အစ္စရေး-အီရန်စစ်ပွဲ နောက်ဆုံးရသတင်းများနှင့် မျှော်မှန်းထားနိုင်တဲ့ အဆိုးဆုံးသော အခြေအနေများ

Posted_Date

Image

အစ္စရေး-အီရန်စစ်ပွဲ နောက်ဆုံးရသတင်းများနှင့် မျှော်မှန်းထားနိုင်တဲ့ အဆိုးဆုံးသော အခြေအနေများ

Body

ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းမှစလို့ အစ္စရေး နဲ့အီရန်နိုင်ငံတို့ကြား အပြန်အလှန်တိုက် ခိုက်မှုများဖြစ်ပေါ်နေတာကို အားလုံးသိပြီး ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ အစ္စရေးဘက်က တိုက်ခိုက်မှုများကြောင့် အီရန်ဘက်ကအထိနာခဲ့ရ ပေမယ့် ဇွန်လ ၁၃ ရက်ညပိုင်းနဲ့ဇွန်လ ၁၄ ရက်မှာ တော့ အီရန်ဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုများကို ထိရောက်မှုရှိစွာလုပ်ဆောင်ထားနိုင်တာ တွေ့ရှိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေဟာ ကမ္ဘာ့နိုင်ငံရေးကို ကြိုးကိုင်နေသူများနဲ့ အကျိုးစီးပွားတူညီသူများအတွက်တော့ ရေရှည်မှာ အမြတ်ထွက်ကောင်း ထွက်နိုင်ပေမယ့် လက်တလောမှာတော့ သေကျေ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အနိဋ္ဌာရုံတွေကိုမြင်တွေ့နေရ ပါတယ်။ ဒါကြောင့် အစ္စရေးနဲ့အီရန်တို့ကြားဖြစ်ပွား တဲ့စစ်ပွဲကနေ ဘယ်လိုမျိုးအဆိုးဆုံး အခြေအနေများ ကိုမျှော်မှန်းထားနိုင်မလဲဆိုတဲ့ အချက်များကို ယနေ့ ဖော်ပြပေးချင်ပါတယ်။   ဒါတွေကို မဖော်ပြသေးမီ သူတို့နှစ်နိုင်ငံကြား တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရရှိထားတဲ့ သတင်းများကို အကျဉ်းချုပ်ပြီး ဦးစွာတင်ပြသွား ပါမယ်။

အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှု လုပ်ဆောင်အပြီး ဇွန်လ ၁၃ ရက်ညပိုင်းမှာ အီရန်က အစ္စရေးရဲ့ မြို့တော်ဖြစ်တဲ့ အဲအဗစ်မြို့လယ်ကို ဒုံးကျည်အစင်း ပေါင်း ၁၀၀ နီးပါးနဲ့ ပစ်ခတ်လိုက်ပါတယ်။ အဲဒီပစ်ခတ်မှုမှာ လူ ၄၁ ဦးဒဏ်ရာရရှိပြီး ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်ပေါ်ခဲ့တယ်လို့   အစ္စရေးတပ်မတော်နဲ့ အမျိုးသား အရေးပေါ်ဌာနက  ထုတ်ပြန်ထား ပါတယ်။

အီရန်ဘက်က ဒုံးကျည်တွေ ပစ်ခတ်လိုက်ပြီဆိုတာကို သိတာနဲ့တစ်ပြိုင်နက် အစ္စရေးနိုင်ငံအတွင်း အချက်ပေး ခေါင်းလောင်းသံတွေမြည်လာပြီးနောက် ပြည်သူများက ဗုံးဒဏ်ခံနေရာများသို့ သွားရောက် ပုန်းခိုကြပါတယ်။ အီရန်ရဲ့ဒုံးကျည်တော်တော်များများကိုတော့ အစ္စရေးဘက်ကကြားဖြတ် ပစ်ချလိုက်နိုင်ပေမယ့် ပျက်စီးသွားတဲ့ ဒုံးကျည်များရဲ့အစများ ထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားကြတာ ဖြစ်တယ်လို့ အစ္စရေးတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အစ္စရေးရဲ့ကနဦး တိုက်ခိုက်မှုအတွင်းမှာတော့ တီဟီရန်မြို့ရှိ ၁၄ ထပ်အိမ်ရာတစ်ခုကို ဒုံးကျည်ထိ မှန်သွားတဲ့အတွက် ကလေးငယ်အယောက် ၂၀ အပါအဝင် အနည်းဆုံးလူ ၆၀ ခန့်သေဆုံးသွားတယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနတစ်ခုက  ဇွန်လ  ၁၄ ရက်မှာထုတ်ပြန်ထားပါတယ်။ သေဆုံးကလေးငယ်များထဲမှာ အသက် ၉ လအောက်ရှိ‌ မွေးကင်းစကလေးငယ်များပင် ပါဝင်တယ်လို့ဆိုပါတယ်။

