သမ္မတပူတင်၏ အိန္ဒိယခရီးစဉ်အတွက် အချိန်ကာလသတ်မှတ်ခြင်းကို အိန္ဒိယနှင့်ရုရှားတို့က အပြီးသတ်လုပ်ဆောင်
အိန္ဒိယနှင့်ရုရှားနိုင်ငံတို့သည် သမ္မတဗလာဒီမာပူတင်၏ အိန္ဒိယခရီးစဉ်အတွက် အချိန်ကာလသတ်မှတ်ခြင်းကို အပြီးသတ်လုပ်ဆောင်လျက်ရှိကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ရုရှားနိုင်ငံ ကာဇန်မြို့တွင် ပြီးခဲ့သည့်နှစ်အတွင်းက ကျင်းပသည့် BRICS ထိပ်သီးဆွေးနွေးပွဲ၌ နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်ရန် သမ္မတပူတင်အား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်သို့ သမ္မတပူတင်လာရောက်မည့် ခရီးစဉ် နေ့ရက်အတိအကျ သတ်မှတ်နိုင်ရန် နှစ်နိုင်ငံစလုံးက သံတမန်နည်းလမ်းများအရ လုပ်ဆောင်လျက်ရှိသည်။ နှစ်နိုင်ငံကြား နောက်ဆုံးကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းက ရုရှားနိုင်ငံ မော်စကိုမြို့တော်၌ကျင်းပခဲ့ပြီး ယင်းနှစ် အောက်တိုဘာလတွင် ကာဇန်မြို့၌ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ ရေနံကို အဓိကဝယ်ယူတင်သွင်းနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာပင် ဒေါ်လာ ၆၅ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။ ယင်းပမာဏမှာ သာမန်ထက် ၅ ဆ ပိုမိုမြင့်တက်လာခြင်းဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၀၀ ဘီလီယံအထိ မြင့်တက်လာစေရန် သမ္မတပူတင်နှင့်ဝန်ကြီးချုပ် မိုဒီတို့က ဆုံးဖြတ်ထားကြောင်း သိရသည်။
Ref: RT
Source: Myawady Web Portal