နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြား
နေပြည်တော် ဩဂုတ် ၁၈
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီနှင့် ဒေါက်တာချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား တစ်ဦးချင်း တင်ပြဆွေးနွေး
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများနှင့် အခြားသီးနှံများစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဘဏ္ဍာရေးနှစ်အလိုက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်စေရေးနှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် အရိပ်ရလေကာပင်များစိုက်ပျိုးခြင်းနှင့် စေတီပုထိုးများတည်ထားကိုးကွယ်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိမှု၊ ချောက်မြို့နယ်အတွင်း အပူဒဏ်လျှော့ချနိုင်ရန်အတွက် ကြီးမြန်သစ်ပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ အခြေခံပညာကျောင်းများ၌ စာကြည့်တိုက်များဖွင့်လှစ်ပေးလျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ပညာရည်မြင့်မားစေရေး ဆောင်ရွက်လျက်ရှိမှုနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသတွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ သောက်သုံးရေများရေလုံလောက်စွာရရှိရေးအတွက် မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် မြေအောက်တမံများ ဆောက်လုပ်ပေးမှုကြောင့် ရေလုံလောက်စွာရရှိသည့်အပြင် စိမ်းလန်းစိုပြည်ရေးအတွက် အထောက်အကူပြုလျက်ရှိမှု၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ယခုနှစ်မိုးရာသီအတွင်း မိုးကောင်းစွာရွာသွန်းမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဖြစ်ထွန်းအောင်မြင်အောင်ဆောင်ရွက်နိုင်မှု၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်နိုင်မှုနှင့် ပိုမိုတိုးတက်အောင်ဆောင်ရွက်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများဖြင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးလျက်ရှိမှုနှင့် MSME ထုတ်ကုန်ပြပွဲများ ကျင်းပဆောင်ရွက်ပေးလျက်ရှိမှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မကွေးမြို့ရှိ မြို့မိမြို့ဖများနှင့် တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းရှင်များက ဧရာဝတီမြစ်ကြောင်းအတွင်း မကွေးဘက်ခြမ်း၌ ရာသီမရွေးကုန်တင်ကုန်ချပြုလုပ်နိုင်သည့် သင်္ဘောဆိပ်ခံတစ်ခုတည်ဆောက်ပေးစေလိုမှု၊ မကွေးမြို့နှင့် ဆက်သွယ်ထားသည့် မော်တော်ကားလမ်းများ အဆင့်မြှင့်တင်ပေးစေလိုမှု၊ ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးနှင့် အဆင့်မီသည့် ချည်ထည်များထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ချည်မျှင်စက်ရုံများအား အဆင့်မြှင့်တင်ပေးစေလိုမှု၊ မကွေးတိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် မီးဖိုချောင်သုံးစိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့် ကြက်သွန်နီအား ဈေးကွက်ရရှိရေးကူညီဆောင်ရွက်ပေးစေလိုမှု၊ ဒေသအတွင်း စိုက်ပျိုးရန်အတွက် ပြည်ပမှ အာလူးမျိုးကောင်း မျိုးသန့်များရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဖြည့်စွက်ဆွေးနွေး
တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မြေအောက်တမံများဆောက်လုပ်ခြင်းကြောင့် ရေလုံလောက်စွာရရှိနိုင်ပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုကို အထောက်အကူပြုနိုင်သဖြင့် ဆက်လက်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ယာဉ်များသွားလာမှု အဆင်ပြေချောမွေ့စေရေး လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီဖြစ်စေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ချည်များ ထုတ်လုပ်နိုင်ရန်အတွက် ချည်မျှင်ရှည်ဝါများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ချည်ထည်များထုတ်လုပ်နိုင်ရေး ဝါကုန်ကြမ်းကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များအား ပြည်ပသို့တင်ပို့ခွင့်များအား ပြည်တွင်းစားသုံးမှုများကို မထိခိုက်ပါက