သတိပြုဖွယ် နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အွန်လိုင်းလိမ်လည်မှုအန္တရာယ်
Posted_Date
Image

Body
ယနေ့မျက်မှောက်ကမ္ဘာတွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုသည် အများပြည်သူ၏ နေ့စဉ်လူမှုဘဝများ အတွက် များစွာအကျိုးရှိသော်လည်း အခြားတစ်ဖက်တွင် ဥပဒေနှင့်မညီသောလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အခွင့်အလမ်းများစွာဖြစ်စေသည်။ ၎င်းတို့အနက် အင်တာနက်ကွန်ရက်ဆက်သွယ်မှုကို အသုံးချ၍ ကျူးလွန်သည့် လိမ်လည်မှုများသည် လတ်တလောသတိပြုရမည့် ပြည်သူများ အတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လို့လာသည်။
ဒုစရိုက်သမားများအနေဖြင့် အွန်လိုင်းလိမ်လည်မှုကို ကျူးလွန်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်အတု၊ တစ်ပါးသူများ၏ နိုင်ငံသားစိစစ်ရေးကတ်များဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်း(Account)များကို အသုံးပြု၍ လိမ်လည်ရရှိရာမှ ငွေကြေးများကို လွှဲပြောင်းရယူကြသည်။ အင်တာနက်ဆက်သွယ်ရေး နည်းပညာအပေါ်အခြေခံထားသည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ထိုသို့သောဝန်ဆောင်မှုလုပ်ငန်းများကို ရယူအသုံးပြုနိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်များနှင့် ယာဉ်မောင်းလိုင်စင်များမှာ အခြေခံလိုအပ်သည့် အထောက်အထားများဖြစ်လာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံသားစိစစ်ရေးကတ်များ၏ စစ်မှန်နိုင်မှု၊ အချက်အလက်များခိုင်မာမှု၊ အတုအပပြုလုပ်ရန် ခက်ခဲစေနိုင်မှုစသည့် အရည်အသွေးများသည်လည်း အရေးကြီးလာသည်။
“နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲသူများသည် ရာဇဝတ်မှုတွင် ပါဝင်နေပါသည်”
နိုင်ငံသားစိစစ်ရေးကတ်အတုဆိုတာဘာလဲ? နိုင်ငံသားစိစစ်ရေးကတ်အတုဆိုသည်မှာ တရားမဝင်သော လုပ်ဆောင်ချက်တစ်ခုကိုဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် တုပထားသည့်စာရွက်စာတမ်းတစ်ခုဖြစ်သည်။ စာရွက်စာတမ်း အတုပြုလုပ်ခြင်းသည် ရာဇဝတ်မှုမြောက်ပြီး ဥပဒေအရ တရားစွဲဆိုခံရမည် ဖြစ်သည်။ ယင်းအပြင် နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲသူများသည် ရာဇဝတ်မှုတွင် ပါဝင်နေသည်ကို သိရှိနားလည်ထားရမည်ဖြစ်သည်။
ဒုစရိုက်သမားများက နိုင်ငံသားစိစစ်ရေးကတ်အတုအား မည်သည့်ရည်ရွယ်ချက်အတွက် ပြုလုပ်သလဲ နိုင်ငံသားစိစစ်ရေးကတ်၏ နယ်ပယ်မျိုးစုံတွင် အသုံးဝင်မှုသည် ဒုစရိုက်သမားများအတွက် အမျိုးမျိုး သောလုပ်ငန်းများတွင် အသုံးချနိုင်ရန်အခွင့်အလမ်းများဖြစ်စေသည်။ ဒုစရိုက်သမားများအနေဖြင့် ရည်ရွယ်ချက်အမျိုးမျိုးအတွက် နိုင်ငံသားစိစစ်ရေးကတ်အတုများ ပြုလုပ်အသုံးပြုကြသည်။ အထူး သဖြင့် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် နောက်ကြောင်းလိုက်လံစုံစမ်းခံရခြင်းမှ ရှောင်ရှားနိုင်ရန် အတွက် နိုင်ငံသားစိစစ်ရေးကတ်အတုများကိုအသုံးချကြသည်။
