တရုတ်နှင့်အမေရိကန်တို့ ပို့ကုန်ထိန်းချုပ်မှုဖြေလျှော့ရေးသဘောတူ
တရုတ်နှင့်အမေရိကန်အစိုးရတို့အနေဖြင့် နှစ်နိုင်ငံကြား ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာသဘောတူညီချက် ရရှိပြီဖြစ်ကြောင်းသိရသည်။ အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံက သတ်မှတ်ထားသော ထိန်းချုပ်ပို့ကုန်များအတွက် ပို့ကုန်လျှောက်လွှာများကို စစ်ဆေးခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဇွန်လ ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။
အလားတူ အမေရိကန်နိုင်ငံကလည်း အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များအနက် အချို့ကိုရုပ်သိမ်းပေးမည် ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ၎င်းသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးပေးလိုက်ပြီဖြစ်ကြောင်း ဇွန်လ ၂၆ ရက်တွင်ပြောသည်။ သို့သော် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောထားခြင်းမရှိပေ။
တရုတ်နိုင်ငံမှ ဒုတိယဝန်ကြီးချုပ် ဟီလိုင်ဖန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်နိုင်ငံမှ ဘဏ္ဍာရေး ဝန်ကြီး စကော့ဘတ်ဆန့်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က ဇွန်လ ၉ ရက် တွင် လန်ဒန်မြို့၌တွေ့ဆုံကာ နှစ်ရက်ကြာ ဆွေးနွေးမှုများလုပ်ဆောင်ပြီးနောက် ယခုကဲ့သို့ကုန်သွယ်ရေး သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။
Ref: SCMP
MWD Web Portal