အမေရိကန်ဒေါ်လာ ၁၄၂ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချရေး သဘောတူညီချက် အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ လက်မှတ်ရေးထိုး
ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့က အမေရိကန်ဒေါ်လာ ၁၄၂ ဘီလီယံနီးပါး တန်ဖိုးရှိသော လက်နက်ရောင်းချရေး သဘောတူညီချက်ကို မေ ၁၃ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း အမေရိကန် အိမ်ဖြူတော်က အဆိုပါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ လက်မှတ်ရေးထိုးသော အဆိုပါသဘောတူညီချက်မှာ “သမိုင်းတစ်လျှောက် အကြီးမားဆုံးလက်နက်ရောင်းချမှု သဘောတူညီချက်” ဖြစ်ပြီး ဤသဘောတူညီချက်မှာ ဆော်ဒီအာရေဗျက အမေရိကန်တွင် ရင်နှီးမြှုပ်နှံရန် သဘောတူထားသော ဒေါ်လာ ၆၀၀ ဘီလီယံ သဘောတူညီချက်များစွာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သဘောတူညီချက်အရ အမေရိကန်၏ ကာကွယ်ရေးဆိုင်ရာ ကုမ္ပဏီလုပ်ငန်း ၁၀ ခုကျော်က ဆော်ဒီအာရေဗျထံ အဆင့်မြင့်လက်နက်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်ပြီး လေတပ်အဆင့်မြှင့်တင်ရေးနှင့် အာကာသစွမ်းရည်တည်ဆောက်ရေး၊ လေကြောင်းကာကွယ်ရေးနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်၊ ပင်လယ် ရေကြောင်းနှင့် ကမ်းရိုးတန်း လုံခြုံရေးစနစ်၊ နယ်စပ်လုံခြုံရေးနှင့် ကြည်းတပ် ခေတ်မီအသွင်ပြောင်းရေးနှင့် ပြုပြင် မွမ်းမံရေး၊ အချက်အလက်နှင့် ဆက်သွယ်ရေးစနစ် အဆင့်မြှင့်တင်ရေး စသည့် ကဏ္ဍ ၅ ခု ပါဝင်ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ဘက်က ဆော်ဒီအာရေဗျလက်နက်ကိုင်တပ်ဖွဲ့အတွက် သင်တန်းနှင့် ထောက်ပံ့မှုများကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဆော်ဒီအာရေဗျ စစ်တက္ကသိုလ်ပညာရေးနှင့် စစ်ဘက်ဆိုင်ရာ ဆေးကုသရေးဝန်ဆောင်မှု စသည်တို့ကို အားဖြည့်ဆောင်ရွက်မှုတို့ပါဝင်ကြောင်း သိရသည်။
ဆော်ဒီအာရေဗျသည် အမေရိကန်လက်နက်ဝယ်ယူမှု အများဆုံးနိုင်ငံဖြစ်သည်။ အမေရိကန်နှင့် ဆော်ဒီအာရေဗျ တို့သည် ဆော်ဒီအာရေဗျက F-35 တိုက်လေယာဉ်များ ဝယ်ယူခွင့်ပြု/မပြုကို ဆွေးနွေးခဲ့ကြသော်လည်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဤကိစ္စအား ဖော်ပြထားခြင်းမရှိကြောင်း မီဒီယာတစ်ခုက သတင်းဖော်ပြ ခဲ့သည်။
ကိုးကား- Xinhua