ယင်းအပြင် ပြစ်မှုကျူးလွန်ထားသူများကလည်း မိမိတို့ကျူးလွန်ထားသည့်ပြစ်မှုမှ တိမ်းရှောင်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်အတုများ ကိုင်ဆောင်အသုံးပြုလိုကြသည်။ ယခုအခါ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့်သူများမှလည်း နိုင်ငံသားစိစစ်ရေးကတ်အတုများအသုံးပြု၍ နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အသုံးပြုလာသည်ကိုတွေ့ရှိရသည်။ ထိုသို့သော ရာဇဝတ်မကင်းသည့်ရည်ရွယ်ချက်အမျိုးမျိုးအတွက် နိုင်ငံသားစိစစ်ရေးကတ်အတုများ ပြုလုပ်ရောင်းချသည့် ဒုစရိုက်လုပ်ငန်းလည်း ပေါ်ပေါက်လာခဲ့သည်။
နိုင်ငံသားစိစစ်ရေးကတ်အတုအား ဒုစရိုက်သမားများက မည်သို့အသုံးချသလဲနိုင်ငံသားစိစစ်ရေးကတ် အတုပြုလုပ်ခြင်းသည် တရားမဝင်ရောင်းဝယ်မှု၊ ငွေကြေးလိမ်လည်မှု၊ ခရီးသွားထောက်ခံချက်အတု၊ မမှန်ကန်သောသက်သေအထောက်အထားတင်သွင်းခြင်း စသည့် အမျိုးမျိုးသောရာဇဝတ်မှုများအတွက် အထောက်အကူဖြစ်စေနိုင်သည်။ အထူးသဖြင့် အွန်လိုင်းပေါ်တွင် ကိုယ်ရေးကိုယ်တာအချက်အလက်များပေါက်ကြားခံရခြင်း၊ ရိုးသားသည့်ပြည်သူများအတွက် ငွေကြေးများဆုံးရှုံးခြင်း၊ စီးပွားရေး၊ လူမှုရေးထိခိုက်မှုများဖြစ်ပေါ်စေခြင်း စသည့်အခြေအနေများသည် လက်တွေ့ဖြစ်ပေါ်နေသည့် အနေအထားဖြစ်ပြီး ထိရောက်စွာဖြေရှင်းဆောင်ရွက်နိုင်ရန် လိုအပ်သည့်ပြဿနာဖြစ်လာပြီဖြစ်သည်။
ဒုစရိုက်သမားများသည် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာ၌ နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ငွေစာရင်း (Account)များ၊ E-wallet များဖြစ်သည့် Mobile Pay Account များဖွင့်လှစ်၍ ပြစ်မှုကျူးလွန်ရာမှ ရရှိသည့် ငွေကြေးများလွှဲပြောင်းဆောင်ရွက်သည်။ နိုင်ငံသားစိစစ်ရေးကတ်အတုများဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်း(Account)များကို အသုံးပြု၍ လျှို့ဝှက်ငွေကြေး (Crypto Currency)များ ဝယ်ယူပြီး ငွေကြေးများဖုံးကွယ်နိုင်သည်။ တယ်လီဖုန်း SIM Card မှတ်ပုံတင်ရာ၌လည်း မိမိ၏ကိုယ်ရေး အချက်အလက်များကို ဖုံးကွယ်နိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်အတုကို အသုံးပြုကြသည်။
“မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ကို မျှဝေခြင်းသည်မိမိကိုယ်ကို အန္တရာယ်ပေးခြင်းနှင့်တူသည်”
နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခံရနိုင်သည့်အန္တရာယ်များ
ဒုစရိုက်သမားများအတွက် နိုင်ငံသားစိစစ်ရေးကတ်အတုများပြုလုပ်နိုင်ရန်မှာ အခြားသူတစ်ဦး၏ ကိုယ်ရေးအချက်အလက်များရရှိရန်လိုအပ်သည်။ သို့ဖြစ်ရာ အခြားသူတစ်ဦး၏ စစ်မှန်သည့်ကိုယ်ရေး အချက်အလက်များရရှိရန် ဒုစရိုက်သမားများက နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းလာကြသည်။ ပြည်သူများအနေဖြင့်လည်း မိမိတို့၏နိုင်ငံသားစိစစ်ရေးကတ်များ သို့မဟုတ် အချက်အလက်များ ခိုးယူခံရနိုင်သည့် အန္တရာယ်များကို သတိပြုရန်လိုအပ်သည်။ အများအားဖြင့် ကိုယ်ရေးအချက်အလက်များ အများဆုံးပေါက်ကြားမှု ဖြစ်ပွားသည့်နေရာမှာ အင်တာနက်အွန်လိုင်း ပေါ်မှပင်ဖြစ်သည်။ ပြည်သူများ အနေဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် နိုင်ငံသားစိစစ်ရေးကတ်ဓာတ်ပုံများ မျှဝေမိခြင်း၊ အတုအယောင် အက်ပလီကေးရှင်းများ/ဝက်ဆိုက် များတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များထည့်သွင်းမိခြင်း၊ အများသုံးဝိုင်ဖိုင်များ(Public Wifi)ကို အသုံးပြုစဉ် Phishing Website များမှတစ်ဆင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များ ထည့်သွင်းမိခြင်းဖြင့် ကိုယ်ရေးအချက်အလက်များပေါက်ကြားခံရနိုင်သည်။
ယင်းအပြင် အတုအယောင်ဘဏ်သို့မဟုတ် ဟန်ဆောင်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၏ နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များ လိမ်လည်တောင်းခံမှုကြောင့် ပေးအပ်မိခြင်း၊ အတုအယောင်အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများတွင် မိမိ၏နိုင်ငံသားစိစစ်ရေးကတ် မိတ္တူကိုပေးအပ်၍ အလုပ်လျှောက်ထားမိခြင်းဖြင့်လည်း နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များ ကူးယူပေါက်ကြားခံရနိုင်သည်။ မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ကိုမျှဝေခြင်းသည် မိမိကိုယ်ကိုအန္တရာယ်ပေးခြင်းနှင့်တူသည်ဖြစ်ရာ အထူးသတိထားသင့်လှပေသည်။
“မိမိ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကိုကာကွယ်ခြင်းသည် မိမိ၏တာဝန်ဖြစ်သည်”
နိုင်ငံသားစိစစ်ရေးကတ်ကို ခိုးယူခံရခြင်းမှ မည်သို့ကာကွယ်သင့်သလဲ
