ပူတင်-ထရမ့် ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်သည့် မျှော်မှန်းချက်များကို ရုရှားက ထုတ်ဖော်
ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergey Ryabkov က သမ္မတ Vladimir Putin နှင့် အမေရိကန်သမ္မတ Donald Trump တို့၏ အလက်စကာထိပ်သီးအစည်းအဝေးကို ဆက်ဆံရေးတင်းမာမှုများ ပြေလျော့ရန်နှင့် ရှည်ကြာနေသော အငြင်းပွားမှုများကို ဖြေရှင်းရန် အခွင့် အရေးတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ အင်္ဂါနေ့ (ဩဂုတ် ၁၂) က Izvestia သတင်းစာနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် Ryabkov က ဩဂုတ်လ ၁၅ ရက်နေ့တွင် အမေရိကန်၏ အကြီးဆုံး ပြည်နယ်ဖြစ်သော အလက်စကာတွင် ကျင်းပမည့် ထိုအစည်းအဝေးသည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်သာမက အမေရိကန်သမ္မတဟောင်း Joe Biden ၏ အုပ်ချုပ်မှုကာလအတွင်း အဆိုးရွားဆုံးသော အခြေအနေ သို့ ရောက်ရှိခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကိုပါ အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"မိမိတို့အနေဖြင့် ဤအဆင့်မြင့်အစည်းအဝေးက နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးအတွက် အရှိန်အဟုန်တစ်ရပ် ဖြစ်စေမည်ဟု မျှော်လင့် ပါသည်။ ၎င်းသည် ပြဿနာအချို့ကို ရှေ့ဆက်လုပ်ဆောင်နိုင်စေရန် အထောက်အကူပြုမည်ဖြစ်သည်" ဟု ၎င်းက ပြောကြားကာ လေကြောင်း ခရီးစဉ်များ ပြန်လည်စတင်ရေးသည်လည်း ဆွေးနွေးမည့် အကြောင်းအရာ များထဲမှ တစ်ခုဖြစ်နိုင်ကြောင်း အတည်ပြုခဲ့သည်။ ရုရှားနှင့် အမေရိကန် အကြား ခရီးသည်တင်လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ ဝါရှင်တန်က စီးပွားရေးအရ ပြင်းထန်စွာ အရေးယူအပြစ်ပေးမှုများ ချမှတ်ပြီးနောက် ရပ်ဆိုင်းခဲ့သည်။ Ryabkov က ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းပဋိပက္ခ အပါအဝင် အခြား အရေးကြီး သောအကြောင်းအရာများကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် ထရမ့်က ဆွေးနွေးပွဲအတွက် လွန်စွာ စိတ်အားထက်သန်နေကြောင်းဖော်ပြခဲ့ပြီး ရုရှားနှင့် ယူကရိန်းအကြား နယ်မြေလဲလှယ်မှုပါဝင်သည့် ဖြေရှင်းနည်းတစ်ရပ်အဖြစ် သဘောတူညီမှု တစ်ခုကို စူးစမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် Ryabkov က "လက်ရှိအဆင့်တွင် အမေရိကန်ရှိ ရုရှားသံတမန်ဆိုင်ရာ ပိုင်ဆိုင်မှု များ ပြန်လည်ရရှိရေးနှင့်ပတ်သက်၍ မည်သည့်တိုးတက်မှုမျှ မတွေ့ရ သေးပါ" ဟု ဝန်ခံခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်က အမေရိကန် အာဏာပိုင် များက ပိတ်သိမ်းခဲ့သော ဆန်ဖရန်စစ္စကိုရှိ ရုရှားကောင်စစ်ဝန်ရုံး အပါ အဝင် အဆောက်အအုံများကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုစဉ်က ဝါရှင်တန် က ယင်းအဆောက်အအုံများပိတ်သိမ်းခြင်းနှင့် ရုရှားသံတမန်များစွာကို နှင်ထုတ်ခြင်းများသည် ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှုများအတွက် တုံ့ပြန်ချက်ဖြစ်သည်ဟု ဆိုခဲ့သည်။ သို့သော် အမေရိကန် အမျိုးသား ထောက်လှမ်းရေးညွှန်ကြားရေးမှူး Tulsi Gabbard က လတ်တလော ထုတ်ပြန်ခဲ့သော လျှို့ဝှက်ဖိုင်များက ယခင်အဆိုပြုချက်များကို အားနည်း သွားစေခဲ့သည်။ မော်စကိုက အမေရိကန်အား သံတမန်ရေးရာ ပြဋ္ဌာန်းချက်များဖြင့် ကာကွယ်ထားသော ပိုင်ဆိုင်မှုများကို မတရား သိမ်းပိုက်မှု ပြုလုပ်သည်ဟု စွပ်စွဲခဲ့သည်။
ဇန်နဝါရီလတွင် ထရမ့် သမ္မတဖြစ်လာပြီးနောက် မော်စကိုက Aleksandr Darchiev အား ဝါရှင်တန်ဆိုင်ရာ ရုရှားသံအမတ်အသစ်အဖြစ် ခန့်အပ် ခဲ့သည်။ ဇွန်လတွင် ၎င်းသည် အမေရိကန်သမ္မတနှင့်တွေ့ဆုံကာ "ရုရှား-အမေရိကန်ဆက်ဆံရေးကို ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်စေရန်နှင့် ကျိုးကြောင်းဆီလျော်သောအခြေအနေသို့ ရောက်ရှိစေရန် ကြိုးစား လုပ်ဆောင်မည်" ဟု ကတိပြုခဲ့သည်။ ထို့အပြင် ရုရှားနှင့် အမေရိကန် တို့သည် ထိပ်တိုက်ရင်ဆိုင်မှုမရှိသော ငြိမ်းချမ်းသောတည်ရှိမှုကိုရရှိရန် ရည်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