လာမည့် ၂၀၂၅ ခုနှစ်သည် ငြိမ်းချမ်းပြီး တရားမျှတမှု ရှိမည့်နှစ်ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပုပ်ရဟန်းမင်းကြီး နှစ်သစ်ကူးဆုတောင်း
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် (၅၈)ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အတွက် ပုပ်ရဟန်းမင်းကြီး Francis က “ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ငြိမ်းချမ်းမှုကိုဆောင်ကြည်း ပေးတော်မူပါ” ခေါင်းစဉ်ဖြင့် ဆုတောင်း သဝဏ်လွှာပေးပို့လိုက်ပါသည်။
အဆိုပါသဝဏ်လွှာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ဘာတီကန်၌ လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိကမ္ဘာ တစ်ဝှမ်းဖြစ်ပေါ်နေသည့် ပြဿနာများနှင့်စပ်လျဉ်း၍ လာမည့်နှစ်သစ်ကူးအတွက် အဆိုပြုချက် (၃)ရပ်ကို ဆုတောင်းခဲ့ပါသည်။ ထိုအဆိုပြုချက်(၃)ရပ်မှာ နိုင်ငံခြား ကြွေးမြီများကို ပယ်ဖျက်ရေး၊ သေဒဏ်စနစ်ဖျက်သိမ်း ပေးရေး၊ ငတ်မွတ်ခေါင်းပါးမှု ပပျောက်စေရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေတစ်ရပ်ဖန်တီးပေးရေးတို့ဖြစ် ပါသည်။
၂၀၂၅ ခုနှစ်သည် မျှော်လင့်ချက်နှင့် ဘုရားသခင်၏ ကရုဏာတော်အတွက် ရည်စူးထားသည့် နှစ်တစ်နှစ် ဖြစ်ကြောင်း၊ ယုံကြည်ခြင်းနှင့် စည်းလုံးညီညွတ်မှုကိုအသစ်တဖန်ပြုလုပ်မည့် အချိန်ကာလအခါသမယ ဖြစ်ကြောင်း ၎င်းက ပြောကြားထားပါသည်။
ကိုးကား - Exaudi