ပြည်သူများအနေဖြင့် မိမိအားထုတ်ပေးထားသော တန်ဖိုးရှိလှသည့် နိုင်ငံသားစိစစ်ရေးကတ် မပျောက်ပျက်ရေးအတွက် ဂရုတစိုက်ထိန်းသိမ်းကိုင်တွယ်ရန် အရေးကြီးလှသည်။ ပြည်သူများအနေဖြင့် မိမိတို့၏နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များပေါက်ကြားခံရပြီး တလွဲအသုံးပြုခံရ ခြင်းမရှိစေရန်အတွက် သတိကြီးစွာထား၍အသုံးပြုရမည်ဖြစ်သည်။ မိမိ၏နိုင်ငံသားစိစစ်ရေးကတ်အား တရားဝင်လုပ်ငန်းကိစ္စရပ်များမှတစ်ပါး အခြားသူတစ်ဦးတစ်ယောက်ထံ ပေးအပ်ခြင်းမပြုရန်၊ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား မလိုအပ်ဘဲ မိတ္တူမကူးရန်၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေး အချက်အလက်များကို အွန်လိုင်းပေါ်တွင် မျှဝေခြင်းမပြုရန်လိုအပ်သည်။ မိမိ၏ကိုယ်ရေး ကိုယ်တာအချက် အလက်များကို ကာကွယ်ခြင်းသည် မိမိ၏တာဝန်ဖြစ်သည်။
ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်အတုနှင့်စပ်လျဉ်း၍ CDD ကို မည်သို့ဆောင်ရွက်သင့်သလဲနိုင်ငံသားစိစစ်ရေးကတ်အတုများသည် ဒုစရိုက်သမားများအတွက် ဘဏ်ငွေစာရင်းများ၊ Kpay, WavePay ကဲ့သို့သော မိုဘိုင်းငွေကြေးဝန်ဆောင်မှု အကောင့်များ ဖွင့်လှစ်အသုံးချနိုင်စေရန် အခွင့်အလမ်းများဖြစ်စေသည်။ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့ အစည်းများ အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်အတုကိုအသုံးပြု၍ မိမိတို့၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပေါ် တလွဲအသုံးချခြင်းမခံရစေရေးအတွက် ဖောက်သည်အပေါ်အလေးထားစိစစ်ခြင်း (Customer Due Diligence-CDD)လုပ်ငန်းစဉ်ကို အောက်ပါအတိုင်းဆောင်ရွက်သင့်သည်-
( ၁ ) နိုင်ငံသားစိစစ်ရေးကတ်တွင် ပြင်ရာဖျက်ရာများ ရှိ၊ မရှိ၊
( ၂ ) ထုတ်ပေးသည့်ကာလအပေါ်မူတည်၍ နိုင်ငံသားစိစစ်ရေးကတ်အရောင်တောက်ပနေခြင်း သို့မဟုတ် အရောင်မှေးမှိန်နေခြင်း ရှိ၊ မရှိ၊
( ၃ ) ဆက်သွယ်ဆောင်ရွက်သူနှင့် နိုင်ငံသားစိစစ်ရေးကတ်ပါ ဓာတ်ပုံတူညီမှု ရှိ၊ မရှိ၊
( ၄ ) တိုင်းဒေသကြီး/ပြည်နယ်အမှတ်စဉ်ကိန်းဂဏန်းများ၊ မြို့နယ်ကိုယ်စားပြုအတိုကောက်အမည်များမှန်ကန်မှု ရှိ၊ မရှိ(ဥပမာ- ၁/ မကန(နိုင်) သို့မဟုတ် ၁၂/ မကန(နိုင်))၊
( ၅ ) ဆက်သွယ်ဆောင်ရွက်သူ၏ လက်ရှိနေရပ်လိပ်စာမှာ အမှန်တကယ်နေထိုင်ခြင်း ရှိ၊ မရှိနှင့် နိုင်ငံသားစိစစ်ရေးကတ်တွင် ဖော်ပြထားသောလိပ်စာများမှန်ကန်မှု ရှိ၊ မရှိ (ဥပမာ-မြို့တစ်ခုတွင် ရပ်ကွက် ၁၂ ရပ်ကွက်သာရှိသော်လည်း ၁၃ ရပ်ကွက်ဟုဖော်ပြထားခြင်း)၊
( ၆ ) အသက်အရွယ်နှင့်စပ်လျဉ်း၍ နိုင်ငံသားစိစစ်ရေးကတ်ပါ မွေးသက္ကရာဇ်များအရ အသက်အရွယ်နှင့် ဆက်သွယ်ဆောင်ရွက်သူ၏ အသက်အရွယ်ဖြစ်နိုင်ခြင်း ရှိ၊ မရှိ၊
( ၇ ) နိုင်ငံသားစိစစ်ရေးကတ်ပါ ကိုယ်တွင်ထင်ရှားသောအမှတ်အသားများ အမှန်တကယ် ရှိ၊ မရှိ၊
( ၈ ) နိုင်ငံသားစိစစ်ရေးကတ်အတုဟု သံသယရှိပါက သက်ဆိုင်ရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးများ၏ ထောက်ခံစာရယူစေခြင်း သို့မဟုတ် ထုတ်ပေးထားခြင်း ရှိ၊ မရှိ အတည်ပြုချက်ရယူခြင်း။
