Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ
Posted_Date
Image

Body
ကလေးဆိုတာမျိုးက ထားသလိုနေတုန်းလေးသာ ချစ်စရာကောင်းတာ စကားကောင်းကောင်း ပြောတတ်လာပြီ။ လမ်းကောင်းကောင်းလျှောက်တတ်လာပြီဆိုရင် အိပ်နေချိန်သာ အိန်ဂျယ်လ်လေးနှင့်တူတာ နိုးပြီး တောက်တောက် တောက်တောက် လျှောက်သွားတာနှင့် မေမေဖေဖေတို့ခမျာ သူ့နောက် တကောက်ကောက်လိုက်ရင်း ထိန်းရတာ အတော်ကို မလွယ်တာနော်။ နောက်ပြီး ဒီအရွယ်မှာ မိဘက ဒါဆို မဒါတော့ဘူး။ ဟင့်အင်းပေါင်း များစွာ လုပ်တတ် လာကြပါသည်။ အဆိုပါကာလလေးကို ကလေးကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Terrible Two လို့ အမည်တပ်သတဲ့။ ဒီလို သားသားမီးမီးတို့ကို ထိန်းရသိမ်းရခက်သည့် Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ဖေဖေမေမေတို့ သိပြီးရဲ့လား! မသိသေးဘူးဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးထား တာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။
Terrible Two ဆိုတာ ဘာများပါလိမ့်
Terrible Two ဆိုတာက ကလေးတစ်ယောက်၏အသက် ၁ နှစ်ခွဲ ၂ နှစ်ဝန်းကျင်ကနေ ၄ နှစ်ကျော် ၅ နှစ်တာ အတွင်းမှာ တွေ့ကြုံရနိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ အပြောင်းအလဲပါ။ ဒီအချိန်မှာ ကလေးက မကြာခဏ စိတ်တိုစိတ်ဆတ်တာ၊ ဘာလုပ်ပေးပေး စိတ်တိုင်းမကျတာမျိုးနှင့် ဖေဖေမေမေ နားလည်ရခက်သည့် အပြုအမူလေးတွေကို ပြုမူတတ်ကြပါသည်။
ခုလေးတင် အရမ်းသဘောကျတယ်ဆိုသည့် အရုပ်နှင့် ပျော်ပျော်ရွှင်ရွှင် ဆော့နေရာက တော်ကြာနေတော့ မကြိုက် တော့ဘူး စိတ်တိုတယ်ဆိုပြီး အရုပ်ကို ထကောက်ပစ်တာမျိုး၊ လူကြားထဲမှာ သူလိုချင်တာမရလို့ လှဲချပြီး အော်ငို ပစ်တာမျိုး ဂျစ်ကျတာမျိုးတွေကို လုပ်တတ်သည့် အရွယ်ပေါ့။
ဒီလို ဖြစ်ရတာက ကလေးက စိတ်ခံစားမှု အပြောင်းအလဲမြန်တာ၊ စိတ်ရှုပ်တာမျိုးတွေနှင့် သူကိုယ်တိုင်တောင် နားမလည်ဘဲ ရှုပ်ထွေးလှသည့် ခံစားချက်တွေကို ခံစားနေရတာကြောင့်လည်း ဖြစ်ပါသည်။ ထိုအရွယ်မှာ ကလေးက သိချင်တာတွေ များနေသလို သူကိုယ်တိုင်က သူသိချင်တာတွေ နောက်ကို မနည်းမီအောင် လိုက်ရင်း သူဖြစ်ချင်တာ၊ သူ့စိတ်ခံစားချက်တွေကို နားမလည်တာကြာင့် မေမေဖေဖေတို့အပေါ်မှာ ဂျစ်ကျသလို ဖြစ်ရတာပါ။
နားလည်လွယ်အောင် ပြောပြရရင် မြန်ဆန်လှသည့် အပြောင်းအလဲမှာ အသားကျအောင် ကြိုးစားနေရသည့် အချိန်ပါ။ ဒါကြောင့် ဒီကာလမှာ ကလေးတိုင်းက ဒီလိုပဲ ဖြစ်တတ်တာမို့ မေမေဖေဖေတို့က စိတ်ရှည်ရှည်နှင့် ကလေးကို ကူညီ ဖို့တော့ လိုပါမည်။