တင်ပို့ခွင့်ပြုထားကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီနှင့် ဒေါက်တာ ချာလီသန်း တို့က ဝန်ကြီးဌာနအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဒေသအလိုက်ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များထိုက်သင့်သည့် ဈေးနှုန်းများရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ပြည်ပမှ အာလူးမျိုးကောင်းမျိုးသန့်များရရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊ အဆင့်မြင့် ချည်ထည်များထုတ်လုပ်နိုင်ရေး ချည်မျှင်ရှည်ဝါများ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရေးအတွက် မြစ်ရေတင်လုပ်ငန်းများဖြင့် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ မင်းဘူးဒေသနှင့် အခြားဒေသများတွင် စပျစ်စိုက်ပျိုးခြင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် အနာဂတ်ကာလတွင် ပြည်ပသို့တင်ပို့နိုင်ရန်အတွက် ဝိုင်စပျစ်စိုက်ပျိုးခြင်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လိုအပ်မှု၊ မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောသစ်ပင်များစိုက်ပျိုးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိမှု၊ မီးခိုးမြူငွေ့များလျှော့ချရေးအတွက် ပါဝင်ဆောင်ရွက်ပေးစေလိုမှု၊ အဆင့်မြင့်ချည်ထည်များထုတ်လုပ်နိုင်ရေး ချည်မျှင်ရှည်ဝါများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုအပ်မှုနှင့် အခြားစက်ပစ္စည်းများနှင့် ငွေကြေးများလိုအပ်လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။
လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိမိအနေဖြင့် မကွေးမြို့သို့ မကြာခဏရောက်ရှိခဲ့ပြီး မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ရမှုနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ရှေ့လုပ်ငန်းစဉ်၏ နောက်ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ အခွင့်အရေးများနစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိပြီးကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ပြီး တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးမှုမရှိခြင်းကြောင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ် ကြောင်း၊ မဲစာရင်းများကို ပြန်လည်စိစစ်ခဲ့ချိန်တွင်လည်း မဲစာရင်းများမှားယွင်းမှုများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း။
ယခုကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်စွာရရှိစေရေးနှင့် မှားယွင်းမှုမရှိစေရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအား အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း။
တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများမှ ပေါက်ဖွားလာကြသူများဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရန်အတွက် သဘောတူညီမှုရှိပြီးဖြစ်ကြောင်း၊ ယခုနှစ်ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာစေရေးအတွက် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP- Mixed Member Proportion System)ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ပြည်ပနိုင်ငံများမှလည်း ထောက်ခံအားပေးမှုများရှိကြောင်း။
ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များဖြင့် မဲပေးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း၊ အခြားနိုင်ငံတကာတွင်လည်း အဆိုပါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းလိုပါက ရွေးကောက်ပွဲများကျင်းပချိန်တွင် ဆန္ဒမဲများပေးကြရန်လိုကြောင်း၊ ထိုသို့ဆန္ဒမဲပေးရာတွင်လည်း ဒေသနှင့်နိုင်ငံအတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ဆောင်ရွက်ကြရန်လိုကြောင်း။
သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ရွေးကောက်ပွဲအားဖြစ်နိုင်ပါက တစ်ကြိမ်တည်း ကျင်းပပြုလုပ်ရန်ဟု ဖော်ပြပါရှိကြောင်း၊ သို့သော် မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအရ အချို့ဒေသများတွင် တည်ငြိမ်အေးချမ်းမှုများမရှိသေးကြောင်း၊ အလားတူ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တပြောင်းရွှေ့နေထိုင်နေရလျက်ရှိသည့် မဲဆန္ဒရှင်များနှင့် ပြည်ပသို့ရောက်ရှိနေသည့် မဲဆန္ဒရှင်ပြည်သူများကိုလည်း ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆင့်လိုက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထိုသို့ကျင်းပပြုလုပ်ရာတွင် မဲမသမာမှုများမဖြစ်ပေါ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်
မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကိုဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှေးယခင်ကတည်းက စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ အားနည်းချက်များရှိခြင်းကြောင့် ပို့ကုန်များအားနည်းချက်ရှိခဲ့ပြီး သယံဇာတပစ္စည်းများကိုသာ ထုတ်ယူသုံးစွဲခြင်းများ ပိုမိုများပြားခဲ့သည်ကိုတွေ့ရကြောင်း၊ သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲမှုများပြားခဲ့ပြီး ပြန်လည်စိုက်ပျိုးထိန်းသိမ်းမှုများ အားနည်းခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် မြေပေါ်သယံဇာတဖြစ်သည့် သစ်ပင်သစ်တောများအား ပြန်လည်စိုက်ပျိုးထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးထုတ်လုပ်မှုများ လျော့နည်းလာသည်ကိုတွေ့ရကြောင်း၊ မကွေးတိုင်းဒေသကြီးသည် ဝါကိုအဓိကစိုက်ပျိုးသည့် ဒေသဖြစ်ကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ပြီး ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းကို စံပြအဖြစ် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ လူအများ၏ နေ့စဉ်ဘဝတွင် စားဝတ်နေရေးသည် လိုအပ်ကြောင်း၊ ဝတ်ရေးနှင့်ပတ်သက်၍ အခြေခံလိုအပ်ချက်ရှိပြီးဖြစ်သဖြင့် ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင် ဆောင်ရွက်ပြီး ချည်ထည်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကိန်းဂဏန်းများ မှန်ကန်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း။
မကွေးတိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှုအနေဖြင့် လက်ရှိစပါးအထွက်နှုန်းများအရ ဆန်ဖူလုံမှုများ တိုးတက်ကောင်းမွန်လာသည်ကိုတွေ့ရပြီး ဆက်လက်၍ တိုးတက်အောင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ အလားတူ ဒေသအတွင်းစားရေးကို အထောက်အကူဖြစ်စေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ကြက်၊ ဝက်၊ ဆိတ်၊ သိုး၊ နွားများကိုလည်း မွေးမြူဆောင်ရွက်သွားကြရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်မှသတ်မှတ်ထားသည့် တစ်ဧကပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိအောင်ဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်စိုက်ပျိုးရေများ လုံလောက်စွာရရှိစေရေး ဧရာဝတီမြစ်အတွင်းမှ ရေများကို နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးချဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုနှစ်မိုးရာသီ၌ မိုးကောင်းစွာရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိရကြောင်း။
ဧရာဝတီမြစ်အတွင်း Low-Head Dam များ ဆောက်လုပ်နိုင်သည့်နေရာများရှိကြောင်း၊ Low-Head Dam များဆောက်လုပ်ခြင်းဖြင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက်လည်း များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အလားတူ မြစ်ကြောင်းတစ်လျှောက် ကုန်စည်သယ်ယူပို့ဆောင်ခြင်းများကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် အရှည်ကိုမြော်တွေး၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသကိုချစ်မြတ်နိုးကြသူများအနေဖြင့် ဒေသအကျိုးအတွက် ဦးဆောင်ပေးကြရန်လိုကြောင်း။
