးများ၏ စွမ်းဆောင်မှုနှင့်စိတ်နေသဘောထားများ

Posted_Date

Image

အာဇာနည်ခေါင်းဆောင်ကြီးများ၏ စွမ်းဆောင်မှုနှင့်စိတ်နေသဘောထားများ

Body

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် (၇၈) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အများအကျိုးအတွက် ဆောင်ရွက်ခဲ့ကြပါသော  အာဇာနည်ဟု သတ်မှတ်ခံထိုက်သည့် ခေါင်းဆောင်ကြီးများကျဆုံးခဲ့သောနေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ခြင်းဖြစ်သည်။

အာဇာနည်ဟူသောဝေါဟာရသည် အာဇာနေယျ ဟူသောပါဠိစကားမှ  ဆင်းသက်လာခြင်းဖြစ်ပြီး (က) ကိုယ်ကျိုးကိုမကြည့်သူ၊ (ခ) အကြောင်းဟုတ်၊ မဟုတ်ကို ကောင်းစွာသိမြင်သူ၊ (ဂ) သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်ပြီး အများအကျိုးအတွက်  အသက်စွန့်ဖို့ ဝန်မလေးသူဟု မြန်မာ့အဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဓမ္မပဒပါဠိတော်ကလည်း ယောက်ျားအာဇာနည်ဟူသည် နေရာဒေသတိုင်း၌ အခါခပ်သိမ်းမပေါ်ပေါက်တတ်ချေ။ အကြင်အရပ်၊  အကြင်ဒေသ၌   မတစ်ထောင်တစ်ကောင်ဖွား ယောက်ျားအာဇာနည်ပေါ်ပေါက်ခဲ့သော် ထိုအရပ်၊ ထိုဒေသ၊ ထိုလူမျိုးအားလုံးတို့အတွက်  အဖိုးအနဂ္ဃနှင့် အကျိုးအနန္တပင်ဖြစ်သတည်းဟူ၍ ဆိုထားသည်။အာဇာနည်စိတ်ဓာတ်ဆိုသည်မှာ အမှန်တရားဘက်က  မေတ္တာနှင့်သတ္တိတို့ဖြင့်  ရပ်တည်သော စိတ်နေသဘောထားဖြစ်သည်။ တစ်နည်းဆိုသော် ငါတို့လုပ်တာအောင်မြင်သွားရင် ငါတို့အတွက် ဘာရရမယ်ဆိုတာ သူမတွေး။ တိုင်းပြည်အတွက် ဘာရစေ့မယ်ဆိုသည့် စိတ်ပဲရှိသူ။  တိုင်းပြည်ကောင်းစားဖို့ပဲတွေးသူကို အာဇာနည်စိတ်ဓာတ်ရှိသူဟုခေါ်သည်။

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလောင်းလျာဖြစ်မည့် ငယ်နာမည် မောင်ထိန်လင်းခေါ်    မောင်အောင်ဆန်းသည် မကွေးတိုင်း နတ်မောက်နယ်ဇာတိဖြစ်ပြီး ရှေ့နေဦးဖာ၊ ဒေါ်စုတို့၏ အထွေးဆုံးသားဖြစ်သည်။ သူ၏အဘိုးဖြစ်သူ ရွှေလရောင်ဘွဲ့ခံ ဦးမင်းရောင်သည်  ဗြိတိသျှတို့ကို ဆန့်ကျင်တော်လှန်ခဲ့သည့်   မျိုးချစ်သူရဲကောင်းတစ်ဦးဖြစ်သည်။

လွတ်လပ်သည့်    မြန်မာနိုင်ငံတော်ဖြစ်ရေးကို မြော်တွေးပြီး ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှာ  အောင်ဆန်း-အက်တလီစာချုပ်ကို လန်ဒန်သို့သွားရောက် ချုပ်ဆိုခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မြော်တွေးပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ သမိုင်းဝင် ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့သည်။ ဗိုလ်ချုပ်ကျဆုံးချိန်မှာ ဇနီးဒေါ်ခင်ကြည်နှင့် သားသမီးနှစ်ဦးကျန်ရစ်ခဲ့သည်။

လေးစားအပ်သော စိတ်နေစိတ်ထား

ဗိုလ်ချုပ်၏အရည်အချင်းနှင့်ပတ်သက်၍  ရေးပြစရာ စာဖွဲ့၍မကုန်နိုင်ပါ။ ၎င်းတို့အနက်အချက်အလက်အနည်းငယ်မျှအားရွေးထုတ်ဖော်ပြလိုက်ရပါသည်။

