အမျိုးသားအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံ ပင်မဖွဲ့စည်းပုံကို ၂၀၂၉ ခုနှစ်မတိုင်မီ အပြီးသတ် တည်ဆောက်မည်ဟု တရုတ်ကြေညာ

News Image

  • အမျိုးသားအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံ ပင်မဖွဲ့စည်းပုံကို ၂၀၂၉ ခုနှစ်မတိုင်မီ အပြီးသတ် တည်ဆောက်မည်ဟု တရုတ်ကြေညာ

တရုတ်နိုင်ငံအနေဖြင့် စီးပွားရေး ဘုံဈေးကွက် ချိတ်ဆက်မှုစနစ်ကို အကောင်အထည်ဖော် လုပ်ဆောင် နိုင်ရန် ကြေညာထားပြီးဖြစ်သည်။ ထိုအစီအစဉ်၏ အစိတ်အပိုင်းအဖြစ် ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ခိုင်မာ အားကောင်းလာစေရန် အမျိုးသားအချက်အလက် ဆိုင်ရာ အခြေခံအဆောက်အအုံ၏ ပင်မဖွဲ့စည်းပုံကို ၂၀၂၉ ခုနှစ်မတိုင်မီ အပြီးသတ်တည်ဆောက်မည်ဟု တရုတ်အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် ထိပ်တန်းအရာရှိကြီးနှစ်ဦးက ဇန်နဝါရီ ၆ ရက်နေ့က ပြောကြားလိုက်ပါသည်။

အမျိုးသားအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံ (National Data Infrastructure) သည် သတင်းအချက်အလက်များ စုစည်းခြင်း၊ ထုတ်လွှင့်ခြင်း၊ လည်ပတ်ခြင်း၊ အသုံးပြုခြင်း၊ ဒေတာများကို လုံခြုံစေရန်သိမ်းဆည်းပေးခြင်း စသည်ဖြင့် ဘက်ပေါင်းစုံမှထောက်ပံ့ပေးနိုင်မည့် အခြေခံအဆောက်အအုံသစ် တစ်မျိုး ဖြစ်ပါသည်။ 

အမျိုးသားအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံ လမ်းညွှန်ချက်အရ တရုတ်နိုင်ငံအနေဖြင့် လက်ရှိတွင် 5 G အင်တာနက်ကွန်ယက်ကို 5 G –A အဆင့်သို့ တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိပြီး 6 G အင်တာနက်ကွန်ယက်ကိုလည်း စမ်းသပ် လုပ်ဆောင်လျက် ရှိပါသည်။

ယခုအခါ မြို့တော်ပေကျင်းနှင့် ရှန်ဟိုင်းမြို့တို့ရှိ ခရိုင် အချို့တွင် 5 G –A အင်တာနက်ကွန်ယက်ဝန်ဆောင်မှုများကို စတင်သုံးစွဲနိုင်ပြီ ဖြစ်ပါသည်။ 

ကိုးကား - ဆင်ဟွာ