အိန္ဒိယနှင့်ပါကစ္စတန်တွင် ရုတ်တရက်ရေကြီးမှုကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံး
အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့တွင် သောကြာနေ့ (ဩဂုတ် ၁၅) က ပြင်းထန်သောမိုးရွာသွန်းမှုနှင့် ရုတ်တရက်ရေကြီးမှုများကြောင့် လူဦးရေ ၂၈၀ ကျော် သေဆုံးပြီး ရာနှင့်ချီကာ ပျောက်ဆုံးနေကြောင်း နှစ်နိုင်ငံမှ အရာရှိများက ထုတ်ပြန်ခဲ့သည်။ ကယ်ဆယ်ရေးတပ်ဖွဲ့များက နှစ်နိုင်ငံရှိ တောင်တန်းဒေသ ခရိုင်နှစ်ခုမှ လူ ၁,၆၀၀ ခန့်ကို အောင်မြင်စွာ ရွှေ့ပြောင်း နိုင်ခဲ့သည်။
ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေကြီးမှုမတိုင်မီ အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်နယ်တွင် ၁၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် Chasoti ကျေးရွာ၌ လူ ၄၆ ဦး သေဆုံးကာ ပျက်စီးမှုများ အမြောက်အမြားဖြစ်ပွားခဲ့ကြောင်း PTI သတင်းဌာနက ဖော်ပြခဲ့သည်။
ဂျမူးနှင့် ကက်ရှ်မီးယား ဝန်ကြီးချုပ် Omar Abdullah က သောကြာနေ့ တွင် သေဆုံးသူအရေအတွက်ကို ၆၀ အထိမြင့်တက်လာကြောင်း ထုတ်ပြန် ခဲ့ပြီး လူ ၇၅ ဦးခန့် ပျောက်ဆုံးနေသေးကြောင်း ဖော်ပြခဲ့သည်။
ရုတ်တရက်ရွာသွန်းခဲ့သည့် မိုးသည်းထန်မှုများကြောင့် ရေကြီးမှုသည် မြောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ အလျင်အမြန် ပျံ့နှံ့ကာ ပါကစ္စတန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည်။ AP သတင်းတွင် ဖော်ပြချက် အရ အဆိုပါအခြေအနေသည် များစွာသောပျက်စီးမှုများကို ဖြစ်ပေါ်စေ ခဲ့ပြီး ဒါဇင်ချီ၍ ဒဏ်ရာရရှိခဲ့ပြီး ထောင်နှင့်ချီကာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရသည်။ အထူးသဖြင့် ပါကစ္စတန်၏ Khyber Pakhtunkhwa ပြည်နယ် တွင် အခြေအနေဆိုးရွားခဲ့သည်။ Khyber Pakhtunkhwa ပြည်နယ်ရှိ အရေးပေါ်ဝန်ဆောင်မှုဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကယ်ဆယ်ရေး အဖွဲ့များသည် ဒေသတွင်း ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ပိတ်မိနေသော ခရီးသွား ၂,၀၀၀ ကျော်ကို ကယ်တင်ရန် နာရီပေါင်း များစွာ ကြိုးပမ်းခဲ့ကြရသည်ဟု ဆိုသည်။ ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က ရေကြီးမှုဒဏ်ခံစားနေရသူများနှင့် ခရီးသွားအားလုံးကို အမြန်ဆုံး ရွှေ့ပြောင်းကယ်ဆယ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသ Kishtwar ခရိုင်ရှိ Chasoti ကျေးရွာရှိ ကုန်းမြင့်ပိုင်းတွင်တည်ရှိသော ဟိန္ဒူဘုရားကျောင်း Amarnath Yatra သည် မော်တော်ယာဉ်ဖြင့်သွားရောက်နိုင်သည့် နောက်ဆုံးနေရာဖြစ်ပြီး ဇူလိုင် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ခွင့်ပြုမည်ဖြစ်သော နှစ်စဉ် ဘုရားဖူးခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အရာရှိများက ဘုရားဖူး ခရီးသွားလာခွင့်ကို ယာယီရပ်ဆိုင်းထားကြောင်း ကြေညာခဲ့သည်။
ဤသည်မှာ ဟိမဝန္တာဒေသတွင် လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း ဖြစ်ပွားခဲ့သော ဒုတိယမြောက် ပြင်းထန်သည့် အရေးပေါ် အခြေအနေ ဖြစ်သည်။ ယခင်က ဩဂုတ် ၅ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော ရုတ်တရက်ရေကြီးမှုများက အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ်ရှိ ကျေးရွာတစ်ခုကို ပျက်စီးစေခဲ့သည်။ ဒေသခံ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ လူ ၅ ဦး သေဆုံးခဲ့ပြီး ၁,၁၂၆ ဦးကို ဘေးသင့်ဒေသမှ ကယ်တင်နိုင်ခဲ့သည်။ နီပေါနိုင်ငံသား ၂၄ ဦး အပါအဝင် အနည်းဆုံး ၆၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