သားသားမီးမီး Terrible Twos ခံစားနေရတာလား
သားသားမီးမီးတို့မှာ Terrible Twos ခံစားနေရပြီဆိုရင် အခုလို အပြုအမူလေးတွေ တွေ့ရနိုင်ပါသည်။
ဟင့်အင်းကို တွင်တွင်သုံးမည် – အဆိုပါကာလမှာ မြင်သာတာ တစ်ခုက ဒါလေး လုပ်ပါလားဆိုလည်း မလုပ်ချင်ဘူး။ ဒါစားဆိုရင် ဟိုဟာစားချင်တာဆိုမျိုး ဒါမှမဟုတ်လည်း မစားဘူးဆိုတာမျိုး လုပ်တတ်လာပြီ။ မိဘက အိပ်တော့ ပြောရင်တောင် ထဆော့နေတာမျိုးပေါ့။ လူကြီးက ဒါဆို၊ သူတို့က ဟိုဟာ လုပ်ရမှာကျေနပ်တယ်လို့ မေမေဖေဖေတို့ ညည်းတွားကြသည့် ကာလပေါ့။
စိတ်တိုလွယ်မည်– အဆိုပါကာလက အရာရာကို အလွယ်တကူ စိတ်တို ပေါက်ခွဲရင်း သူတို့လေးတွေ၏ စိတ်ရှုပ် ထွေးမှုကို ဒေါသအဖြစ် ပြောင်းလဲပြသတတ်သည့် အရွယ်ပေါ့။ စိတ်တိုင်းမကျမှု များနေတတ်သလို စိတ်တိုလွယ်ကြ ပါသည်။
စကားနားမထောင်ကြဘူး – အဆိုပါကာလမှာ မေမေဖေဖေပြောသမျှကို လိုက်လုပ်တာမျိုး မဟုတ်ဘဲ သူတို့ လုပ်ချင်တာ၊ စားချင်တာ၊ သွားချင်တာကို မလုပ်ရရင် ငိုတာမျိုး၊ ဂျီကျနေတာမျိုးတွေ လုပ်တတ်ကြပါပြီ။ ပုံမှန် လိုက်နာ နေကျ အရာလေးတွေကိုတောင် မလိုက်နာတော့တာမျိုးပေါ့။
ရန်လိုသည့် အပြူအမူတွေ လုပ်လာမည် – အဆိုပါအရွယ်မှာ ရွယ်တူ အချင်းချင်းကို ဖြစ်ဖြစ်၊ လူကြီးတွေကို ဖြစ်ဖြစ် ရိုက်တာ၊ ကိုက်တာမျိုးတွေကို လုပ်တတ်ကြသလို ပစ္စည်းတွေကို ပေါက်ခွဲတာ၊ အရုပ်တွေကို ချိုးပစ်တာမျိုးတွေ လုပ်လာတတ်ကြပါသည်။
အခုဆိုရင် Terrible Twos ကဘာလဲ။ ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာကို သိပြီဆိုတော့ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ဆက်ပြောပြပေးမယ်နော်။
Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ
Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲဆိုတော့ ကလေးကို စိတ်ဖိစီးမှု ကင်းနိုင်သမျှ ကင်းအောင် ထားတာပါ။ ဒီလို ပြောလို့ ကလေးကို အလိုလိုက်ပြီး သူလုပ်ချင်တာ အကုန်ပေးလုပ်ရမှာလားဆိုတော့ ဟုတ်ပါဘူး။ ကလေးကို ဖိအား မပေး၊ အပျက်သဘောမဆောင်ဘဲ အပြုသဘောဆောင်သည့် အရာတွေနှင့်ပဲ ထိတွေ့စေတာက ကလေးအတွက်ရော မေမေ ဖေဖေတို့အတွက်ရော ပိုမိုလွယ်ကူမှာပါ။
စည်းကမ်းနှင့် တစ်ဖက်ကနေ ထိန်းကျောင်းပေးဖို့ လိုသလို ကလေးနှင့်အပြိုင် စိတ်ဆိုးဒေါသထွက်တာမျိုးတွေ မလုပ်မိဖို့ လိုပါသည်။ ထို့ကြောင့် ကလေးကို အဆိုပါကာလတွင်