ဇွန်လ ၁၄ ရက် နံနက်အစောပိုင်းမှာ လုပ်ဆောင်တဲ့ အီရန်ရဲ့လက်တုံ့ပြန် တိုက်ခိုက်မှုမှာတော့ အစ္စရေးဘက်က ပြည်သူသုံးဦးသေဆုံးပြီး ၁၇၂ ဦးဒဏ်ရာရရှိ ထားတယ်လို့ အစ္စရေးနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါ့အပြင် အီရန်ဘက်က အစ္စရေးကို ဒုံးကျည်များနဲ့ ဆက်တိုက်ပစ်ခတ်မှုကို ငါးကြိမ်အထိလုပ်ဆောင်ပြီး တစ်ကြိမ်ပစ်ခတ်ရင် ဒုံးကျည်အစင်း ရေ ၁၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အီရန်က အစ္စရေးကို လက်တုံ့ပြန် တိုက်ခိုက်မှုထဲမှာ အစ္စရေးရဲ့ F-35 တိုက်လေယာဉ်နှစ်စင်းကို ပစ်ချလိုက်နိုင်တယ်လို့ အီရန်ဘက်က ထုတ်ပြန်ထားပေမယ့် အစ္စရေးက တော့ငြင်းဆိုထားပါတယ်။

ဇွန်လ  ၁၄ ရက်မှာ   အစ္စရေးက အီရန်နိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို တိုက်ခိုက်မှုတွေလုပ်တဲ့ အနေနဲ့ အီရန်ရဲ့ဒုံးပစ်လောင်ချာ အများအပြားကို ပစ်ခတ်မှုတွေ လုပ်ထားကြောင်း၊ အဲဒီဒုံးပစ် လောင်ချာတွေထဲမှာ မြေပြင်မှမြေပြင်ပစ်၊ မြေပြင်မှဝေဟင်ပစ် ဒုံးပစ်လောင်ချာတွေ ပါဝင်တယ်လို့ အစ္စရေး တပ်မတော်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အီရန်အနေနဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်နေဦးမယ်ဆိုရင်အီရန်နိုင်ငံကိုမီးလောင်တိုက်သွင်းပစ်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ထားပါတယ်။ အီရန်ကလည်း အစ္စရေးနိုင်ငံကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်လို့  အီရန်နိုင်ငံရဲ့ ဦးသျှောင် အယာတိုလာအလီခါမေနီက ကတိပြုထားပါတယ်။

အစ္စရေးဘက်က ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဖြစ်တဲ့ အမေရိကန်နဲ့ဗြိတိန်တို့လို မျိုးနိုင်ငံတွေက ပါဝင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်ဖွယ်ရှိတဲ့ အပေါ် အီရန်ဘက်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဲဒီသတိပေးချက်မှာ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံတို့အနေနဲ့ အစ္စရေးဘက်ကနေ ပါဝင်ကူညီပေးမယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလုပ်သွားမယ်လို့ သတိပေးထားတာပါ။ ဒီကိစ္စမှာ အီရန်ဘက်ကပစ် ခတ်လိုက်တဲ့ ဒုံးကျည်တွေကို အစ္စရေးဘက်ကနေ ကူညီပြီးကြားဖြတ်ပစ်ချမှု လုပ်ဆောင်ရာမှာ အမေရိကန်က ကူညီမှုတွေပေးနေတယ်လို့ သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ အီရန်တို့ရဲ့စစ်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများ အပါအဝင်နိုင်ငံတော်တော်များများက သူတို့နှစ်နိုင်ငံကို တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန် သည်းခံစိတ်မွေးကြဖို့ဖျောင်းဖျ ပြောဆိုနေတာတွေရှိပါတယ်။

ဒါပေမဲ့လည်း သူတို့ နှစ်နိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ တိုက်တွန်းမှုတွေကို နားထောင်မယ်လို့ ထင်ပါသလား။ တကယ်လို့များသူတို့အနေနဲ့ နားမထောင်ဘဲ စစ်ဆက်ဖြစ်မယ့် လမ်းကြောင်းကိုသာ ရွေးချယ်မယ်ဆိုရင်၊ ပဋိပက္ခကလည်း သူတို့နှစ်နိုင်ငံအပြင် တခြားနိုင်ငံတွေဆီကိုပါ ကူးစက်လာမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာနိုင်မလဲ ဆိုတာကို တွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့အခြေအနေတွေထဲမှာတော့ ကောင်းတာမပါနိုင်ပါဘူး။ ဆိုးဝါးလှတဲ့အခြေ အနေတွေပဲဖြစ်လာနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် မျှော်မှန်းထားနိုင်တဲ့  အဆိုးဆုံးသော အခြေအနေတွေက ဘာတွေဖြစ်မလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

