ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးပွဲ အဆင့်မြှင့်တင်ရန် အသင့်ရှိသည် ဟု လာဗရော့ဗ် ပြောကြား
ရုရှားသည် ယူကရိန်းနှင့် ကိုယ်စားလှယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ၏ အဆင့်ကို မြှင့်တင်ရန်အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်က ကြေညာခဲ့သည်။ အလက်စကာတွင် ပူတင်နှင့် ဒေါ်နယ်ထရမ့်တို့ လွန်ခဲ့သော သီတင်းပတ်က ပြုလုပ်ခဲ့သည့် ထိပ်သီး ဆွေးနွေးပွဲအပြီး ဩဂုတ် ၂၀ ရက်တွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ လာဗရော့ဗ်က အဆိုပါအစီအစဉ်သည် သမ္မတထရမ့်သည် ယူကရိန်း သမ္မတ ဇီလန်စကီးနှင့် ဥရောပခေါင်းဆောင်အချို့ကို အိမ်ဖြူတော်တွင် တွေ့ဆုံ ဆွေးနွေးနေစဉ် ပူတင်နှင့် ဖုန်းစကားပြောဆိုမှုအပြီး ပူတင်က ပြောကြားခဲ့သည့် အကြံပေးမှုဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
လာဗရော့ဗ်က ကိုယ်စားလှယ်အဆင့် မြှင့်တင်ရန်ရည်ညွှန်းခြင်းသည် အနာဂတ်တွင် ပူတင်နှင့် ဇီလန်စကီးတို့ ဆွေးနွေးနိုင်ခြေ ရှိ/မရှိကို ညွှန်းဆို နေခြင်း ဟုတ်/မဟုတ် မရှင်းလင်းပေ။
ဆက်လက်၍ လာဗရော့ဗ်က ကိုယ်စားလှယ်အဖွဲ့များ၏ အဆင့်သစ် သည် စစ်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး ကိစ္စရပ်များနှင့်အတူ အကျပ်အတည်းဖြေရှင်းရေး၏ နိုင်ငံရေးရှုထောင့်များကို ကိုင်တွယ် ဖြေရှင်းရန် အစုအဖွဲ့တစ်ခု၏ ပြန်လည်သုံးသပ်ခြင်းကိုလည်း ဆိုလိုသည် ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ယူကရိန်းနှင့် နောက်ဆုံးကျင်းပခဲ့သော တိုက်ရိုက်ဆွေးနွေးပွဲအတွင်းက အဆိုပါအစီအစဉ်ကို ဆွေးနွေးရန် အလုပ်အဖွဲ့သုံးဖွဲ့ဖွဲ့စည်းရန် ရုရှားက အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သော်လည်း ကိယက်ဗ်ဘက်မှ ယခုထိတိုင် အကြောင်းပြန်မထားသေးကြောင်း ထောက်ပြခဲ့သည်။
ရုရှားနှင့် ယူကရိန်းတို့သည် ယခုနှစ်အတွင်း အစ္စတန်ဘူလ်တွင် တိုက်ရိုက် ဆွေးနွေးပွဲ သုံးကြိမ်ကျင်းပခဲ့ပြီး မော်စကိုဘက်မှ သမ္မတ၏ အကြံပေး ပုဂ္ဂိုလ် မက်ဒင်စကီးက ဦးဆောင်ခဲ့သည်။ ထိုဆွေးနွေးပွဲများသည် ကျယ်ပြန့်သော ပဋိပက္ခဖြေရှင်းရေးတွင် ခရီးပေါက်ခြင်းမရှိသော်လည်း နှစ်ဖက်စလုံးမှ အကျဉ်းသားများ ဖလှယ်ရေးအတွက် ဦးတည်ခဲ့သည်။
လာဗရော့ဗ်၏ ထုတ်ဖော်ပြောကြားချက်များသည် ပူတင်-ထရမ့် အလက်စကာ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးစလုံးက ထိရောက်မှုရှိသည်ဟု ဖော်ပြခဲ့ကြသော်လည်း ယူကရိန်းအရေးနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ခုမျှ မရဘဲ ပြီးဆုံး ခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ထရမ့်နှင့် ဇီလန်စကီးနှင့် ဥရောပ ခေါင်းဆောင် များ၏ တွေ့ဆုံပွဲသည် ကိယက်ဗ်၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေးသည် မေးခွန်း ထုတ်စရာမလိုဟု အမေရိကန်သမ္မတက ပြောဆိုခြင်းနှင့် ပူတင်-ဇီလန်စကီး တိုက်ရိုက်တွေ့ဆုံရန် ပြတ်ပြတ်သားသား တောင်းဆိုခြင်းတို့ဖြင့် အဆုံး သတ်ခဲ့သည်။
ပူတင်သည် ဇီလန်စကီးနှင့် တွေ့ဆုံခြင်းကို နိယာမအရ ဖယ်ရှား မထား သော်လည်း ယင်းသည် ပဋိပက္ခ ညှိနှိုင်းဆွေးနွေးမှုများတွင် စနစ်တကျ တိုးတက်မှုများ ရှိထားသင့်သည်ဟု ဆိုသည်။ မော်စကိုဘက်မှ ဇီလန်စကီး ၏ သမ္မတသက်တမ်းသည် ယမန်နှစ်က ကုန်ဆုံးခဲ့ပြီဖြစ်ရာ မည်သည့် စည်းမျဉ်းစည်းကမ်းပါသော စာရွက်စာတမ်းကိုမဆို လက်မှတ်ရေးထိုး နိုင်ခွင့် အာဏာအပေါ် စိုးရိမ်ပူပန်မှုကိုလည်း ထုတ်ဖော် ပြောကြား ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