၁၉၄၀ ပြည့်နှစ်က မန္တလေးမြို့တွင် သခင်အောင်ဆန်းနှင့်အဖွဲ့က တို့ဗမာအစည်းအရုံးကကျင်းပတဲ့ အမှုဆောင်အစည်းအဝေးလုပ်ကြရာ ထိုအစည်းအဝေးသို့ ဗြိတိသျှလေဘာပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆာစတက်ဖို့ခရစ်ပ်တက်ရောက်သည်။ ခရစ်ပ်က ခင်ဗျားတို့  အခု  အင်္ဂလိပ်လက်အောက်ခံဘဝက လွတ်မြောက်အောင် ကြိုးပမ်းနေကြတယ်၊ လွတ်လပ်ရေးကို ဘယ်လိုနည်းနဲ့ရအောင်လုပ်ကြမှာလဲ မေးရာ သခင်အောင်ဆန်းက  ကျွန်တော်တို့ တရားတယ်ထင်တဲ့နည်းနဲ့ ရအောင်ယူရမှာပဲ ဖြေသည်။

ခရစ်ပ်က  ကျုပ်နားမလည်သေးပါဘူး၊  ထပ်ရှင်းပြစမ်းပါဦးဆိုတော့ဒီလိုလုပ်မှာပေါ့ဆိုပြီး သခင်အောင်ဆန်းက ခရစ်ပ်၏အင်္ကျီအိတ်ထဲက ဖောင်တိန်ကိုဆတ်ခနဲဆွဲလှမ်းယူရာ အင်္ကျီစအနည်းငယ် စုတ်ပြဲသွားသည်။  (ကျုပ်တို့လိုချင်တဲ့  လွတ်လပ်ရေးကို အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ယူမယ်ဆိုသည့် သဘောဖြေသည်) ထိုအခါ ခရစ်ပ်က တဟားဟားရယ်မောကာ သခင်အောင်ဆန်း၏  ရိုးသားမှုကို ခရစ်ပ်ကအထူးသဘောကျပြီး  ချစ်စရာကောင်းတဲ့အောင်ဆန်းလို့ နှစ်ကြိမ်တိတိရေရွတ်သည်။

ဗိုလ်ချုပ်မကျဆုံးခင် နှစ်နှစ်ခန့်အလို ၁၉၄၅ ခုနှစ်က  ဗြိတိသျှဗိုလ်ချုပ်ကြီးဝီလီယံစလင်းဟာ မိတ္ထီလာဘက်ကိုရောက်နေပြီးဂျပန်တွေကို တိုက်ထုတ်နေသည်။  ဗိုလ်ချုပ်ကလည်း ဂျပန်တွေကို တိုက်ထုတ်နေပြီး ဗြိတိသျှတွေနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းချင်ကြောင်း ခွင့်ပြုပေးပါရန် စလင်းထံသွားတွေ့သည်။ ထိုအခါ စလင်းမေးသည်။ “အောင်ဆန်း ငါတို့ဂျပန်ကိုစစ်နိုင်တာတွေ့လို့မင်းငါတို့နဲ့ လာပူးပေါင်းတာမလား”ဟုမေးမြန်းရာ“ခင်ဗျားတို့ စစ်ရှုံးနေတုန်းလာလို့ ကျုပ်အတွက် ဘာအကျိုးထူးမှာလဲ” ဟု  ဗိုလ်ချုပ်က ခပ်ဆတ်ဆတ်ဖြေသည်။ စလင်းက တဟားဟားနှင့်သဘောကျပြီး ရယ်ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုကိုစလင်းကအထူးသဘောကျပြီး တောင်းဆိုချက်များအားလုံးကိုသဘောတူကာ အထက်ကို အားလုံးတင်ပြပေးခဲ့သည်ဟုဆိုသည်။

ဦးဘဝင်း (၁၉၀၁-၁၉၄၇)

ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကိုဖြစ်သည်။ ဦးဘဝင်းက ဗိုလ်ချုပ်ထက် အသက် ၁၅ နှစ်ကြီးသည်။ မွေးချင်း ကိုးဦးမှာ ဦးဘဝင်းက တတိယမြောက်သားဖြစ်သည်။ ကောလိပ်ကျောင်းတက်စဉ် ဦးနုနှင့်ကျောင်းနေဖက်သူငယ်ချင်းဖြစ်သည်။ ဒီးဒုတ်ဦးဘချို၏အကြံပေးမှုဖြင့် ဦးဘဝင်းသည် ရေနံချောင်းကနေ အမတ်အဖြစ်အရွေးခံခဲ့သည်။ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သခင်နုနှင့် အထွေထွေအတွင်းရေးမှူး ဦးကျော်ငြိမ်းတို့၏ မေတ္တာရပ်ခံမှုဖြင့် ဦးဘဝင်းသည်  ကူးသန်းရောင်းဝယ်ရေးနှင့်ထောက်ပံ့ရေးဝန်ကြီးတာဝန်ကိုထမ်းဆောင်ခဲ့သည်။ ဝန်ကြီးရာထူးလက်ခံပြီး နှစ်လခန့်အကြာ အာဇာနည်ခေါင်းဆောင်များနှင့်အတူ ကျဆုံးခဲ့ရသည်။

