ထရမ့်၏ Big, Beautiful Bill ဥပဒေကြောင့် အမေရိကန် ဆင်းရဲသားများ ပိုမိုဆင်းရဲလာမည်
အမေရိကန်ကွန်ဂရက်ဘတ်ဂျက်ရုံး (CBO) ၏ အဆိုအရ ထရမ့်၏ ဥပဒေကြမ်းသည် အမေရိကန်၏ အဆင်းရဲဆုံးလူတန်းစားများအား ဝင်ငွေလျော့နည်းစေပြီး အချမ်းသာဆုံးများမှာမူ ပိုမိုချမ်းသာလာမည် ဖြစ်သည်။ အမေရိကန်ကွန်ဂရက်ဘတ်ဂျက်ရုံး (CBO) က သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ အမေရိကန်လူဦးရေ၏ ၁၀% ရှိသည့် အဆင်းရဲဆုံးအုပ်စုသည် သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ် ရေးထိုး ခဲ့သော "Big and beautiful act" (OBBBA) အောက်တွင် Medicaid နှင့် အစားအစာအထောက်အပံ့ကဲ့သို့သော အစိုးရထောက်ပံ့မှု အစီအစဉ်များ ကို ကန့်သတ်ခံရခြင်းကြောင့် တစ်နှစ်လျှင် ဒေါ်လာ ၁,၂၀၀ ခန့် ဆုံးရှုံးမည် ဖြစ်သည်။
ထို့အတူ အမေရိကန်၏ အချမ်းသာဆုံး ၁၀% သော လူတန်းစားသည် အဆိုပါဥပဒေပါ အခွန်လျှော့ချမှုများကြောင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှ ဝင်ငွေ ဒေါ်လာ ၁၃,၆၀၀ အထိ တိုးပွားလာမည်ဖြစ်သည်။ CBO ၏ အဆို အရ အလယ်အလတ်ဝင်ငွေရှိသော အိမ်ထောင်စုများအပါအဝင် အမေရိကန် အိမ်ထောင်စုများ၏ ဝင်ငွေများ တိုးတက်လာမည်ဖြစ်သော်လည်း အကြီး မားဆုံးသော အကျိုးကျေးဇူးများကို အချမ်းသာဆုံးအုပ်စုက ရရှိမည် ဖြစ်သည်။
CBO သည် အမေရိကန်ကွန်ဂရက်၏ ပါတီများအပေါ် ဘက်လိုက်မှု မရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် တည်ထောင် ခဲ့သည်။ အဆိုပါအဖွဲ့အစည်းသည် မူဝါဒအ ကြံပြုချက်များမပေးဘဲ ဥပဒေ များ၏ ဘဏ္ဍာရေးအပေါ် အကျိုးသက်ရောက်မှု၊ ဖက်ဒရယ်ဘတ်ဂျက်၊ စီးပွားရေးတိုးတက်မှု၊ ငွေကြေးဖောင်းပွမှုနှင့် အများပြည်သူကြွေးမြီ များကို ခန့်မှန်းရန် အာရုံစိုက်သည်။ CBO ၏ ဆန်းစစ်ချက်များကို နိုင်ငံရေး ပါတီနှစ်ခုစလုံးမှ ဥပဒေပြုသူများက အငြင်းပွားမှုများနှင့် မူဝါဒချမှတ်ရာ တွင် အခြေခံအနေဖြင့် အသုံးပြုလေ့ရှိသည်။
ကွန်ဂရက် အားလပ်ရက်အတွက် လွှတ်တော်အမတ်များ ဝါရှင်တန်မှ ထွက်ခွာချိန်တွင် CBO က ခန့်မှန်းချက်အသစ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လတွင် ရီပတ်ပလီကန်များသည် ကွန်ဂရက်အား မစ္စတာ ထရမ့်၏ အဆိုပြုချက်အရ အခွန်လျှော့ချသည့် ငွေကြေးသုံးစွဲမှုဥပဒေကြမ်း(OBBBA) ကို အတည်ပြုရန် တွန်းအားပေးခဲ့သည်။ ဒီမိုကရက်များက ယင်း ဥပဒေကြမ်းကို အပြင်းအထန်ဆန့်ကျင်ခဲ့ပြီး အခွန်လျှော့ချမှုနှင့် အသုံးစရိတ် ဦးစားပေးမှုများသည် အစိုးရ၏ အရေးကြီးသော အစီအစဉ်များကို ထိခိုက် စေကာ အမျိုးသားကြွေးမြီကို တိုးပွားစေမည်ဟု သတိပေးခဲ့သည်။
CBO ၏ အဆိုအရ ယင်းဥပဒေအသစ်အောက်တွင် အစိုးရ၏ အစားအစာ အထောက်အပံ့ ခံစားခွင့်စည်းမျဉ်းများ ပြောင်းလဲခြင်းသည် သန်းနှင့် ချီသော အမေရိကန်များကို ထိခိုက်စေမည်ဖြစ်သည်။ အမေရိကန်တွင် Supplemental Nutrition Assistance Program (SNAP) ခံစားခွင့်ရှိ သူများအတွက် အလုပ်လုပ်ရန် စည်းကမ်းချက်အသစ်များ ထည့်သွင်း ခြင်းကြောင့် လူ ၂.၄ သန်းခန့် အစီအစဉ်မှ အလိုအလျောက် ဖယ်ထုတ် ခံရမည်ဖြစ်သည်။ ၎င်းသည် မကျန်းမာသူ၊ မသန်စွမ်းသူ သို့မဟုတ် အလုပ် ရှာမရသူများကို အစားအစာအထောက်အပံ့မရှိဘဲ ဒုက္ခရောက်စေ နိုင်သည်။
CBO ၏ အခြားခန့်မှန်းချက်အရ Medicaid ကဲ့သို့သော ကျန်းမာရေး အထောက်အပံ့အစီအစဉ်များ ပြောင်းလဲခြင်းကြောင့် ၂၀၃၄ ခုနှစ်တွင် အမေရိကန်နိုင်ငံသား ၁၀ သန်းကျော် ကျန်းမာရေးအာမခံဆုံးရှုံးမည် ဖြစ်သည်။
CBO ၏ ခန့်မှန်းချက်ထုတ်ပြန်ပြီးနောက် ရီပတ်ပလီကန်ပါတီဝင် အောက် လွှတ်တော် ဘဏ္ဍာရေးနှင့်အခွန်ကော်မတီဥက္ကဋ္ဌ ဂျေဆန်စမစ်က CBO ၏ တွက်ချက်မှုနည်းလမ်းများကို သဘောမတူကြောင်း၊ ၎င်း၏ ယခင် အပြစ်တင်မှုများကို ပြန်လည်ထပ်လောင်းပြောကြားခဲ့သည်။ ဂျေဆန်စမစ် သည် ထရမ့်၏ အခွန်လျှော့ချရေးမူဝါဒများကို ထောက်ခံသူဖြစ်ပြီး CBO ၏ ခန့်မှန်းချက်များကို မကြာခဏ ဝေဖန်လေ့ရှိသည်။ ၎င်း၏ ထုတ်ပြန်ချက် အရ CBO ၏ ခန့်မှန်းချက်များသည် "ဖက်ဒရယ်အသုံးစရိတ်တိုးမြှင့်ရန် နှင့် အခွန်မြှင့်တင်ရန် ဘက်လိုက်မှု" ရှိသည်ဟု ဆိုသည်။ ထရမ့်က CBO ၏ အစီရင်ခံစာအား မည်သည့်မှတ်ချက်မျှ မပြုသေးပေ။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