ကလေး အသားကျနေပြီဖြစ်သည့် အနေအထားကို ထိန်းထားပေးပါ
ကလေးက ယင်းကာလမှာ စိတ်ခံစားမှု အပြောင်းအလဲကို ဖြေရှင်းနေရင်း ထပ်တိုး စိတ်ဖိစီးတာမျိုး မဖြစ်စေဖို့ သူတို့လေးတွေ၏ တစ်နေ့တာကို သူတို့လေးတွေ အသားကျပြီးသား အခြေအနေမျိုးဖြင့် ကျော်ဖြတ်နိုင်ဖို့ လုပ်ဆောင် ပေးပါ။
အိပ်ချိန်၊ စားချိန်၊ ကစားချိန်တွေကို အချိန်မှန်စေဖို့ ဂရုစိုက်ပေးပါ
ကလေးကို နံနက်စာ၊ နေ့လယ်စာ၊ ညစာတွေကို အချိန်လေးတွေ တိတိကျကျ သတ်မှတ်ပေးထားပြီး အချိန်မကျော် စေဘဲ ပြင်ဆင်ပေးတာ၊ ကစားချိန်မှာ ပေးကစားတာ၊ အိပ်ရာဝင်ချိန်ကို တိတိကျကျ သတ်မှတ်ပေးတာကလည်း ကလေးကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုကနေ အတိုင်းအတာ တစ်ခုအထိ သက်သာစေပြီး Terrible Two ကာလကို ကောင်းကောင်း ကျော်ဖြတ်နိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
ကလေးကို ရွေးချယ်ခွင့်ပေးပါ
ကလေးကို နံနက်စာကစလို့ သူ့အတွက် ပြင်ဆင်ပေးသည့် အရာရာတိုင်းကို သူစိတ်ကြိုက် ရွေးချယ်ခွင့်ပေးပါ။ ဥပမာ –နံနက်စာကို နို့နှင့် ပေါင်မုန့်စားမလား။ ဒါမှမဟုတ် ထမင်းကြော်စားမလား စသဖြင့်ပေါ့။ ရေခွက်ကိုဆိုရင်လည်း ဘယ်အရောင်ခွက်နှင့် သောက်မလဲ။ အဝတ်အစားဆိုရင်လည်း ဘာလေးဝတ်ချင်လဲ စသဖြင့်ပေါ့။
ကလေးကို စိတ်ခံစားချက်တွေအကြောင်းတွေ နားလည်အောင် ပြောပြပေးပါ
ကလေးက တစ်ခုခုကို စိတ်တိုင်းမကျလို့ အော်ဟစ်ပေါက်ကွဲတာမျိုး လုပ်တဲ့အခါမျိုးမှာလည်း ကလေးကို ဆူတာ မျိုးထက် ကလေးကို နားလည်အောင် ပြောပြပေးပါ။
ဝမ်းနည်းတယ်ဆိုတာ ဘယ်လို၊ လိုချင်တာမရလို့ ဒေါသထွက်တယ်ဆိုတာ ဘယ်လိုမျိုး ဆိုတာကိုပေါ့။ စိတ်ခံစားချက် တွေကို နားလည်စေပြီး ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သင်ပေးတာမျိုးပါ။
ဥပမာ– သားသားလိုချင်တာ မရလို့ ဒေါသထွက်တာကို နားလည်တယ်။ ဒါပေမဲ့ ဒေါသထွက်တိုင်း ပစ်လှဲပြီး အော်ဟစ် တာမျိုး မလုပ်ရဘူးဆိုတာမျိုးပေါ့။ ကလေးခံစားချက်ကို ကိုယ်က နားလည်ပါတယ်ဆိုသည့် သဘောမျိုး ပြသပြီး ဖြည်းဖြည်းချင်း သင်ပေးရမှာပါ။
ကလေးကို စိတ်ပျော်စေမှာလေးတွေ လုပ်ပေးပါ
ဒီကာလမှာ ကလေးက အပြုအမူ ဆန်းလေးတွေကို လုပ်တတ်ကြပါသည်။ ဥပမာ – စကားကို ပြောင်းပြန်ပြောတာမျိုး၊ သီချင်းတွေကို သက်သက် မှားအောင် အော်ဆိုတာမျိုးတွေပေါ့။ လူကြီးတွေအတွက် ပေါတောတော အပြုအမူလို့ ထင်စရာ ရှိသော်လည်း သူတို့လေးတွေအတွက်တော့ ဒီလို အပြုအမူလေးတွေက စိတ်သက်သာရာ ရစေပါသည်။ ထို့ကြောင့် ကလေးနှင့် အတူတူ သီချင်းတွေ အော်ဆိုတာအပါအဝင် သူလုပ်နေသည့် အရာတွေကို အတူတူ လိုက်လုပ်ပေးလိုက်ပါ။