လေးစားအပ်သော စိတ်နေစိတ်ထား

အသက် ၁၅ နှစ်အရွယ်မှာ ကိုးတန်းအောင်သည်။  ညီငယ်မောင်အောင်သန်းနှင့်  မောင်အောင်ဆန်းတို့ကို စောင့်ရှောက်ချင်စိတ်ကြောင့် ကိုးတန်းအောင်ပြီး ကျောင်းဆက်မတက်နိုင်သေးဘဲ မူလတန်းကျောင်းဆရာလုပ်သည်။ ပြီးနောက် ဘီအိုစီရေနံကုမ္ပဏီမှာ စာရေးအဖြစ် ဝင်လုပ်သည်။ လခ ၁၀၀ ကျပ်ရရာ လစာတစ်ဝက်တိတိကို မိဘထံပြန်လည်ထောက်ပံ့ပေးသည်။ ဦးဘဝင်းသည် မိသားစုနှင့်  လုပ်ဖော်ကိုင်ဖက်များအပေါ် အင်မတန်တာဝန်သိတတ်သူ၊ တာဝန်ယူမှု၊   တာဝန်ခံမှုရှိသူအဖြစ်   အများ၏အားကိုးကြည်ညိုခံရသူဖြစ်သည်။

မန်းဘခိုင် (၁၉၀၃-၁၉၄၇)

မန်းဘခိုင်စကားပြောသည့်အခါ ထွက်လာသည့် အသံ၊ လေယူလေသိမ်း၊ ပြောပုံဆိုပုံ၊ စကားလုံး ပြောင်မြောက်ကောင်းမွန်လှသည်။ မန်းဘခိုင်သည် ရိုးသားဖြောင့်မတ်သူ၊ တည်ကြည်သူ၊ မှန်သည်ထင်က  မည်သူ့ကိုမျှ  အားမနာတတ်သူ၊ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို ကြိုးပမ်းအားထုတ်သူ၊ ဖဆပလအမှုဆောင် အဖွဲ့တစ်ဖွဲ့လုံးက  အားကိုးခံရသူလည်းဖြစ်သည်။ ရွေးကောက်ပွဲပြီး၍ အစိုးရဖွဲ့နိုင်လျှင် မန်းဘခိုင်ကို ဒုတိယနန်းရင်းဝန်(ဒုတိယဝန်ကြီးချုပ်) ခန့်မည်ဟု ဗိုလ်ချုပ်က မကြာခဏပြောလေ့ရှိသည်။   မန်းဘခိုင် မကွယ်လွန်ခင်အထိ အလုပ်သမားဝန်ကြီးအဖြစ်  တာဝန်ထမ်းဆောင်ခဲ့သည်။

လေးစားအပ်သော စိတ်နေစိတ်ထား မန်းဘခိုင်၏ သစ္စာရှိမှု၊ ရိုးသားမှု၊ သတ္တိရှိမှုတွေအတွက် ဗိုလ်ချုပ်က သူ့ကိုနိုင်ငံရေးလုပ်ဖို့တိုက်တွန်းရာက ပုသိမ်မြို့မှ ဖဆပလအမတ်အဖြစ်အရွေးခံပြီး  နိုင်ငံရေးနယ်ထဲ ခြေစုံပစ်ဝင်ခဲ့သည်။ သူက မည်သူ့ကိုမျှအားနာခြင်း၊ ကြောက်လန့်ခြင်းမရှိပေ။ စကားပြောဆိုရာတွင်လည်း ပွင့်ပွင့်လင်းလင်းသာပြောတတ်သဖြင့်  ပွင့်ပွင့်လင်းလင်းပဲကြိုက်သော  ဗိုလ်ချုပ်နှင့်အလွန်အဆင်ပြေကြသည်။ဗိုလ်ချုပ်က  သူ့ကိုလွန်စွာ အားထားသောကြောင့် အစည်းအဝေးလုပ်စဉ် မန်းဘခိုင်က  ဗိုလ်ချုပ်၏ ညာဘက်မှာ အမြဲထိုင်ရသည်။ ဇူလိုင်လ ၁၉ ရက် လုပ်ကြံခံရစဉ်  ဗိုလ်ချုပ်ကကျည်ဆန်  ၁၃  ချက်၊ ဗိုလ်ချုပ်အနီးဆုံးမှာထိုင်နေသည့်    မန်းဘခိုင်ကကျည်ဆန် ၁၅ ချက် ထိမှန်ခံရသည်။ မန်းဘခိုင် အသက် ၄၄ နှစ်အရွယ်မှာ ကျဆုံးခဲ့သည်။

