လူနာမှတ်တမ်းဖိုင်များကို မုန့်ထုပ်သည့်အိတ်များအဖြစ် အသုံးပြုမှုကြောင့် ထိုင်းနိုင်ငံ ရှိ ဆေးရုံတစ်ရုံကို ဒဏ်ငွေချမှတ်
ထိုင်းနိုင်ငံရှိ အကြီးစားပုဂ္ဂလိက ဆေးရုံတစ်ခုအား လူနာမှတ်တမ်း စာရွက်စာတမ်းများကို မုန့်ထုပ်သည့်အိတ်အဖြစ် အသုံးပြုမှု တွေ့ရှိရသည့် ဖြစ်စဉ်ကြောင့် ဘတ်ငွေ ၁.၂ သန်း ဒဏ်ငွေချမှတ်ခဲ့ကြောင်း နိုင်ငံ၏ အချက်အလက် စီမံထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်စဉ်သည် အစိုးရ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးကော်မတီ (PDPC) မှ ထုတ်ပြန်ခဲ့သည့် ဒေတာဥပဒေချိုးဖောက်မှုများအတွက် အရေးယူခံရသော အဖွဲ့အစည်း ၅ ခုအနက် တစ်ခု အပါအဝင်ဖြစ်သည်။
အမည်မဖော်လိုသော ဆေးရုံသည် ၎င်း၏လူနာမှတ်ပုံတင် စာရွက်စာတမ်း များကို ဒေသအခေါ် khanom Tokyo ဟုသိကြသည့် မုန့်ကြွပ်ထုပ်များ အဖြစ် အသုံးပြုနေသည်ကို တွေ့ရှိပြီးနောက် စစ်ဆေးခံခဲ့ရသည်။ကော်မတီ၏ စုံစမ်းစစ်ဆေးမှုအရ ဖျက်ဆီးရန်ပို့ဆောင်ပြီးနောက် ကန့်သတ် ထားသည့်ဖိုင်ပေါင်း ၁,၀၀၀ ကျော် ပျောက်ဆုံးနေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။
ဆေးရုံက စာရွက်စာတမ်းများကိုဖျက်ဆီးရန် မိတ်ဖက်လုပ်ငန်းငယ် တစ်ခုအား အပ်နှံခဲ့သော်လည်း နောက်ဆက်တွဲ ကြပ်မတ်မှု မပြုခဲ့ကြောင်း ဝန်ခံခဲ့သည်။ လုပ်ငန်းပိုင်ရှင်မှ အမှားကိုဝန်ခံကာ စာရွက်စာတမ်းများကို ၎င်း၏နေအိမ်တွင်သိမ်းဆည်းထားစဉ် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရှင်းလင်းခဲ့သည်။ PDPC မှ ဆေးရုံအား ဘတ်ငွေ ၁.၂၁ သန်း ဒဏ်ငွေ ချမှတ်ခဲ့ပြီး စာရွက်စာတမ်းဖျက်ဆီးရေးလုပ်ငန်းပိုင်ရှင်အား ဘတ်ငွေ ၁၆,၉၄၀ ဒဏ်ငွေချမှတ်ခဲ့သည်။
အခြားဖြစ်စဉ်တစ်ခုတွင် ပြည်သူ့အေဂျင်စီတစ်ခု၏ ဝက်ဘ်အက်ပ်လီကေးရှင်း ကို ဆိုက်ဘာတိုက်ခိုက်မှုခံရပြီး နိုင်ငံသား ၂၀၀,၀၀၀ ကျော်၏ ကိုယ်ရေး ကိုယ်တာအချက်အလက်များ ပေါက်ကြားမှုဖြစ်ပွားခဲ့ကြောင်း ကော်မတီ မှ ဖော်ထုတ်ခဲ့သည်။ အဆိုပါဒေတာများကို နောက်ပိုင်းတွင် တရားမဝင် အင်တာနက်တွင် ရောင်းချခဲ့သည်။ စုံစမ်းစစ်ဆေးမှုတွင် အားနည်းသော စကားဝှက်များ၊ အန္တရာယ်အကဲဖြတ်မှုမရှိခြင်းနှင့် ဝက်ဘ်အက်ပ် ရေးဆွဲသူ နှင့် ဒေတာစီမံခန့်ခွဲမှုသဘောတူညီချက်မရှိခြင်းစသည့် လုံခြုံရေးအားနည်းချက် များကို တွေ့ရှိခဲ့သည်။ အေဂျင်စီနှင့် ၎င်း၏ကန်ထရိုက် လုပ်ငန်းရှင်တို့အား စုစုပေါင်း ဘတ်ငွေ ၁၅၃,၁၂၀ ဒဏ်ငွေချမှတ်ခဲ့သည်။
အခြားဖြစ်စဉ် ၃ ခုတွင် အွန်လိုင်းလက်လီနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများမှ ဒေတာပေါက်ကြားမှုများပါဝင်ပြီး ဘတ်ငွေ ၅၀၀,၀၀၀ မှ ၇ သန်းအထိ ဒဏ်ငွေများချမှတ်ခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်မှစတင်၍ PDPC သည် ကိုယ်ရေးကိုယ်တာဒေတာချိုးဖောက်မှုဖြစ်စဉ် ၆ ခုကို ဖြေရှင်းခဲ့ပြီး စုစုပေါင်း ဘတ်ငွေ ၂၁.၅ သန်း ဒဏ်ငွေချမှတ်ခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