ကလေးကို တစ်ယောက်တည်း ပစ်မထားပါနှင့်
အဆိုပါကာလမှာ ကလေးက အရာရာကို စိတ်တိုင်းမကျ ဂျီကျနေတာက မေမေဖေဖေတို့ကို စိတ်ပင်ပန်း စေနိုင်သော် လည်း ကလေးကို ပစ်ထားတာမျိုး မလုပ်ပါနှင့်။ ဒီလို လုပ်တာက ကလေးကို အထီးကျန်စေပြီး စိတ်ခံစားမှုပိုင်းမှာ ထိခိုက်တာမျိုးတွေ ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ကလေးက ပြောရခက်ရင်တောင် ကလေးကို တစ်ယောက်တည်း ပစ်ထားတာမျိုး မလုပ်ပါနှင့်။
အာဟာရပြည့်ဝစေဖို့ မမေ့ပါနှင့်
အဆိုပါကာလမှာ ကလေးက ဘာကိုမဆို မစားချင်ဘူးဆိုပြီး ငြင်းတာမျိုးတွေ၊ နည်းနည်းပဲ စားပြီး ဆက်မစားတာ မျိုးတွေ ရှိနိုင်ပါသည်။ ထိုအခြေအနေမှာ ကလေးက မစားဘူး ငြင်းနေရင်တောင် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေး ပါသည့် အဆိုပါကာလမှာ ကလေး အာဟာရ ပြည့်ဝဖို့ကလည်း တော်တော်လေးကို အရေးပါပါသည်။ ထို့ကြောင့် ကလေးကြီးထွားဖွံ့ဖြိုးရန် လိုအပ်မည့် အာဟာရတွေကို ပြည့်ဝစေရန် အစာအုပ်စုတွေကို စုံလင်အောင် ကျွေးပေးဖို့ လိုပါမည်။ ဥပမာ – ပရိုတင်း ပြည့်ဝစေဖို့ အသား၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ နို့နှင့် နို့ထွက်ပစ္စည်း၊ ဖော်မြူလာနို့ ဗီတာမင်တွေ ပြည့်ဝစေဖို့ အသီးအရွက်တွေ၊ သစ်သီးတွေ စသဖြင့်ပေါ့။ အကယ်၍ ကလေးက မေမေပြင်ဆင်ပေးသည့် ထမင်းနှင့် ဟင်းတွေကို စားဖို့ ငြင်းမည်။ နည်းနည်းပဲ စားတာမျိုးတွေ လုပ်နေလျှင် အာဟာရ မပြည့်မှာစိုးပါက တစ်ခွက်တည်းမှာတင် သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်သည့် ပရိုတင်း၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် နှင့် သတ္တုဓာတ်တွေ အပြင် Dual Fiber၊ DHA ပါဝင်နေသည့် ဖော်မြူလာနို့လေးကို ပြင်ဆင်ပေးတာကလည်း စားစရာ တွေကို မစားချင်ဘဲ ဘာကျွေးကျွေး ဟင့်အင်း ငြင်းတတ်သည့် သားသားမီးမီးတို့အတွက် အာဟာရလိုအပ်ချက် မရှိစေဖို့ ဖြည့်ဆည်းပေးမှာပါ။ ထို့ကြောင့် ကလေးကို ဘာကျွေးကျွေး ငြင်းတတ်သည့် အဆိုပါကာလတွင် ကလေး၏ နေ့စဉ်စားသုံးမှုမှာ ဖော်မြူလာနို့လေး ပါဝင်အောင် ပြင်ဆင်ပေးတာကလည်း နည်းလမ်းကောင်းပါ။
ကဲ …. အခုပြောပြခဲ့သည့် နည်းလမ်းလေးများဖြင့်Terrible Two ကာလကို ကလေးရော မေမေဖေဖေတို့ပါ အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေကြောင်း ……