မိုင်းပွန်စော်ဘွား စဝ်စံထွန်း (၁၉၀၇-၁၉၄၇)

မိုင်းပွန်စော်ဘွားစဝ်စံထွန်းသည် နယ်စပ်ဒေသအမတ်အားလုံး၏ အားထားရာဖြစ်သည်။ သူ့ဖခင်ဖြစ်သူ စော်ဘွားကြီး စဝ်ခွန်ထီးသည် အသက် ခုနစ်နှစ် အရွယ်ကပင် မင်းတုန်းမင်း၏ မွေးစားသားအဖြစ် နန်းတော်ထဲတွင်  ကြီးပြင်းခဲ့သည်။  သီပေါမင်း ပါတော်မူချိန်မှာလည်း စဝ်ခွန်ထီးသည် ဗြိတိသျှတို့ကို လက်နက်ကိုင်တော်လှန်ခဲ့သူ၊  သတ္တိအမြော်အမြင်ပြည့်စုံ၍   လင်းပင်မင်းသားအုပ်စု၏ ဦးနှောက်နှင့်ဓားဟု  တင်စားခံရသည်။  မိုင်းပွန်စော်ဘွားကြီးသည်  တိုင်းရင်းသားညီညွတ်ရေးအတွက်  ဗိုလ်ချုပ်နှင့်အတူ နေ့မအားညမအားဆောင်ရွက်ခဲ့သည်။  ပထမပင်လုံညီလာခံတုန်းက သူကိုယ်တိုင် ဦးစီးဦးဆောင်အဖွဲ့ထဲပါခဲ့သည်။  ဒုတိယပင်လုံညီလာခံအတွက်ကိုလည်း စည်းရုံးရေးများလုပ်ခဲ့ရပြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုးသူတစ်ဦးအဖြစ်ပါဝင်ခဲ့သည်။  လုပ်ကြံခံရသောနေ့ ဇူလိုင်လ ၁၉ ရက်မှာ မဆုံးသေးဘဲ ၂၀ ရက်  မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သည်။

လေးစားအပ်သောစိတ်နေစိတ်ထား

စော်ဘွားကြီး၏ စိတ်ထားကောင်းခြင်း၊ တည်ကြည်ဖြောင့်မတ်ခြင်းတို့ကြောင့် နယ်ထဲသွားလာရာတွင် နယ်သူနယ်သားများက ထိုင်ပြီးဦးညွှတ်ရသောဓလေ့ရှိသည်။  မိုင်းပွန်စော်ဘွားကြီးက  ထိုဓလေ့ကို  လုံးဝလက်မခံ၊ လုပ်ခွင့်လည်းမပြုပေ။  ဘာသာရေးလွန်စွာကိုင်းရှိုင်းပြီး  ကွမ်း၊  ဆေးလိပ်၊  အရက်သေစာ ရှောင်ကြဉ်သည်။ ဇနီးသည်မှာ မဟာဒေဝီဖြစ်သည်။  ဂျပန်တို့  မြန်မာပြည်က ဆုတ်ခွာချိန် ၁၉၄၅ ခုနှစ်တွင် မဟာဒေဝီသည် မိုင်းပွန်တောထဲ၌ ကွယ်လွန်ခဲ့သည်။မဟာဒေဝီကွယ်လွန်ပြီးနောက်  စော်ဘွားကြီးကဒုတိယဇနီးမထားဘဲ သားသမီးလေးဦးကိုလည်း စော်ဘွားကြီးက သူမကွယ်လွန်ခင်ထိ   ဂရုတစိုက်စောင့်ရှောက်ခဲ့သည်။  စော်ဘွားကြီးအသက်  ၄၀ အရွယ်တွင် ကျဆုံးသည်။

 ဦးရာဇတ် (၁၈၉၈-၁၉၄၇)

မိတ္ထီလာသား ဦးရာဇတ်ခေါ်  မစ္စတာအပ္ပဒူရာဇတ်သည် တော်လှန်ရေးတွင် လက်နက်ကိုင်၍ ကိုယ်တိုင် မပါဝင်ခဲ့သော်လည်း အထက်မြန်မာပြည်တော်လှန်ရေးဆင်နွှဲသည့် လူငယ်များအတွက် လမ်းညွှန်မှုများ ပေးနိုင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဖခင်က အစ္စလမ်ဘာသာဝင်၊ မိခင်က ဗုဒ္ဓဘာသာဝင်ဖြစ်သည်။

