မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိရေး ဖျောက်ဆိပ်ကျေးရွာအဝင်လမ်းအား ကွန်ကရစ်ခင်းပေး
ကျောက်ဆည်၊ ဩဂုတ်-၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့ပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖျောက်ဆိပ်ပင်ကျေးရွာ အဝင်လမ်း အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးလျက်ရှိရာ (၂၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအဝင်လမ်းသည် ကျောက်ဆည်-စက်မှုဇုံ၊-ခရိုင်ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသော လမ်းဖြစ်ပြီး ကျေးရွာသူ/ကျေးရွာသားများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍမျိုးစုံ အသုံးပြုလျက်ရှိသည့်အတွက် ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၂၃.၀၉)ကျပ်သန်း အကုန်အကျခံကာ winner myanmar ကုမ္ပဏီမှ (၂လက်မx၄လက်မ)ကျောက်များဖြင့် ထု(၆)လက်မ၊ အကျယ်(၁၄)ပေ ကျောက်သားထု ခင်းပြီး ၎င်းကျောက်သားလမ်းပေါ်တွင် အကျယ်(၁၂)ပေ၊ ထု(၇)လက်မ ကွန်ကရစ်ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် လမ်းရေရှည် တည်တံ့ရေးနှင့်အရည်အသွေးပြည့်မီရေး မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက ဖျောက်ဆိပ်ပင်ကျေးရွာမှ ကျေးရွာမှ အိမ်ခြေ (၁၀၀၇)အိမ်၊ လူဦးရေ(၆၅၉၈)ဦးတို့၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် အခြားကျေးရွာပြည်သူများနှင့် ကူးလူး ဆက်သွယ်ရာ၌ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)