ဂျပန်၏ အကြီးဆုံးသော သတင်းစာတစ်စောင်က အမေရိကန် AI ကုမ္ပဏီ တစ်ခုကို တရားစွဲဆိုပြီး လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၅ သန်း တောင်းဆို

News Image

  • ဂျပန်၏ အကြီးဆုံးသော သတင်းစာတစ်စောင်က အမေရိကန် AI ကုမ္ပဏီ တစ်ခုကို တရားစွဲဆိုပြီး လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၅ သန်း တောင်းဆို

ဂျပန်၏ အကြီးဆုံးသတင်းစာဖြစ်သည့် Yomiuri ၏ ထုတ်ဝေမှု (၃) မျိုးက AI ကုမ္ပဏီ Perplexity အား ခွင့်ပြုချက်မရှိဘဲ သတင်းဆောင်းပါး များနှင့် ဓာတ်ပုံများကို အသုံးပြုသည်ဟု စွပ်စွဲကာ တရားစွဲဆိုလိုက် ပါသည်။

ဩဂုတ်လ ၁၀ ရက်တွင် Yomiuri က Tokyo District Court သို့ Yomiuri Shimbun၊ Yomiuri Shimbun Osaka နှင့် Yomiuri Shimbun Seibu စာစောင် (၃) ခုအတွက် အမေရိကန် AI ကုမ္ပဏီ Perplexity ကို ၎င်းတို့၏ ကြော်ငြာများနှင့် သတင်းအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းမှ ရပ်တန့်ရန် နှင့် ယန်း ၂.၁၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅ သန်းနီးပါး) လျော်ကြေးပေးရန် တောင်းဆိုသည့် တရားစွဲဆိုမှု တင်သွင်း ခဲ့ကြောင်း ကြေညာခဲ့သည်။

ဂျပန်၏ အကြီးဆုံးသတင်းဌာနတစ်ခုက အနောက်တိုင်း AI ကုမ္ပဏီ တစ်ခုကို တရားစွဲဆိုသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ World Association of Newspapers and News Publishers (WAN-IFRA) ၏ အဆိုအရ Yomiuri သည် ဂျပန်၏ အကြီးဆုံးသတင်းစာဖြစ်ပြီး နေ့စဉ် သတင်းစာစောင်ရေ ၇ သန်းမှ ၉ သန်းအထိ ဖြန့်ချိသည့် ကမ္ဘာ့အကြီးဆုံး ပုံနှိပ်သတင်းစာလည်း ဖြစ်ပါသည်။

တရားစွဲဆိုမှုတွင် Yomiuri သတင်းစာက Perplexity အား ဖေဖော်ဝါရီမှ ဇွန်လအတွင်း ခွင့်ပြုချက်မရှိဘဲ သတင်းစာ၏ ဝက်ဘ်ဆိုက်မှ ဆောင်းပါး ၁၁၉,၄၆၇ ပုဒ်ကို ခိုးယူကူးယူပြီး စာဖတ်သူများအား အလားတူ အကြောင်းအရာများ ပြန်လည်ဖော်ပြခဲ့သည်ဟု စွပ်စွဲထားသည်။ ထိုသို့ ပြုလုပ်ခြင်းသည် ဂျပန်၏ မူပိုင်ခွင့်ဥပဒေကို ချိုးဖောက်သည်ဟု သတင်းစာ က ဆိုသည်။

Yomiuri သည် ဆောင်းပါးတစ်ပုဒ်လျှင် ယန်း ၁၆,၅၀၀ (ပုံမှန် လိုင်စင် ကြေးနှုန်း) တောင်းဆိုထားပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှုများ၏ ရလဒ် အရ အဆိုပါ ပမာဏ ပိုမိုမြင့်တက်လာနိုင်သည်။ ထို့အပြင် Perplexity ၏ ခွင့်ပြုချက်မရှိသော အကြောင်းအရာများ ဖြန့်ဝေမှုကြောင့် Yomiuri ၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုမှု ကျဆင်းကာ ကြော်ငြာဝင်ငွေများ ထိခိုက်စေခဲ့သည်ဟု သတင်းစာက ဆက်လက်ဆိုသည်။

ထုတ်ပြန်ချက်တောင်းခံမှုကို တုံ့ပြန်သည့်အနေဖြင့် Perplexity မှ "ဂျပန် နိုင်ငံတွင် ဖြစ်ပေါ်စေခဲ့သော အချက်လက်မှားယွင်းမှုအတွက် နားလည်မှု လွဲမှားမှုဖြစ်စေခြင်းအား တောင်းပန်ပါသည်" ဟု ပြောကြားခဲ့သည်။ "မိမိ တို့အနေဖြင့် ယခုကိစ္စကို အလွန်အလေးအနက်ထားပါသည်။ Perplexity အနေဖြင့် AI ခေတ်တွင် ပေါ်ထွက်လာသည့် စီးပွားရေးပုံစံသစ်များမှ ထုတ်ဝေသူများနှင့် သတင်းထောက်များ အကျိုးကျေးဇူးရရှိစေရန် ကတိ ပြုထားပါသည်" ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကာ- VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