ဦးရာဇတ်သည်  ဗုဒ္ဓဘာသာအပေါ် အလွန်လေးစားပြီး ကိုရင်တွေကို စာသင်ပေးသည်။ နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်ဖို့အတွက် လူငယ်တွေ အင်္ဂလိပ်စာတတ်သင့်တယ်ဆိုသော ရည်ရွယ်ချက်ဖြင့် ကျောင်းအုပ်ကြီးအဖြစ်  တာဝန်ယူသည့်  သူ့ကိုယ်ပိုင်အမျိုးသားကျောင်းမှာ အင်္ဂလိပ်စာသင်ပေးသည်။  သူ့ကျောင်းက ကျောင်းသားများဟာ လက်ရုံးရည်၊  နှလုံးရည်၊ အားကစား၊  ဂီတဘက်စုံတတ်မြောက်စေရုံမျှမက လွတ်လပ်ရေးတိုက်ပွဲဝင်သားကောင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။

မန္တလေးတက္ကသိုလ်ဖြစ်မြောက်အောင်လည်းတည်ထောင်ပေးခဲ့သူဖြစ်သည်။  ဖဆပလအပေါ် သစ္စာရှိသူ၊ စိတ်ဝမ်းမကွဲသူ၊ တိုင်းရင်းသားလူနည်းစုပြဿနာကို ဖြေရှင်းပေးနိုင်သူ၊ စည်းမျဉ်း စည်းကမ်းရိုသေသူတစ်ဦးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ဖိတ်ခေါ်ချက်အရ ဦးရာဇတ်သည် ပညာရေးဝန်ကြီးအဖြစ် သူမကွယ်လွန်ခင်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ အသက် ၄၉ နှစ်အရွယ်မှာ ကျဆုံးခဲ့ပြီး သူကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ခင်ခင်နှင့် သားသမီးသုံးဦး ကျန်ရစ်ခဲ့သည်။ 

လေးစားအပ်သောစိတ်နေစိတ်ထား

 ဦးရာဇတ်သည်လူတွေကိုကူညီချင်စိတ်ကြီးမားသူဖြစ်ပြီး ဝိဇ္ဇာပထမနှစ် စာမေးပွဲဖြေနေစဉ် အခြားကျောင်းသားများကို အဖြေကူညီရေးပေးမိ၍ စာမေးပွဲဖြေဆိုခွင့်နှစ်နှစ်ပိတ်ခံရသည်။ အင်္ဂလိပ်စာအရေးအသားအလွန်ကောင်းပြီး စစ်မဖြစ်ခင်ကာလ သူရိယသတင်းစာမှာ အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးများရေးခဲ့သည်။   စာရေးဆရာမကြီး လူထုဒေါ်အမာသည် ဦးရာဇတ်၏တပည့်ဖြစ်သည်။  ရွှေဘိုထောင်မှာ အကျဉ်းချထားခံရစဉ် ဆရာကြီး၏တပည့်တွေက ထောင်မှူးနှင့်ညှိပြီးခိုးထုတ်ရန်စီစဉ်သည်ကို သူလက်မခံဘဲ အတူအဖမ်းခံရသူများကို ချန်မထားနိုင်ဟု ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ဖက်ဆစ်အကျဉ်းသားအဖြစ် ရက်ပေါင်း  ၁၉၁ ရက်တိတိ ခံစားခဲ့ရသည်။          

 

 ဒီးဒုတ်ဦးဘချို (၁၈၉၃-၁၉၄၇)

 ဧရာဝတီတိုင်း မြောင်းမြမြို့သား ဦးဘချိုသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ကလောင်ဖြင့် တိုက်ပွဲဝင်ခဲ့သည့် ဒီးဒုတ်ဂျာနယ်၊ ဒီးဒုတ်သတင်းစာ ထုတ်ဝေသူ၊  အယ်ဒီတာ၊  စာရေးဆရာအဖြစ် ထင်ရှားသည်။ ဒီးဒုတ်၊ တောက်တဲ့၊ စပယ်၊  ဥက္ကလာ မခင်စိန် စသည့်  ကလောင်အမည်အမျိုးမျိုးဖြင့် စာပေများစွာရေးသားခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ  တာဝန်ယူခဲ့သည်။  စာပေနှင့် ဂီတလောကတွင် နှစ်ယောက်မရှိသူ၊ စာပေဗဟုသုတဘက်တွင် စာအုပ်လှန်စရာမလိုဘဲ စာကိုအလွတ်ရွတ်ပြနိုင်သူ၊ ဂီတဘက်တွင် ပညာဗဟုသုတ ဖြန့်ဝေပေးသူ၊ နက္ခတ်၊ ဆေးဝါး၊ မန္တရား၊ အင်းအိုင်ဘက်တွင် ကျွမ်းကျင်သူ၊ ပန်းချီဘက်တွင်လည်း ဝါရင့်ပန်းချီဆရာများကိုပင် လမ်းညွှန်နိုင်သူ၊  လုပ်ငန်းမှန်သမျှ သူမပါလျှင်မပြီး ခရီးရောက်သည့်သူ၊ အဘက်ဘက်မှ စွယ်စုံပညာရှင်ဆရာကြီးဖြစ်သည်။

