ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်သို့ သွားရောက်မည်
ဂါဇာစီးတီး ဒီဇင်ဘာ ၁၉
ပါလက်စတိုင်းသမ္မတ မာမွန်အဘတ်စ်သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်သို့ သွားရောက်မည်ဖြစ်ကြောင်း ပါလက်စတိုင်း သံတမန်တစ်ဦးက ယမန်နေ့တွင် ပြောကြားသည်။
အဆိုပါ ခရီးစဉ်သည် ရလဒ်ကောင်းများထွက်ပေါ်ရန် အလားအလာရှိနေသည့် ဟားမက်စ်နှင့် အစ္စရေးတို့ကြားယာယီ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိစဉ် ထွက်ပေါ်လာြခင်း ဖြစ်သည်။
ဒီဇင်ဘာ ၁၉ ရက်တွင် ကိုင်ရိုမြို့တော်၌ ကျင်းပမည့် D-8 အဖွဲ့၏ (၁၁)ကြိမ်မြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် တက်ရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။
အီဂျစ်နိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး ဒီရယ်အယ်လ်လော့က အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အီဂျစ်သမ္မတ အယ်လ်စီစီက ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်အား ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ပါလက်စတိုင်း-အီဂျစ်တို့၏ ပူးပေါင်းကြိုးပမ်းမှုများတွင် ပါလက်စတိုင်းပြည်သူများအား စာနာထောက်ထားသောအားဖြင့် စစ်ပွဲများအဆုံးသတ်ရန်၊ အီဂျစ်နိုင်ငံ၏ အကာအကွယ်ကို သေချာစွာရရှိစေရန်၊ အကူအညီများပေးအပ်ရန်နှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်တည်ဆောက်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး ဒီရယ်အယ်လ်လော့က ပြောကြားသည်။
ပါလက်စတိုင်းနယ်မြေများကို အစ္စရေးက သိမ်းပိုက်ခြင်းအား အဆုံးသတ်ရန်နှင့် အပြည့်အဝ အချုပ်အခြာအာဏာပိုင်၊ ပထဝီဝင်အနေအထားအရ တစ်ဆက်တည်းရှိပြီး လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို ထူထောင်မည်ဖြစ်ပြီး အရှေ့ဂျေရုဆလင်ကို ၎င်း၏ မြို့တော်အဖြစ်သတ်မှတ်ရန် ကြိုးပမ်းမှုများကိုလည်း ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။
D-8 အဖွဲ့ကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးမဟာမိတ်အဖွဲ့ဖြစ်သည်။ ၎င်း၏ အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် တူကီယဲတို့ ပါဝင်သည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်
Source: ကြေးမုံသတင်းစာ