အမြတ်ငွေ ကျဆင်းလာခြင်းကြောင့် ကုမ္ပဏီအုပ်စု ဖွဲ့စည်းပုံအား Panasonic ပြုပြင်မည်
ဂျပန်အီလက်ထရောနစ်ကုမ္ပဏီကြီး Panasonic Holdings သည် အကျိုးအမြတ်နည်းလာသည့် TV ထုတ်လုပ်မှုအား ရောင်းချနိုင်ခြေရှိခြင်းအပါအဝင် ကုမ္ပဏီ အုပ်စုတစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းမည့် အစီအစဉ်များကို ကြေညာခဲ့ပါသည်။
Panasonic သည် ၂၀၂၉ ခုနှစ် မတ်လမတိုင်မီ အနည်းဆုံး ယန်း ဘီလီယံ ၃၀၀ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံ) ခန့်အထိ အမြတ်အစွန်းရရှိရန် ရည်မှန်းထားကြောင်း ဆိုပါသည်။
အလုပ်သမားအရေအတွက် လျှော့ချပြီး TV နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းလုပ်ငန်းများကဲ့သို့ ငွေကြေးဆုံးရှုံးနေသည့်လုပ်ငန်းများကို ပြန်လည်သုံးသပ်မည်ဖြစ်သည်ဟု Panasonic က ဆိုပါသည်။
ဆောင်ရွက်နိုင်ခြေရှိသော အစီအစဉ်များ၌ TV ထုတ်လုပ်ရေးလုပ်ငန်းအားရောင်းချခြင်း သို့မဟုတ် ၎င်းလုပ်ငန်းအားရပ်တန့်ခြင်းများပါဝင်ပြီး အိမ်သုံး လျှပ်စစ်ပစ္စည်း၊ လေပူလေအေးပေးစက်နှင့် လျှပ်စစ်မီးကိရိယာများ ရောင်းချသည့် Panasonic လက်လီလုပ်ငန်းကို ဖျက်သိမ်းခြင်းလည်း ပါဝင်ပါသည်။
တီထွင်မှု၊ ထုတ်လုပ်မှုနှင့် အရောင်းလုပ်ငန်းများကို ခိုင်မာစေရန်အတွက် အိမ်သုံးအီလက်ထရောနစ် ပစ္စည်းလုပ်ငန်းများကို ပေါင်းစည်းမည်ဟု သိရှိရပါသည်။
Panasonic Holdings သည် ၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမကိုးလအတွင်း ၀င်ငွေများကို ထုတ်ပြန်ခဲ့ပြီး ကုမ္ပဏီအုပ်စုတစ်ခုလုံး၏ရောင်းအားသည် ယန်း ၆.၄ ထရီလီယံ (ဒေါ်လာ ၄၁ ဘီလီယံ) ခန့် ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၁.၆ % ပိုများခဲ့ပါသည်။ သို့သော် အသားတင်အမြတ်ငွေသည် ၂၈ % ကျဆင်းခဲ့ပြီး ယန်း ၂၈၈.၄ ဘီလီယံ (ဒေါ်လာ ၁.၈ ဘီလီယံ)ခန့် ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား-NHK World