ထူးခြားချက်တစ်ခုက ဦးဘချိုသည် ၁၃၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီး၏ဥက္ကဋ္ဌဖြစ်ပြီး   မြန်မာနိုင်ငံ  သတင်းစာဆရာအသင်းကြီးကိုလည်း တည်ထောင်ခဲ့သည်။ ဒီးဒုတ်ဦးဘချိုမှာ အနုပညာဘက်မှာလည်း အလွန်နှံ့စပ်သဖြင့် တစ်နေ့တွင် ဦးရာဇတ်ကဒီးဒုတ်ဦးဘချိုထံသို့ နန်းတော်ရှေ့ဆရာတင်ကို အပ်နှံသည့် စာတစ်စောင်ရေးပေးလိုက်သည်။  ထို့ကြောင့်  နန်းတော်ရှေ့ဆရာတင်၏အောင်မြင်မှုသည်  ဒီးဒုတ်ဦးဘချိုဟူသော ဆရာသမားကောင်းနှင့် တွေ့ဆုံခဲ့ရခြင်းဖြစ်ပေသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတွင် ရန်ကုန်မြို့လုံးကျွတ်ကျောင်းသားသပိတ်ကြီး ဆင်နွှဲချိန် သဘာပတိအဖြစ်ဆောင်ရွက်နေသော ဒီးဒုတ်ဦးဘချိုကို ပုလိပ်များက လာရောက်ဖမ်းဆီးသည့်အခါ ဦးဘချိုတို့အဖွဲ့က အပြုံးမပျက်ဘဲ ဒို့ဗမာသီချင်းကို သံပြိုင်ဆိုခဲ့သည်။ ဦးဘချို မကွယ်လွန်ခင်အထိ သတင်းဖြန့်ချိရေးနှင့် ဝါဒဖြန့်ဖြူးရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

လေးစားအပ်သောစိတ်နေစိတ်ထား

ဦးနုအပါအဝင်နိုင်ငံရေးသမားများကသူ့ကိုအလွန်လေးစားကြ၍  ဆရာချိုဟုခေါ်ကြသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်  ဦးသန့်က   ယခုလိုမှတ်ချက်ပေးသည်။ အင်္ဂလိပ်လူမျိုးထဲမှာတော့အယ်လ်ဒပ်စ်ဟတ်စလေဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက် ရှိပါတယ်။ ဘယ်ဘက်ကစမ်းစမ်းရတဲ့ ပုဂ္ဂိုလ်ပါ။သို့သော် ဦးဘချိုလောက်တော့ စုံမယ်မထင်ပါဟုဆိုထားသည်။

သခင်မြ (၁၈၉၇-၁၉၄၇)

ပြည်ခရိုင် ထုံးဘိုမြို့သားဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်မှစ၍ ကွယ်လွန်ချိန်အထိ ခေတ်အဆက်ဆက် နိုင်ငံရေးရာအသင်းအဖွဲ့များမှာ ဦးစီးဦးဆောင်သူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ကြားဖြတ်ယာယီအမျိုးသားအစိုးရအဖွဲ့မှာလည်း သခင်မြကပြည်ထဲရေးနှင့်တရားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည်။ သခင်မြမကွယ်လွန်ခင်အထိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။သခင်မြကဖြစ်ပေါ်လာသော ကိစ္စမှန်သမျှကိုခပ်အေးအေး စဉ်းစားဝေဖန်ဆုံးဖြတ်လေ့ရှိသည်။ အရေးကြီးသောဆုံးဖြတ်ချက်တစ်ခုခုကိုလုပ်စရာရှိလျှင် ဗိုလ်ချုပ်တို့ကအစ သခင်မြ၏ဆုံးဖြတ်ချက်ကိုစောင့်ရသည်။ သခင်မြခေါင်းညိတ်လိုက်မှလည်း  ဆုံးဖြတ်ချက်ချမှတ်ပြီးစီးသည်။ အသက် ၅၀ အရွယ်မှာကျဆုံးခဲ့ပြီး သူကွယ်လွန်ချိန်တွင်  ဇနီးဒေါ်ခင်ညွန့် ကျန်ရစ်ခဲ့သည်။  သခင်မြတွင်  သားသမီးမထွန်းကားပါ။

