အမေရိကန်နှင့် ရုရှားကြား သဘောတူညီချက်တွင် ယူကရိန်းနှင့် ဥရောပသမဂ္ဂ မဖြစ်မနေ ပါဝင် ရမည်ဟု ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် ဆို
အမေရိကန်နှင့် ရုရှားကြား ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးဆိုင်ရာ မည်သည့်သဘော တူညီချက်တွင်မဆို ယူကရိန်းနှင့် ဥရောပသမဂ္ဂအား မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ သံတမန်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Kallas က ဩဂုတ် ၁၀ ရက်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် ရုရှားကြား မည်သည့်သဘောတူညီချက်တွင်မဆို ယူကရိန်းနှင့် ဥရောပသမဂ္ဂအား မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ အကြောင်းရင်းမှာ ဤကိစ္စရပ်သည် ယူကရိန်း အပါအဝင် ဥရောပတိုက်တစ်ခုလုံး၏ လုံခြုံရေးနှင့် သက်ဆိုင်သောကြောင့်ဖြစ်ကြောင်း Kallas က ပြောကြားခဲ့သည်။ ဩဂုတ် ၁၁ ရက်တွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပပြီး နောက်တစ်ဆင့်လှုပ်ရှားမှုများ ဆွေးနွေးသွားမည်ဖြစ်ကြောင်း Kallas က ပြောကြားခဲ့သည်။
စစ်ပွဲကို မဖြစ်မနေ တရားမျှတစွာ အဆုံးသတ်ရမည်ဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စသည့် ဥရောပနိုင်ငံ ၆ နိုင်ငံမှ ခေါင်းဆောင်များနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့ ဩဂုတ် ၉ ရက် ညပိုင်းတွင် ထုတ်ပြန်သော ယူကရိန်း ငြိမ်းချမ်းရေး ဆိုင်ရာ ပူးတွဲကြေညာချက်ကို အပြည့်အဝထောက်ခံအားပေးကြောင်း ယူကရိန်းသမ္မတ ဇီလန် စကီးက ဩဂုတ် ၁၀ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
တက်ကြွစွာ သံတမန်ရေးအရ ကြားဝင်ဖျန်ဖြေခြင်း၊ ယူကရိန်းအား ဆက်လက်အားပေးထောက်ခံ၍ ရုရှားအား ဖိအားပေးခြင်းသာလျှင် ယူကရိန်းအတွက် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ဖော်ဆောင်နိုင်ဖွယ် ရှိကြောင်း၊ သက်ဆိုင်ရာ ဥရောပနိုင်ငံများသည် “ဆန္ဒအလျောက် မဟာမိတ်အဖွဲ့” မှ တစ်ဆင့် ယူကရိန်းအား “လက်တွေ့ကျသော စစ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ” ဆက်လက် ပံ့ပိုးပေးမည်ဖြစ်ပြီး ရုရှားအပေါ် အကန့်အသတ်ဖြစ်စေသော အစီအမံများကို ထိန်းသိမ်းဖော်ဆောင် သွားမည်ဖြစ်ကြောင်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စသည့် ဥရောပနိုင်ငံ ၆ နိုင်ငံမှ ခေါင်းဆောင်များနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့ ဩဂုတ် ၉ ရက် ညပိုင်းတွင် ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းအကျပ်အတည်း ဆွေးနွေးရန် အမေရိကန် သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့သည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ ဩဂုတ် ၁၅ ရက်တွင် တွေ့ဆုံကြမည်ဖြစ်သည်။ ယူကရိန်း၏ ငြိမ်းချမ်းရေးလမ်းကြောင်းသည် “မဖြစ်မနေ ယူကရိန်းနှင့်အတူတကွ အတည်ပြုရမည် ဖြစ်ပြီး၊ ယင်းကသာ အခြေခံအကျဆုံးပါ” ဟူ၍ ဇီလန်စကီးက ဩဂုတ် ၉ ရက်တွင် ပြောခဲ့သည်။
ထရမ့်နှင့် ဥရောပခေါင်းဆောင်များသည် ဩဂုတ် ၆ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ်တွင် ရုရှား၊ ယူကရိန်း ခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့ဖူး သော်လည်း တက်ရောက်မည့်သူများတွင် မည်သည့်ဥရောပခေါင်းဆောင်မျှ မပါဝင်ကြောင်း မီဒီယာ များ၏ သတင်းဖော်ပြချက်အရ သိရသည်။ ထရမ့်သည် ဥရောပအား “ယုံကြည်၍ မရသူ အဖြစ်” ရှုမြင်ကြောင်း အမေရိကန် “The New York Times” က သတင်းဖော်ပြခဲ့သည်။
ကိုးကား- Xinhua