အမှိုက်ခွဲခြားစွန့်ပစ်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်ကြစို့

Posted_Date

Image

အမှိုက်ခွဲခြားစွန့်ပစ်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်ကြစို့

Body

ယခုရက်သတ္တပတ်အတွင်းမှာ စွန့်ပစ်အမှိုက်တွေနဲ့ သက်ဆိုင်တဲ့သတင်းတွေကို သတင်းစာမျက်နှာပေါ်မှာ ဖတ်ရှုနေရပါတယ်။ စွန့်ပစ်ပစ္စည်း‌အမှိုက်တွေကို   စနစ်တကျခွဲခြား စွန့်ပစ်နိုင်ရေးအတွက် နိုင်ငံတစ်ဝန်းတွင်   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး   အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြော သရုပ်ပြပွဲ၊ အမှိုက်များအား အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်‌ရေး  အမှိုက်ပုံးအရောင်များ  ခွဲခြားသတ်မှတ်ခြင်း အသိပညာပေးဟောပြောပွဲ၊ အမှိုက်ခွဲခြားစွန့်ပစ်သည့် စနစ်အကောင်အထည်ဖော်ရေး အသိပညာပေးဟောပြောခြင်း၊ လက်‌တွေ့သရုပ်ပြခြင်း   စတဲ့ခေါင်းစဉ်အမျိုးမျိုးနဲ့ မြို့ကြီး‌တွေ၊ မြို့နယ်‌တွေမှာ ပြုလုပ်ဆောင်ရွက်နေကြတယ်။

အဲဒီအမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်နိုင်စေဖို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ပြီး သယံဇာတအရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချနိုင်ဖို့ အန္တရာယ်ကင်းသော စွန့်ပစ်မှုဖြစ်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အမှိုက်အမျိုးအစားအလိုက် စနစ်တကျခွဲခြား စွန့်ပစ်မယ်ဆိုရင် စွန့်ပစ်ပစ္စည်းတွေက  ပြန်လည်အသုံးပြုနိုင်တဲ့ အရာတွေကိုခွဲထုတ်နိုင်တာ၊  သဘာဝအရင်းအမြစ်တွေကို ထိထိရောက်ရောက် အသုံးချနိုင်တာ၊ စွန့်ပစ်ပမာဏ လျှော့ချနိုင်တာ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ကျစေနိုင်တာ၊ ကျန်းမာရေး အန္တရာယ်ကို လျှော့ချပေးတာ၊  အမှိုက်စိုတွေက သဘာဝမြေဆွေးပြုလုပ်နိုင်တာ၊  စွန့်ပစ်ပလတ်စတစ် ပစ္စည်းတွေကို  အခြားအသုံးဝင်တဲ့ ပစ္စည်းတွေအဖြစ်  ပြန်လည်ပြုပြင် ထုတ်လုပ်သုံးစွဲမယ်ဆိုရင်   အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်တာ  စတဲ့အကျိုးကျေးဇူးတွေ ရရှိခံစားကြရမှာဖြစ်ပါတယ်။

ခြောက်သွေ့တဲ့ စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သား စတဲ့စွန့်ပစ်ပစ္စည်း‌တွေကို အမှိုက်ခြောက်အဖြစ် သတ်မှတ်‌ပေးထားပါတယ်။  အဲဒီအမှိုက်ခြောက်ကို စွန့်ပစ်ဖို့ကတော့   အဝါရောင်အမှိုက်ပုံးဖြစ်ပါတယ်။

အမှိုက်စိုတွေက‌တော့   မီးဖိုချောင်ထွက်ပစ္စည်းတွေနဲ့ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းတွေ စတဲ့စွန့်ပစ်ပစ္စည်း‌တွေပါပဲ။ အဲဒါတွေစွန့်ပစ်ဖို့အတွက် အစိမ်းရောင် အမှိုက်ပုံးကို သတ်မှတ်‌ပေးထားပါတယ်။

ပလတ်စတစ်အမှိုက်အတွက်ကတော့ အပြာရောင်အမှိုက်ပုံးမှာ စွန့်ပစ်ရမှာပါ။ လျှပ်စစ်နဲ့ဓာတုဆိုင်ရာ  ဘေးအန္တရာယ်ပစ္စည်း အမှိုက်တွေဆိုရင်‌ အနီရောင်အမှိုက်ပုံးကို ရွေးချယ်စွန့်ပစ်ကြရမှာဖြစ်ပါတယ်။ 

