၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ် လျာထားချက်ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး အစည်းအဝေးကျင်းပ
နေပြည်တော် ဩဂုတ် ၁၈
၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးများ၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အခွန်ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာအခွန်ဥပဒေများအရ နိုင်ငံတော်သို့ ပေးဆောင်သင့်၊ ပေးဆောင်ထိုက်သည့်အခွန်များကို ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် ပိုမိုသုံးစွဲနိုင်ရန် အခွန်ထမ်းပြည်သူများ သိရှိနားလည်သဘောပေါက်လာအောင် အခွန်ပညာပေးလုပ်ငန်းများကို အခွန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားပေးရန်လိုအပ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ငွေများလျော့နည်းလွတ်ကင်းမှုမရှိအောင် ကောက်ခံရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သို့မှသာ အခွန်ပေးဆောင်သူပြည်သူများက မိမိတို့ပေးဆောင်လိုက်သည့် အခွန်ငွေများသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အဓိကထားသုံးစွဲနေကြောင်းကို နားလည်လက်ခံလာကြမည်ဖြစ်ပြီး အခွန်ရုံးများအပေါ် ပိုမိုယုံကြည်လာကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအခွန်မှူးများအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကောက်ခံရန်လျာထားသည့် အခွန်အရပ်ရပ်လျာထားချက်များ ပြည့်မီကျော်လွန်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းကြိုးပမ်းကောက်ခံပေးကြရန် မှာကြားသည်။
ထို့နောက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အခွန်ဦးစီးဌာနမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူးများက လက်ရှိအခွန်ကောက်ခံရရှိမှုနှင့် လျာထားချက်များအတိုင်း ဆက်လက်ကောက်ခံဆောင်ရွက်သွားမည့်အခြေအနေများကို တင်ပြကြပြီး အစည်းအဝေးပထမနေ့ကို ရပ်နားလိုက်သည်။
အစည်းအဝေး ဒုတိယနေ့ကို ဩဂုတ် ၁၉ ရက်တွင် အဆိုပါရုံး၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
MOI