ဖိလစ်ပိုင်က ခရီးသွားလာရေးလုပ်ငန်းများမှ အခွန်ဘဏ္ဍာအဖြစ် ဒေါ်လာ ၁၃ ဒသမ ၁ ဘီလီယံရရှိ
ဖိလစ်ပိုင်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်အတွင်း ခရီးသွားလာရေးလုပ်ငန်းများမှ အခွန်ဘဏ္ဍာအဖြစ် ပီဆို ၇၆၀ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁ ဘီလီယံ) ရရှိခဲ့ကြောင်း ခရီးသွားလာရေးဌာနက ထုတ်ပြန်သည်။
နိုင်ငံအတွင်းသို့ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာမှ ခရီးသွား ၆ သန်းနီးပါးဝင်ရောက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်က ဝင်ရောက်ခဲ့သည့် ခရီးသွားဦးရေထက် ၉ ဒသမ ၁၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ခရီးသွားလာရေးဌာနက ဇန်နဝါရီလ ၆ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြသည်။
နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည့် ခရီးသွားများအနက် ၉၁ ဒသမ ၄၂ ရာခိုင်နှုန်း သို့မဟုတ် လူ ၅ ဒသမ ၄ သန်းကျော်မှာ နိုင်ငံခြားသားများဖြစ်ပြီး ၈ ဒသမ ၅၈ ရာခိုင်နှုန်း သို့မဟုတ် လူ ၅၁၀,၃၈၃ ဦးမှာ ပြည်ပရောက် ဖိလစ်ပိုင်နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
ခရီးသွားလုပ်ငန်းမှရရှိသည့် အခွန်ဘဏ္ဍာပမာဏသည် နိုင်ငံအတွင်း ကိုဗစ်၁၉ ရောဂါကူးစက်မှု မဖြစ်ပွားမီကာလက ရရှိသည့်ပမာဏထက် ပိုမိုမြင့်တက်လာကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ခရီးသွားလုပ်ငန်းသည် ပြန်လည်ကောင်းမွန်လာခဲ့သည့်အပြင် နိုင်ငံ၏ စီးပွားရေး တည်ငြိမ်စေရန်အတွက်လည်း အထောက်အကူပြုနိုင်ခဲ့ကြောင်း ခရီးသွားလာရေးဝန်ကြီး ခရစ်စတီးနား ဂါးစီးယားဖရာဆိုက ပြောကြားခဲ့ကြောင်း သိရသည်။
Ref: Xinhua
Source: Myawady Web Portal