အမှိုက်တွေကိုအမှိုက်ပုံး အရောင်ခွဲခြားကာ စွန့်ပစ်တဲ့အလေ့အထ‌ကောင်းဖြစ်လာအောင်   လေ့ကျင့်အသိပညာ ပေးတာတွေကို လုပ်ဆောင်ပေးနေပါတယ်။ အမှိုက်ကို အရင်ဆုံးရွေးချယ် ခွဲခြားရပါမယ်၊ ပြီးရင် စွန့်ပစ်ရမယ့် အမှိုက်ပုံးအရောင်ကို ထပ်ပြီးရွေးရပါမယ်၊  ပြီးမှ ဟုတ်ပြီဆိုမှစွန့်ပစ်ရမှာပါ။  ဒီလိုလုပ်‌ရင်ရမယ့် အကျိုးကျေးဇူးတွေက  တန်ဖိုးကြီးမားလှပါတယ်။

နိုင်ငံတစ်ဝန်း မြို့ရွာအသီးသီးက  နေ့စဉ်စွန့်ပစ် အမှိုက်ထွက်ရှိမှုဟာ သိသိသာသာများပြားလျက်ရှိနေပါတယ်။ ထွက်ရှိမှုပိုပိုပြီး တိုးလာသလို စည်းကမ်းမဲ့ဖြစ်သလို စွန့်ပစ်တာတွေကလည်း ပိုများလို့လာပါတယ်။ ကျွန်တော်တို့အပါအဝင် မြို့ရွာအသီးသီးမှာ‌ နေထိုင်သူတွေဟာ အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းတွေ မရှိသလောက်ပါဘဲ။  အတော်များများက မသိတာ အားနည်းတာ လိုအပ်တာတွေ ရှိနေသလို နည်းလမ်းတကျ စနစ်တကျစွန့်ပစ်ပစ္စည်း သိမ်းဆည်းမှုစနစ်၊  သယ်ဆောင်မှုစနစ်နဲ့  စွန့်ပစ်မှုစနစ်တွေလည်းမရှိဘူးလို့‌တောင် ပြောနိုင်ပါတယ်။ အဲဒီအကျိုးဆက်က နိုင်ငံအတွင်း စည်းကမ်းမဲ့စွန့်ပစ်တဲ့ အမှိုက်တွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။  မြေဆီလွှာ၊ မြစ်ချောင်း၊ ရေအရင်းအမြစ်တွေမှာ ဆိုးကျိုးတွေဖြစ်စေတယ်၊ သက်ရောက်စေတယ်။ စုပုံစွန့်ပစ်ထားတဲ့နေရာက ထွက်လာသော ရေဆိုး၊ စွန့်ပစ်ပစ္စည်းတွေ မီးရှို့လို့ လေထုညစ်ညမ်းမှုတွေက မြေထု၊ ရေထု၊ လေထု ညစ်ညမ်းစေပါတယ်။ အဲဒီညစ်ညမ်းမှု‌တွေက ပြည်သူတွေရဲ့ကျန်းမာရေးကို သိသိသာသာ ထိခိုက်စေတာအမှန်ပါပဲ။ သတိပြုကြရမှာဖြစ်ပါတယ်။

အဲဒီစွန့်ပစ်အမှိုက်ပြဿနာကို မြို့ပြစည်ပင် သာယာရေးအဖွဲ့တွေက နေ့စဉ်‌ရက်ဆက်ဆိုသလို ဖြေရှင်းပေးနေပါတယ်။ ဒါပေမဲ့ ဖြေရှင်းလို့မဆုံးတဲ့အပြင်  စွန့်ပစ်အမှိုက်ရဲ့ကြီးမားတဲ့ စိန်ခေါ်မှုကို‌တောင် ပြန်ခံစားနေရပါတယ်။ မြို့ကြီးတွေ၊ မြို့ပေါ်တွေမှာသာမက  ကျေးရွာတွေမှာလည်း စွန့်ပစ်အမှိုက်ဆိုတာဘာလဲလို့ မေးရတော့မှာပါ။   ကြုံရင်ကြုံသလို တွေ့တဲ့နေရာမှာ စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်‌နေကြတယ်။ အမှိုက်ပြဿနာကို  ဘယ်လိုနည်းလမ်းကောင်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းကြမှာလဲ။ အဖြေရှာကြဖို့လိုနေပြီဖြစ်ပါတယ်။

အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်တဲ့ အစီအစဉ်ကို  အရင်တုန်းကတည်းက   အကောင်အထည်ဖော် လုပ်ဆောင်‌စေခဲ့တယ်။  လိုက်နာဆောင်ရွက်မှု အားနည်းခဲ့သလို အဲဒီအစီအစဉ်ကို အစဉ်တစိုက် လုပ်စေဖို့ ထိန်းကျောင်းပေးမယ့် သူတွေရဲ့ အားနည်းချက် လိုအပ်ချက်တွေကလည်း များခဲ့လို့ အောင်မြင်မှုရဖို့ဝေးခဲ့ရတယ်။