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် အသိပညာရှင် အတတ်ပညာရှင် လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ ထို့ကြောင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအခြေခံပညာကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်ရေးနှင့် ပညာတတ်များပေါများစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အသိပညာရှိမှသာ အတတ်ပညာများရရှိမည်ဖြစ်ကြောင်း၊ ဒေသတွင်း ပညာတတ်များပေါများ ကြွယ်ဝမှသာ ဒေသစီးပွားရေးကို ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်၊ ကောလိပ်များလုံလောက်စွာရှိပြီးဖြစ်သဖြင့် ဒေသအတွက်လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး အလေးအနက်ထား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီး မင်းဘူးဒေသမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှတ်အများဆုံးရရှိသူ (The Whole Myanmar First) ကျောင်းသားတစ်ဦး ထူးထူးခြားခြားပေါ်ထွန်းခဲ့သည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရကြောင်း၊ အခြားလူငယ်များအနေဖြင့်လည်း ထိုသို့ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
မကွေးတိုင်းဒေသကြီးအတွင်း မျှော်မှန်းသက်တမ်းများတိုးတက်စေရေး ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုများရှိရန်လိုကြောင်း၊ နိုင်ငံတော်မှလည်း ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတွင်းနေထိုင်ကြသည့် ပြည်သူများ၏ မျှော်မှန်းသက်တမ်းများ ယခုထက် ပိုမိုတိုးတက်လာစေရေး တာဝန်ရှိသူများက ကုစားနိုင်မည့်နည်းလမ်းများကို ရှာဖွေဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိအနေဖြင့် ယခုကဲ့သို့ ပြောကြားမှုများသည် မကွေးတိုင်းဒေသကြီး အဘက်ဘက်မှတိုးတက်လာစေရေးအတွက် တိုက်တွန်းပြောကြားမှုများပင်ဖြစ်ကြောင်း၊ ဒေသအတွက်ဖြစ်နိုင်သည့် ကိစ္စရပ်များကိုသာ ဆွေးနွေးပြောကြားခြင်းဖြစ်ပြီး ဒေသတစ်ခုတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်သူများအနေဖြင့် ဒေသကို ချစ်ခင်မြတ်နိုးသည့်စိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်မှုများသည် အရေးကြီးသဖြင့် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိအနေဖြင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ်များကို ချမှတ်ထားကြောင်း၊ နိုင်ငံအတွင်းကုန်ထုတ်လုပ်မှုများ တိုးတက်ကောင်းမွန်မှသာ နိုင်ငံ၏စီးပွားရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ် လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးလိုအပ်ချက်ဖြစ်ခြင်းကြောင့် ပညာရေးကို အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ လူအများသည် စိမ်းလန်းစိုပြည်မှုများကို သဘောကျကြကြောင်း၊ ထို့ကြောင့် ရှိပြီးသားသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် သစ်ပင်များ တိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊ စိတ်ခံစားမှုများကောင်းရန်အတွက် သဘာဝပတ်ဝန်း ကျင်များကောင်းမွန်စေရေး သစ်ပင်သစ်တောများကို အားလုံးက ဝိုင်းဝန်းထိန်းသိမ်းစိုက်ပျိုးဆောင်ရွက်သွားကြရန်နှင့် မကွေးတိုင်းဒေသကြီး ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ခင်းကျင်းပြသထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပြခန်းများ၌ ဒေသထွက်တိုင်းရင်းဆေးများ၊ အသုံးအဆောင်ပစ္စည်းများ၊ ချည်ထည်များနှင့် စားသောက်ကုန်ပစ္စည်းများ ပြသထားရှိမှုအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
မြသလွန်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် အဖွဲ့ဝင်များနှင့်အတူ မကွေးမြို့ကျက်သရေဆောင် မကွေးမြသလွန်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ မြသလွန်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူခဲ့ကြပြီး ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုပြီး မဟာအတုလရသီတန်ဆောင်းအတွင်းရှိ ဗုဒ္ဓမြတ်စွယ်တော်ပွားနှင့် စေတီတော်မြတ်ကြီး၏ ပုံတူစေတီတော်အား ဖူးမြော်ကြည်ညိုကြသည်။ ဆက်လက်၍ စေတီတော်မြတ်ကြီးရင်ပြင်တော် တိုးချဲ့ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကမ်းနားလမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။ ထို့နောက် ကန်သာမင်္ဂလာကန်တော်သို့ ရောက်ရှိကြပြီး ဘာဂီမော်တော်ယာဉ်များဖြင့် ကန်ပတ်လမ်းအတိုင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
MOI