ပူတင်နှင့် အာမေးနီးယားဝန်ကြီးချုပ်တို့ ဖုန်းပြောဆိုခဲ့ကြောင်း ကရင်မလင် ပြောကြား

News Image

  • ပူတင်နှင့် အာမေးနီးယားဝန်ကြီးချုပ်တို့ ဖုန်းပြောဆိုခဲ့ကြောင်း ကရင်မလင် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan နှင့် ဖုန်းဆက်စကားပြောခဲ့ကြောင်း ကရင်မလင်က သတင်း ထုတ်ပြန်ထားပါသည်။ ကရင်မလင် အဆိုအရ အဆိုပါဖုန်းခေါ်ဆိုမှုကို အာမေးနီးယား ဝန်ကြီးချုပ်ဘက်မှ စတင်ခေါ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ထိုဖုန်းခေါ်ဆိုမှုအတွင်း အာမေးနီးယားဝန်ကြီးချုပ်က ပူတင်အား သြဂုတ် ၈ ရက်က ဝါရှင်တန်တွင် ကျင်းပသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev တို့နှင့် တွေ့ဆုံမှုရလဒ်များကို အကျဉ်းချုပ်တင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သြဂုတ် ၈ ရက်က ဝါရှင်တန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သုံးပြည်ထောင်ဆွေးနွေးပွဲအပြီး အဇာဘိုင်ဂျန်သမ္မတ နှင့် အာမေးနီးယား ဝန်ကြီးချုပ်တို့သည် ငြိမ်းချမ်းရေးပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ 

ထိုကြေညာချက်တွင် နိုင်ငံနှစ်ခုကြား သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်ခု ဖွင့်လှစ်ရန် ပါဝင်ပြီး ယင်းကို "အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေးအတွက် ထရမ့်လမ်းကြောင်း" အဖြစ် အမည်ပေး ထားပါသည်။ အာမေးနီးယားသည် ထိုလမ်းကြောင်းဖွံ့ဖြိုးရေးအတွက် ၉၉ နှစ်ကြာ အမေရိကန်သို့ အထူးအခွင့်အရေးများ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

ကိုးကား- ကရင်မလင်

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