အခုလည်း အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်များသတ်မှတ်ပြီး   ခွဲခြားစွန့်ပစ်ကြစေဖို့ သရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်တဲ့  လှုပ်ရှားမှုတွေ အခမ်းအနားတွေ လုပ်နေကြပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက မြို့ကြီး‌တွေ၊ မြို့နယ်တွေရဲ့ ဌာနဆိုင်ရာ ရုံးတွေ၊  အခြေခံပညာကျောင်းတွေနဲ့ ဈေးတွေမှာ စုပေါင်းအားနဲ့ လုပ်ဆောင်နေပါတယ်။ စွန့်ပစ်ပစ္စည်းများ  စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာဌာန အသီးသီးက ဦး‌ဆောင်ကာ ကြိုးစားလုပ်ဆောင်နေပါတယ်။ ပြည်သူအများရဲ့ လူမှုဘဝနဲ့ မြို့ပြဒေသဖွံ့ဖြိုး တိုးတက်သာယာလှပဖို့ကို များစွာအထောက်အကူပြုမယ့် အစီအစဉ်ကောင်းတစ်ခုပါပဲ။

ကျွန်တော်တို့ရဲ့ ရပ်ရွာ‌နေပြည်သူလူထုအားလုံးဟာ  အသိတရားရှိရှိနဲ့  ပူးပေါင်းပါဝင်လာဖို့ပဲ အရေးကြီးပါတယ်၊ လိုအပ်ပါတယ်။ စွန့်ပစ်ပစ္စည်း အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပြည်သူလူထု အများစုဟာ  အသိအမြင် ဗဟုသုတနည်းပါးတာ၊ အမှိုက်စွန့်ပစ်ကြရာမှာ  ဟိုးအချိန် အစဉ်အဆက် ကတည်းကဖြစ်သလို အလွယ်တကူ လုပ်ကိုင်တတ်တဲ့   အလေ့အကျင့်‌ဖျောက်ဖျက်လို့   မရဖြစ်တာ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို  လိုက်နာဆောင်ရွက်ဖို့ အားနည်းမှုတချို့ရှိနေသေးတာကြောင့် အခုလိုစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအစီအစဉ်၊   အမှိုက်အမျိုးအစားအလိုက်    အမှိုက်ပုံးအရောင်များသတ်မှတ်ပြီး  ခွဲခြားစွန့်ပစ်ကြဖို့အစီအစဉ်ကို       အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အခက်အခဲများ ရှိနိုင်ပါသေးတယ်။  

ဒီအစီအစဉ်ကို  တာဝန်ယူလုပ်ဆောင်ရတဲ့   ဌာနဆိုင်ရာတွေအနေနဲ့    အလုပ်သဘောမျိုးလုပ်တဲ့ အနေအထားမျိုးမဟုတ်ဘဲ ပြည်သူအများ အမြဲလိုက်နာပြုမူလုပ်ဆောင်ကြစေဖို့  အသိပညာ‌ပေး စည်းရုံးတာ၊  အနီးကပ်ကြပ်မတ် စစ်ဆေးတာတွေကို အလေးထား လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ အောင်မြင်မှုရလဒ်‌ကောင်း လိုချင်ရင် စေတနာပါပါနဲ့ကြိုးစားကြရပါမယ်။

အဲဒီအမှိုက်အမျိုးအစားအလိုက်  အမှိုက်ပုံးအရောင်တွေ သတ်မှတ်ပြီး  အမှိုက်ခွဲခြားစွန့်ပစ်တဲ့ အစီအစဉ်အောင်မြင်စေဖို့ မြို့ပြရောကျေးလက်မှာပါ နေထိုင်ကြတဲ့ ကျွန်တော်တို့ညီအစ်ကိုမောင်နှမတွေအားလုံး   အသိတရားကိုယ်စီနဲ့  အလေးထား ပူးပေါင်းပါဝင်ဆောင်ရွက်‌ပေးကြရမှာ ဖြစ်ပါတယ်။

 ဘယ်လိုပဲဖြစ်ဖြစ်ပါ  အခုတစ်ကြိမ် လုပ်ဆောင်နေတဲ့ အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်တွေသတ်မှတ်ပြီး ခွဲခြားစွန့်ပစ်တဲ့ အစီအစဉ်အောင်မြင်ဖို့ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြမယ်ဆိုရင် အောင်မြင်မှုရလဒ်ကောင်း တစ်ခုရရှိမှာသေချာပါတယ်။   အဲဒါကြောင့်   အဲဒီအစီအစဉ်လေး အောင်မြင်ဖို့အတွက်  “ဝါ စိမ်း နီ ပြာ ခွဲလို့ရယ်  အမှိုက်စွန့်ပစ်ကြမယ်”လို့ တိုက်တွန်းစကား ပြောလိုက်မိပါရဲ့။     ။

MWD