အစ္စရေးက အီရန်ကိုတိုက်ခိုက်မှုမှာ အမေရိကန်ဘက်က ပါဝင်မှုတွေမရှိဘူးလို့ ငြင်းဆိုထားပေမယ့် အမေရိကန်တပ်ဖွဲ့တွေက အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အထူးတလည် ပြောနေစရာမလိုဘဲ ပါဝင်ကူညီပေးနေတယ်လို့ အီရန်ဘက်က ယုံကြည်ထားပါတယ်။ အမေရိကန်ဘက်က ဒီထက်ပိုပြီးကူညီမှုတွေပေးလာ မယ်ဆိုရင်တော့ အီရတ်နိုင်ငံအတွင်းရှိ အမေရိကန် အထူးတပ်ဖွဲ့စခန်းများ၊ ပင်လယ်ကွေ့ဒေသရှိ စစ်စခန်းများနဲ့  ဒေသတွင်းရှိ အမေရိကန်သံရုံးများကဲ့သို့ အမေရိကန်ရဲ့ပစ်မှတ်များကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်လာနိုင်ပါတယ်။

ဒီလိုမျိုးအခြေအနေ ဖြစ်လာနိုင်တယ်လို့ အမေရိကန်ဘက်က ကြိုတင်တွက်ဆထားပုံပါပဲ။ ဒါကြောင့်လည်းဒေသတွင်းမှာရှိတဲ့ သံရုံးများမှဝန်ထမ်းတော်တော်များများကို အမေရိကန်အစိုးရကပြန်ခေါ်ထားတာပါ။ ဒါ့အပြင် ဒီလိုမျိုးတိုက်ခိုက်လာမယ်ဆိုရင် အီရန်အနေနဲ့ ပြင်းထန်တဲ့ လက်တုံ့ပြန်တိုက်ခိုက်မှု နောက်ဆက်တွဲဆိုးကျိုးကို ခံစားရလိမ့်မယ်ဆိုပြီး အမေရိကန်ဘက်က သတိပေးထားပါတယ်။

အစ္စရေးနဲ့အီရန်စစ်ဖြစ်တဲ့ အခြေအနေမှာ အမေရိကန်ဆီမှာသာဗုံးကြဲလေယာဉ်များနဲ့ ဘန်ကာဖျက်ဗုံးများကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အစ္စရေးကအဲဒီစစ်ရေးစွမ်းရည်များကို လိုချင်နေတာပါ။ ဒါမှသာ အီရန်ရဲ့မြေအောက် နျူကလီးယားစက်ရုံတွေကို ပစ်ခတ်ဖျက်ဆီးနိုင်မယ်လို့ အစ္စရေးဘက်က ယူဆထားပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ အနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ထာဝရစစ်ပွဲဖြစ်ပွားမှုကို ဘယ်တော့မှစတင်မှာ မဟုတ်ဘူးလို့ဆိုထားပါတယ်။ သို့သော်လည်း အခုအခြေအနေက အမေရိကန်ဘက်က ဒီလိုစစ်ပွဲဖြစ်ပွားတာကို စတင်လာမှာမဟုတ်သော်လည်း စတင်ဖြစ်ပွားနေတဲ့ စစ်ပွဲထဲကိုတော့ ဝင်ကောင်းဝင်သွားနိုင်ပါတယ်။  ဒါကြောင့် တကယ်လို့သာ   ဒီစစ်ပွဲမှာအမေရိကန်က ပါဝင်လာမယ်ဆိုရင်  သံသရာမဆုံးနိုင်တဲ့ တင်းမာမှုကြီးဖြစ်လာမှာတော့ အသေအချာပါပဲ။

ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် လက်ရှိမှာကိုပဲ ကမ္ဘာ့ရေနံဈေးနှုန်းကမြင့်တက်နေပါပြီ။ အီရန်က ဟော်မုရေလက်ကြား ကိုပိတ်လိုက်မယ်ဆိုရင် ကမ္ဘာ့ကုန်စည်စီးဆင်းမှုကလည်း ရပ်တန့်လုနီးပါး ဖြစ်သွားနိုင်ပါတယ်။ ပင်လယ်နီအတွင်းမှာဆိုရင်လည်း ဟူသီနဲ့ယီမင်တို့က အမေရိကန်လိုမျိုး နိုင်ငံတွေရဲ့ ကုန်စည်သင်္ဘောတွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်လာနိုင်ပါတယ်။

နောက်တစ်ခုက လက်ရှိအခြေအနေမှာကိုပဲ ကမ္ဘာ့စီးပွားရေး တိုးတက်မှုဆိုတာက အကျဘက်မှာပဲ ရှိနေသေးတာဖြစ်ပါတယ်။ ဒီအချိန်မှာ ရေနံဈေးနှုန်း မြင့်တက်မှုက ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေပြီးမတည်ငြိမ်မှုများကိုသာ ပိုမိုပေါ်ပေါက်လာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဖြစ်ပွားနေတဲ့စစ်ပွဲကို နှစ်ဦးနှစ်ဖက်ကြားမှာအပြန် အလှန်ညှိနှိုင်းခြင်းအားဖြင့် ပြီးဆုံးသွားပါစေလို့ ဆန္ဒပြုရုံမှတစ်ပါး အခြားမရှိတော့ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။       ။

MWD Web Portal