လေးစားအပ်သောစိတ်နေစိတ်ထား

သခင်မြသည်  စိတ်အေးသူ၊   စိတ်သဘောထားကောင်း၍ ချင့်ချိန်နိုင်စွမ်းရှိသူ၊ အေးအေးဆေးဆေးစဉ်းစားတတ်သူ၊   စွမ်းဆောင်ရည်ရှိသူဖြစ်ကာ အကြောင်းရပ်တိုင်း၌ ပြတ်ပြတ်သားသား ရှင်းလင်းနိုင်သည့်သတ္တိရှင်ဖြစ်သည်။ အေးချမ်းပြီး အမြဲပြုံးနေတတ်သည်။ အောက်လက်ငယ်သားတွေအပေါ်မှာ အလွန်ရည်မွန်သူဖြစ်ပြီး ကျောသားရင်သား မခွဲခြားတတ်ပေ။ တပည့်တပန်းများနှင့်   ပျော်ပျော်နေတတ်သည်။  ပြည်ထဲရေးဝန်ကြီးချုပ် ဆာပေါ်ထွန်းက သခင်မြသည်   အလွန်အကျိုးအကြောင်းမျှတစွာ ဆက်ဆံတတ်သည့်ပုဂ္ဂိုလ်၊ သခင်မြလိုသခင်မျိုးကိုတော့ ကျွန်တော်တို့က ကန်တော့ပွဲနဲ့တောင် ထားချင်ပါတယ်ဟုဆိုသည်။ သခင်မြ၏ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌရာထူးကိုဆက်ခံသော    ဦးကိုကိုကြီးကလည်း သခင်မြက ငါတို့ခေတ်မှာ  ဂုဏ်သရေရှိ လူကြီးလူကောင်းအားလုံးရဲ့  အထက်မှာရှိတယ်ဟု  မှတ်ချက်ချသည်။

အတွင်းဝန် ဦးအုန်းမောင် (၁၉၁၃-၁၉၄၇)

မင်းဘူးမြို့နယ် ထောက်ရှာပင်ရွာသားဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ၌  တပ်ရင်းတပ်ခွဲမှူးတစ်ယောက်ဖြစ်ပြီး  သေနတ်ပစ်ထူးချွန်သည်။  ဝန်ထောက်စာမေးပွဲအပြင်  အိန္ဒိယပဋိညာဉ် အိုင်စီအက်စ်စာမေးပွဲနှစ်ရပ်လုံး အောင်မြင်သော ခေတ်ပညာတတ်တစ်ဦးဖြစ်သည်။  အင်္ဂလန်အောက်စဖို့ဒ်တက္ကသိုလ် ဂျီးဆပ်ကောလိပ် (Jesus College) ၌ နိုင်ငံ့ဝန်ထမ်းအုပ်ချုပ်ရေးပညာသင်ခဲ့သည်။ ပင်လုံညီလာခံတွင် ကချင်ပြည်နယ်က ဒူးဝါးဆင်ဝါးနောင်တို့နှင့် ပင်လုံညီလာခံမှာလက်မှတ်ထိုးရန်အတွက် ဦးအုန်းမောင်ကကချင်လူမျိုးများနှင့်အဆင်ပြေအောင် တာဝန်ယူနိုင်ခဲ့သည်။

၁၉၄၇ ခုနှစ်  ဇူလိုင်လ ၁၉  ရက်နေ့ နံနက် ၁၀ နာရီတွင်  ရန်ကုန်မြို့အတွင်းဝန်များရုံး ဝန်ကြီးများ အစည်းအဝေးမှာ သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောစံဖိုးသင် ခရီးလွန်နေသဖြင့် သူ့ကိုယ်စား ဒုတိယအတွင်းဝန် ဦးအုန်းမောင်က အစည်းအဝေးတက်ရသည်။  ထိုအစည်းအဝေး၌ ၎င်းတို့ဝန်ကြီးဌာန၏ လုပ်ငန်းအစီအစဉ်များတင်ပြနေစဉ်   မသမာသူ   သေနတ်သမားများ၏လုပ်ကြံမှုဖြင့်ဦးအုန်းမောင်လည်း အာဇာနည်ခေါင်းဆောင်ကြီးများနှင့်အတူ ကျဆုံးခဲ့ရသည်။

