တပ်မတော်သည် နိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင်သာ တာဝန်ထမ်းဆောင်သွားမည်

News Image

  • တပ်မတော်သည် နိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင်သာ တာဝန်ထမ်းဆောင်သွားမည်
  • တပ်မတော်သည် နိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင်သာ တာဝန်ထမ်းဆောင်သွားမည်

နေပြည်တော် ဩဂုတ် ၁၈

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။

တိုင်းပြည်သည်အခက်အခဲကြားမှ ကျော်ဖြတ်ခဲ့ရ

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိအနေဖြင့် မကွေးတပ်နယ်သို့ မကြာခဏရောက်ရှိခဲ့ပြီး အရာရှိစစ်သည် မိသားစုများနှင့်တွေ့ဆုံအမှာစကားများပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်ကို ဝင်ရောက်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်နှင့် နိုင်ငံရေးအရ လက်တွဲမလုပ်ကိုင်လိုသည့် အတိုက်အခံပါတီများအနေဖြင့် ၎င်းတို့ပါတီအနိုင်ရရှိရေး မသမာမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးစအချိန်တွင် ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ပြီးနောက် ဆိုရှယ်လစ်စနစ်ဖြင့် ဗဟိုဦးစီးစနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပြည်တွင်းမငြိမ်သက်မှုများဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်သည် အခက်အခဲကြားမှ ကျော်ဖြတ်ခဲ့ရကြောင်း၊ အဆိုပါအချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ရကြောင်း။

နိုင်ငံရေးအရမတည်ငြိမ်မှုများ ဖြစ်ပေါ်ချိန်တွင် အဓိကအကြီးမားဆုံးစိန်ခေါ်မှုမှာ ပြည်နယ်များမှ ခွဲထွက်နိုင်ရေးအတွက် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေသကဲ့သို့ နိုင်ငံတကာတွင်လည်း ဆိုရှယ်လစ်စနစ်နှင့် ဒီမိုကရေစီစနစ်များ အားပြိုင်မှုများရှိနေကြောင်း၊ ထိုအချိန်တွင် အရှေ့တောင်အာရှ၌ ဆီးတိုးအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံအချို့တွင်လည်း ကွန်မြူနစ်စနစ်နှင့် ဒီမိုကရေစီစနစ်များ အားပြိုင်မှုများရှိခဲ့သည်ကို သမိုင်းအထောက်အထားများအရ သိရှိနိုင်ကြောင်း။

သဘောထားကွဲလွဲမှုများဖြစ်ပေါ်

မိမိတို့နိုင်ငံ ဆိုရှယ်လစ်စနစ်ဖြင့် လျှောက်လှမ်းချိန်တွင် နိုင်ငံရေးအရ သဘောထားမတူညီကြသူများရှိခဲ့ပြီး ဆိုရှယ်လစ်စီးပွားရေး စနစ်ဖြစ်သဖြင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများတွင် ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများတွင်လည်း ညီညွတ်မှုများပျက်ပြားလာခဲ့ကြောင်း။

၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ချိန်၌ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် ဆောင်ရွက်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ပြီး လွှတ်တော်တစ်ခုတည်းကိုသာ ဆောင်ရွက်ခဲ့ပြီး အခြေခံဥပဒေကိုရေးဆွဲရန်ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲရန်အတွက် တိုင်းပြည်ပြုလွှတ်တော်ကိုဖွဲ့စည်းခဲ့ကြောင်း၊ အလားတူ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်အတွက် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း။

ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးတပ်မတော်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကိုရေးဆွဲ၍ ပြည်သူ့ဆန္ဒခံယူပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက်လှမ်းစေခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

ဒီမိုကရေစီပထမအစိုးရသက်တမ်းတွင် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလတွင် ဒီမိုကရေစီအမည်ခံ လစ်ဘရယ်ဝါဒဖြင့် ပြည်ပမှဝင်ရောက်စွက်ဖက်မှုများဖြင့် နိုင်ငံတော်တာဝန်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသားအကြံပေးများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်ကို မုန်းတီးစေသည့် ရေးသားပြောဆိုမှုများလှုံ့ဆော်မှုများကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်၍လုပ်ဆောင်ခဲ့ကြောင်း၊ အလားတူ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် အခြားကဏ္ဍအသီးသီးတွင် လုပ်ငန်းတာဝန်ဆောင်ရွက်မှုများ‌ အောင်မြင်အောင် ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံတော်မှာ အဘက်ဘက်က ဆုတ်ယုတ်ခဲ့ရကြောင်း၊ အဓိကအားဖြင့် တပ်မတော်၏ နိုင်ငံရေး၌ အချက်အချာကျမှုကို ပယ်ဖျက်ရန်အတွက် အတိတ်ဖြစ်ရပ်များပေါ်တွင် အခြေခံသည့် အမုန်းတရားဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း။

