ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ သဘာဝဘေးများကြောင့် ၄၈ နာရီအတွင်း သေဆုံးသူ ၃၀၇ ဦးအထိရှိ

News Image

  • ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ သဘာဝဘေးများကြောင့် ၄၈ နာရီအတွင်း သေဆုံးသူ ၃၀၇ ဦးအထိရှိ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ခိုင်ဘာပတ်တန်ခွာပြည်နယ်၌ မိုးသည်း ထန်စွာရွာသွန်းမှုနှင့် ဆက်စပ်ဖြစ်ပွားသည့် သဘာဝဘေးများကြောင့် ၄၈ နာရီအတွင်း လူပေါင်း ၃၀၇ ဦးသေဆုံးကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ဩဂုတ်လ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

သေဆုံးသူများအနက်  ၉၀ ဒသမ ၆ ရာခိုင်နှုန်းသည်    ရုတ်တရက်ရေကြီးမှုကြောင့်  သေဆုံးရခြင်းဖြစ်ကြောင်း၊ ၆ ဒသမ ၄ ရာခိုင်နှုန်းသည် ခေါင်မိုးများပြိုကျမှုကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ပြည်နယ်အတွင်းရှိ    ခရိုင် ၁၁ ခုတွင် မိုးများသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးမှုဖြစ်ပွားခြင်း၊ မိုးကြိုးပစ်ခြင်းများကြောင့် ပျောက်ဆုံးသူအများအပြား ရှိနေကြောင်းနှင့်  ပျက်စီးဆုံးရှုံးမှုများသည်လည်း ကြီးမားကြောင်း ကယ်ဆယ်ရေးအဖွဲ့များကပြောသည်။

အဆိုပါပျက်စီးမှုများအောက်၌ ပိတ်မိနေသူများစွာ ရှိနေကြောင်း၊ အချို့ပျောက်ဆုံးသူများမှာ ရေစီးဖြင့်မျောပါ သွားသူများဖြစ်ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေး၊ သေဆုံးသူများ၏  အလောင်းများကို ဆယ်ယူရေးလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်နေကြောင်းနှင့်     မြေပြင်၌လက်ရှိအခြေအနေသည်  အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံ၌  မုတ်သုံစတင်ဝင်ရောက်သည့်    ဇွန်လ ၂၆ ရက်မှစ၍ သဘာဝဘေးများကြောင့် နိုင်ငံတစ်ဝန်းတွင်သေဆုံးသူ ၆၃၄ ဦးနှင့် ဒဏ်ရာရရှိသူ ၇၆၈ ဦးရှိပြီဖြစ်ကြောင်း၊ ထိုသို့သေဆုံးသူများတွင် ခိုင်ဘာပတ်တန်ခွာပြည်နယ်က သေဆုံးသူ ၃၇၈ ဦးဖြင့်  အများဆုံးဖြစ်ကြောင်း သိရသည်။

MWD