Nissan ၏ ရှယ်ယာများဝယ်ယူရန် Foxconn က Renault နှင့် ဆွေးနွေးနေကြောင်း ထိုင်ဝမ်မီဒီယာက ဖော်ပြထား

News Image

  • Nissan ၏ ရှယ်ယာများဝယ်ယူရန် Foxconn က Renault နှင့် ဆွေးနွေးနေကြောင်း ထိုင်ဝမ်မီဒီယာက ဖော်ပြထား

Foxconn ဟုလူသိများသော Hon Hai Precision Industry သည် ဂျပန်နိုင်ငံ၏ Nissan Motor ကုမ္ပဏီ၏ ရှယ်ယာအများစုကို ဝယ်ယူရန်အတွက် ပြင်သစ်ကား ထုတ်လုပ်ရေးကုမ္ပဏီ Renault နှင့် ဆွေးနွေးနေကြောင်း ထိုင်ဝမ်မီဒီယာတစ်ခုက ဖော်ပြထားပါသည်။

၎င်းလုပ်ငန်း၏ အဓိကတာဝန်ရှိသူ ၂ ဦးကို ကိုးကားပြီး ဗဟိုသတင်းအေဂျင်စီ (CNA) က ဒီဇင်ဘာ ၁၉ ရက်နေ့ တွင် အဆိုပါသတင်းကို ဖော်ပြခဲ့ပါသည်။

Nissan ၏ ရှယ်ယာများကို ဝယ်ယူရန် Hon Hai ၏ အဆိုပြုချက်ကို Nissan ကုမ္ပဏီက ပယ်ချပြီးနောက် Hon Hai က Renault နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း CNA က ဖော်ပြထားပါသည်။

ပြင်သစ်နိုင်ငံတွင် ဆွေးနွေးမှုများ ပြုလုပ်နေသည့် Hon Hai ၏ အဖွဲ့ကို လျှပ်စစ်ကား လုပ်ငန်းဆိုင်ရာ နည်းဗျူဟာ အကြီးအကဲ Seki Jun က ဦးဆောင်ကြောင်း CNA က ဖော်ပြထားပါသည်။ Seki Jun သည် Nissan တွင် အကြီးတန်း အမှုဆောင်တစ်ဦး အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးသူတစ်ယောက်ဖြစ်သည်။

Hon Hai က စတော့ဝယ်ယူခြင်း သို့မဟုတ် အခြားနည်းလမ်းများအသုံးပြုပြီး Nissan ၏ စီမံခန့်ခွဲမှုတွင် ပါဝင်နိုင်ရန် နောက်ကွယ်တွင် စဉ်းစားနေခဲ့သည်ဟု သတင်းရင်းမြစ်များစွာက ဖော်ပြထားကြသည်။

Nissan သည် လတ်တလောတွင် ဖြစ်နိုင်ချေရှိသည့် ပေါင်းစည်းမှုတစ်ခုအတွက် ဂျပန်ကုမ္ပဏီ Honda Motor နှင့်ဆွေးနွေးနေပါသည်။၎င်းတို့အနေဖြင့် လာမည့်သီတင်းပတ်အစောဆုံးထားပြီး အခြေခံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကာ အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ကြောင်းဖော်ပြထားပါသည်။

ကိုးကား-NHK World