“နိုင်ငံသားစိစစ်ရေးကတ်အတုများသည် သင့်အားအမှုအခင်းပြဿနာများထဲသို့ ဆွဲခေါ်နိုင်သည်၊ သတိထားပါ”
နိုင်ငံသားစိစစ်ရေးကတ်အတုနှင့်စပ်လျဉ်း၍ မည်သည့်ဥပဒေများဖြင့် အရေးယူခံရနိုင်သလဲနိုင်ငံသား စိစစ်ရေးကတ်အတုပြုလုပ်လျှင်ဖြစ်စေ၊ ပြုလုပ်ရန်အားပေးကူညီလျှင်ဖြစ်စေ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၂၁ အရ ထောင်ဒဏ်တစ်ဆယ့်ငါးနှစ်နှင့် ငွေဒဏ်ကျခံနိုင်သည်။ ယင်းအပြင် ရာဇသတ် ကြီးပုဒ်မ ၄၂၀၊ ၄၆၈၊ ပုဒ်မ ၄၇၁ တို့အရ တရားစွဲဆိုခံရနိုင်ပြီး ခုနစ်နှစ်ထိ ထောင်ဒဏ်ကျခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ကို ဒုစရိုက်သမား သို့မဟုတ် အကြမ်းဖက်သမားတစ်ဦးဦးအား ငှားရမ်းမိပါက ငှားလိုက်သူကာယကံရှင်အနေဖြင့် ပြစ်မှုကျူးလွန်သူကို အားပေးကူညီရာရောက်မည်ဖြစ်သည်။ မိမိ၏နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များ ကူးယူအတုပြုလုပ်ခံရပြီး ဒုစရိုက်လုပ်ငန်းများတွင် အသုံးချခံရပါက မလိုလားအပ်သည့် စုံစမ်းစစ်ဆေးမှုများခံရနိုင်သည်။ သို့ဖြစ်ရာ နိုင်ငံသားစိစစ်ရေးကတ်အတုများသည် မိမိအား အမှုအခင်းပြဿနာများထဲသို့ ဆွဲခေါ်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
ပြည်သူများအနေဖြင့် အခြားသူတစ်ဦးတစ်ယောက်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအား ကောက်ရ/တွေ့ ရှိပါကသက်ဆိုင်ရာမြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးသို့ သွားရောက်အပ်နှံရမည်ဖြစ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးပါက နီးစပ်ရာ ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးသို့ မိတ္တူထုတ်ပေးခွင့်ကိုကိုယ်တိုင်လျှောက်ထားရမည်။
“နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲခြင်းသည်နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသည်”
အချုပ်အားဖြင့်ဆိုသော် နိုင်ငံသားစိစစ်ရေးကတ်အတုများပြုလုပ်ခြင်းနှင့် အသုံးပြုခြင်းသည် ဥပဒေချိုးဖောက်မှုများ တိုးပွားလာစေနိုင်ပြီး အွန်လိုင်းလိမ်လည်မှုများအား အားဖြည့်ပေးနိုင်သည့်အပြင် နိုင်ငံတော်၏လုံခြုံရေးနှင့် ပြည်သူ့ယုံကြည်မှုကိုပါ ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ပိုမိုကောင်းမွန်သော လူမှုအသိုက်အဝန်းတစ်ခုတည်ဆောက်ရန်အတွက် နိုင်ငံသားတိုင်းသည် မိမိအားထုတ်ပေးထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ်များ၏ အရေးပါမှုကိုနားလည်သိရှိပြီး တာဝန်ရှိရှိထိန်းသိမ်းအသုံးပြုသင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
MWD Web Portal