လေးစားအပ်သောစိတ်နေစိတ်ထား

အင်္ဂလန်တွင် ပညာသင်နေစဉ်  မျိုးချစ်စိတ်ဓာတ်ထက်သန်၍ တိုင်းပြည်နှင့်လူမျိုးကိုထိလျှင် နည်းနည်းမျှ သည်းမခံနိုင်သူ၊  ထို့ကြောင့် သူ့ကိုအင်္ဂလန်ရှိ အငြိမ်းစား အိုင်စီအက်စ်အရာရှိကြီးတချို့က တိုက်ကြက်ကလေးဟု   ကွယ်ရာတွင်ခေါ်လေ့ရှိကြောင်း   ပညာသင်ဖော်  ဆရာမင်းသုဝဏ်က မှတ်တမ်းတင်ခဲ့သည်။ 

သူ့ဇနီးက တစ်ညမှာ အငယ်ဆုံးသားလေး ကျန်းမာရေးမကောင်းဘူး၊စိုးရိမ်ရတဲ့အခြေအနေပါ၊ ဦးအုန်းမောင်က ကလေးချီပြီး လမ်းလျှောက်နေတုန်း ဗိုလ်လကျ်ာနဲ့ ဗိုလ်လှထွန်းတို့က အိမ်လာခေါ်တယ်။

ဗိုလ်ချုပ်က ကချင်ပြည်လွှတ်မလို့တဲ့၊ ကလေးနေမကောင်းလို့သူကမသွားချင်ပေမယ့်တိုင်းပြည်အရေးကိစ္စအတွက် ည ၂ နာရီလောက်မှာ ကချင်ပြည်ကို ထွက်သွားရတယ်၊ တိုင်းပြည်အရေးကို အဲလိုအလေးထားတာပါဟုဆိုသည်။

ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇)ရဲဘော်ကိုထွေးမိသားစုသည်   မန္တလေးတွင်နေကြပြီး ဖခင်က အစ္စလမ်ဘာသာဝင်၊ မိခင်က ပိုးကရင် ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။ လက်ဝှေ့ကျော်စောဘာဘာ၏ညီအငယ်ဆုံးဖြစ်သည်။မန္တလေးတွင် ဦးရာဇတ်အိမ်နှင့် ဘေးချင်းကပ်လျက်နေကြသည်။ဦးရာဇတ်က ကိုထွေးကို အလွန်ချစ်သဖြင့် သူဝန်ကြီးဖြစ်ချိန်မှာ သက်တော်စောင့်အဖြစ် ကိုထွေးအား ခေါ်လာခဲ့သည်။ ထို့ကြောင့် ကိုထွေးသည်  ဦးရာဇတ်တာဝန်နှင့် အမြဲလိုက်ပါသွားရသည်။ သူလုပ်ကြံမခံရခင် ဇူလိုင်လ ၁၈ ရက်က သူဆုရခဲ့တဲ့ဘူးလေး အိမ်နံရံမှာချိတ်ထားရာကနေသူ့အလိုလိုပြုတ်ကျနိမိတ်ပြခဲ့တယ်ဟုကျန်ရစ်သူမိသားစုကဆိုသည်။ 

ဗိုလ်ချုပ်တို့ အသက်စွန့် ကြိုးပမ်းရယူပေးခဲ့သည့် လွတ်လပ်ရေး၏တန်ဖိုးရှိပုံနှင့်  ဒီမိုကရေစီ၏  အနက်အဓိပ္ပာယ်ကိုကောင်းစွာနားလည်သဘောပေါက်ဖို့လိုသည်၊  စည်းကမ်းရှိဖို့လိုသည်၊ တာဝန်သိဖို့ လိုသည်၊ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတန်ဖိုးထားဖို့လိုသည်။

အချုပ်အားဖြင့်ဆိုသော် မျိုးဆက်သစ်လူငယ်များသိထားသင့်သည်မှာအာဇာနည်ဆိုသော အဓိပ္ပာယ်သည်  သူ့ဘဝတစ်လျှောက်လုံး  သူသေဆုံးသည့်တိုင် နိုင်ငံ့အကျိုး၊ လူမျိုးအကျိုး၊ လူသားအကျိုးတို့ကို ထူးထူးခြားခြား    စွမ်းစွမ်းတမံဆောင်ရွက်ကာ အာဇာနည်စိတ်ဓာတ်ရှိသူကို အာဇာနည်ဟုခေါ်သည်။

ထို့ကြောင့်  ကျွန်မတို့အားလုံးကိုယ်ကျိုးမဖက်ဘဲ ကိုယ့်နိုင်ငံတိုးတက်ရာတိုးတက်ကြောင်းကို မြန်မာနိုင်ငံသားပီပီလုပ်ဆောင်ကြရင်း အာဇာနည်ပုဂ္ဂိုလ်ကြီးများ အရယူပေးခဲ့သော လွတ်လပ်သည့်နိုင်ငံတော်ကို  ပြည်ချစ်စိတ်ဖြင့်  စောင့်ရှောက်ကြရပါမည်ဖြစ်ပါသတည်း။      ။

MWD Web Portal