ရုရှားကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့အား ၂၀၂၅ ခုနှစ်အတွင်း မက္ကဆီကိုသို့ စေလွှတ်မည်
ရုရှားနိုင်ငံမှ ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့နှစ်ဖွဲ့အား ယခုနှစ်အတွင်း မက္ကဆီကိုနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံရှိ မက္ကဆီကိုသံရုံးက ထုတ်ပြန်သည်။
ရုရှားနှင့် မက္ကဆီကို နှစ်နိုင်ငံစလုံးရှိ ကုန်သည်ကြီးများ အသင်းများသည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိပြီး ရုရှားကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကြီး နှစ်ဖွဲ့အား ၂၀၂၅ခုနှစ်အတွင်း မက္ကဆီကိုနိုင်ငံသို့ စေလွှတ်ရန်စီစဉ်ထားကြောင်းသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရုရှားနှင့် မက္ကဆီကို နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ၁၁ လအတွင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရှိခဲ့သော်လည်း ယင်းပမာဏသည် ၂၀၂၃ခုနှစ်က ကုန်သွယ်မှုပမာဏနှင့် နှိုင်းယှဉ်ပါက ၂၆ ဒသမ ၃၅ ရာခိုင်နှုန်း လျော့ကျလျက်ရှိကြောင်း မက္ကဆီကိုသံရုံးကပြောသည်။
ရုရှားနိုင်ငံသည် မက္ကဆီကိုနိုင်ငံသို့ ဓာတ်မြေဩဇာ၊ သံရိုင်း၊ သံမဏိ၊ အလူမီနီယံထုတ်ကုန်များ၊ ဂျုံ နှင့် ရော်ဘာတို့ကို တင်ပို့လျက်ရှိပြီး အပြန်အလှန်အားဖြင့် မက္ကဆီကိုနိုင်ငံက ရုရုားနိုင်ငံသို့ ငရုတ်ကောင်း၊ သစ်သီးခြောက်များ၊ ဆေးဝါးသုံးပစ္စည်းများ၊ အီသိုင်းအယ်လ်ကိုဟောနှင့် ကော်ဖီတို့ကို တင်ပို့လျက်ရှိသည်။
လက်ရှိတွင် မက္ကဆီကိုနိုင်ငံသည် လက်တင်အမေရိကဒေသတွင် ရုရှားနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဘရာဇီးနိုင်ငံက ရုရှား၏အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
Source: Myawady Web Portal