သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
ကျောက်ဆည်၊ ဩဂုတ်-၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ၂၀၂၆ ခုနှစ်၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်အထည်ဖော်ဆောင် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က မိမိတို့၏ ပတ်ဝန်းကျင်ကို အမှိုက်ကင်းစင်သောလူမှုပတ်ဝန်းကျင်ဖြစ်ရန် ကြိုးစား အကောင်အထည် ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်သည့်အတွက် အနာဂတ် တွင် ခေါင်းဆောင်များ ဖြစ်လာမည့် ကျောင်းသားလူငယ်များကို အမှိုက်များခွဲခြား၍ စနစ်တကျစွန့်ပစ်ခြင်း အပါ အဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ရင်းနှီးကျွမ်းဝင်စေရေး ပြုစု ပျိုးထောင်ရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး က သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ၏ မျှော်မှန်းချက်၊ ပန်းတိုင်၊ ရည်ရွယ်ချက်များအကြောင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အခြေခံစံနှုန်းနှင့်အညွှန်းကိန်းများအကြောင်း၊ ရရှိလာမည့် အကျိုးကျေးဇူး များ၊ ဆုရွေးချယ်ခြင်းနှင့်ဆုချီးမြှင့် သွားမည့်အကြောင်းများအား ရှင်းလင်းဆွေးနွေးခဲ့ရာ ကျောက်ဆည်ခရိုင် ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က အခြေခံပညာဦးစီးဌာနအနေဖြင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှညွှန်ကြားရေးမှူးကခရိုင်ပညာရေးမှူးထံသို့ ပတ်ဝန်းကျင် ဆိုင်ရာ ဆရာကိုင် လက်စွဲစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများအနေဖြင့် ကျောက်ဆည် မြို့နယ်မှ အ.လ.က (အရှေ့ငယ်တိုး)၊ အ.မ.က(၁၅)၊ စဉ့်ကိုင်မြို့နယ်မှ အ.ထ.က(စဉ့်ကိုင်)၊ အ.မ.က(ဒေါင်းကျ)၊ မြစ်သားမြို့နယ်မှ အ.ထ.က(မြစ်သား)၊ အ.လ.က(ရေဝန်း) ကျောင်းများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)