အိန္ဒိယသမုဒ္ဒရာအတွင်း Mayotte ကျွန်းစုကို ဆိုင်ကလုန်းမုန်တိုင်း Chido ဝင်ရောက်တိုက်ခတ်ခဲ့သောကြောင့် လူအများအပြား သေဆုံးနိုင်

News Image

  • အိန္ဒိယသမုဒ္ဒရာအတွင်း Mayotte ကျွန်းစုကို ဆိုင်ကလုန်း မုန်တိုင်း Chido ဝင်ရောက်တိုက်ခတ်ခဲ့သောကြောင့် လူအများအပြား သေဆုံးနိုင်

အာဖရိကနိုင်ငံ၏အရှေ့ဘက် ကမ်းလွန် အိန္ဒိယသမုဒ္ဒရာအတွင်းမှ ပြင်သစ်နိုင်ငံ၏ပိုင်နက်ဖြစ်သော Mayotte ကျွန်းစုကို ဒီဇင်ဘာ ၁၄ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။ 

ဒီဇင်ဘာ ၁၄ ရက်နေ့က ကျွန်းစုကို တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း Chido ကြောင့် လူရာနှင့်ချီ သေဆုံးဖွယ်ရာရှိကြောင်းနှင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း Mayotte တာဝန်ရှိသူများက ဒေသခံမီဒီယာကို ပြောကြားခဲ့သည်ဟုသိရသည်။

Reuters သတင်းဌာနက ၎င်းမုန်တိုင်းသည် နှစ်ပေါင်း ၉၀ကျော်အတွင်း ကျွန်းစုကို ဝင်ရောက်တိုက်ခတ်သည့် အပြင်းထန်ဆုံးမုန်တိုင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မုန်တိုင်းဒဏ်ကြောင့် သစ်ပင်များ အမြစ်မှ ကျွတ်ထွက် လဲပြိုခဲ့ပြီး အိမ်များ၊ အခြားအဆောက်အဦများ ပြိုလဲမှုနှင့်အတူ ကြီးမားသောအပျက်အစီးများ ဖြစ်ပေါ်ခဲ့ရသည်။

ဆေးရုံများနှင့် လေဆိပ်များလည်း ပျက်စီးနေပြီး အချို့နေရာများတွင် လျှပ်စစ်မီးပြတ်တောက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကာ ရေ၊ အစားအစာနှင့် ဆေးဝါးများ ပေးပို့ရာတွင် အဟန့်အတား ဖြစ်နေကြောင်း ပြင်သစ် မီဒီယာများက ဖော်ပြထားသည်။

စစ်သားများနှင့် မီးသတ်သမားများက မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ပြင်သစ်အစိုးရက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဝန်ထမ်း အင်အားပိုမိုချထားရေး အပါအဝင် ပံ့ပိုးကူညီမှုများ ထပ်မံပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုးကား-NHK World