ဒီမိုကရေစီ ဒုတိယအစိုးရအနေဖြင့် ၎င်းတို့၏ အာဏာဆက်လက်တည်တံ့စေရေး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်အောင်ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ မဲမသမာမှုများအား ဖြေရှင်းပေးရန်အတွက် တပ်မတော်မှ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ၎င်းတို့အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးမှုမရှိဘဲ ရွေးကောက်ပွဲကျင်းပ၍ နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန်ကြိုးပမ်းခဲ့ကြကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ဝင်ရောက်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ၎င်းမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်မှုကြောင့်ဖြစ်ပွားခဲ့သည့် ပြဿနာများအား နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက် မဲစာရင်းများမှန်ကန်စွာရရှိရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကိုဆောင်ရွက်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲစတင် ကျင်းပပြုလုပ်မည်ကို ယနေ့တွင်ထုတ်ပြန်ခဲ့ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အချို့ပြင်ဆင်၍ရသည်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက်ခြင်းကို တပ်မတော်အနေဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဆိုပါက တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်၏ တာဝန်မှာ နိုင်ငံတော် ကာကွယ်ရေးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးချိန်၌ အနိုင်ရရှိသည့် ပါတီမှနိုင်ငံတော်တာဝန်ကို ထမ်းဆောင်ချိန်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းပါဝင်၍ နိုင်ငံ့အရေးဆောင်ရွက်ပေးခြင်း၊ တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍ၌ ပါဝင်ဆောင်ရွက်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင်သာ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း။

တပ်မတော်သားများအားလုံးသည် ပြည်သူများကြားမှ ပေါက်ဖွားလာကြသူများဖြစ်ပြီး တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြရန်လိုကြောင်း။

ပညာတတ်လူငယ်များဖြစ်စေရေး အားပေးဆောင်ရွက်

မိမိတို့နိုင်ငံတွင် ပညာရေးအားနည်းခြင်းများကြောင့် နိုင်ငံတော်အနေဖြင့် ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရည်အားနည်းခြင်းကြောင့် လူတစ်ဦးချင်း၏ တွေးခေါ်မြော်မြင်မှုများတွင် အားနည်းမှုများရှိကြောင်း၊ နိုင်ငံအတွင်း ပညာတတ်များ ပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး တွေးခေါ်မြော်မြင်မှုမြင့်မားသည့် ပညာတတ်လူငယ်များ ပိုမိုများပြားလာပါက နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားမိသားစုဝင်များ၏ သားသမီးများသာမက တပ်မတော်သားများ၏ ပညာရည်မြင့်မားစေရေးအတွက်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိတို့၏ သားသမီးများ စဉ်းစားတွေးခေါ်တတ်သည့် ပညာတတ်လူငယ်များဖြစ်စေရေး အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

တာဝန်ထမ်းဆောင်ရာတွင် အထက်အောက်အပြန်အလှန်လေးစားမှုများဖြင့် စစ်သားကောင်းများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကျင်းပချိန်၌ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ချိန်တွင် နိုင်ငံတော်၏အကျိုးကို စေတနာထား၍ ဆောင်ရွက်နိုင်သည့် အရည်အချင်းရှိသည့် သူများဖြစ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲများအား မပျက်မကွက်ပေး၍ နိုင်ငံသားကောင်းများဖြစ်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများအနေဖြင့်လည်း မိမိတို့နိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်၌ လာရောက်လေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်တက်လာမည့်အစိုးရသည် နိုင်ငံတော်၏အကျိုးကို အမှန်တကယ်ထမ်းဆောင်နိုင်သည့် အစိုးရဖြစ်အောင် မိမိတို့အနေဖြင့် ကြိုတင်၍ ပြင်ဆင်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ချီးမြှင့်ငွေများ ပေးအပ်

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ ပြည်သူ့စစ်မှုထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

လိုအပ်သည်များ ဖြည့်ဆည်း

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အလားတူ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဇနီးသည်လည်း ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

MOI