နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအကူအညီများဖြင့် ပြင်သစ်တွင် AI ဒေတာ စင်တာကြီးတစ်ခု တည်ဆောက်သွားမည်ဟု Macron ပြောကြား
နိုင်ငံခြားကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် ပြင်သစ်တွင် ကြီးမားသော ဉာဏ်ရည်တုဒေတာစင်တာကြီးတစ်ခုကို တည်ဆောက်မည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ Macron က ပြောကြားခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပါရီ၌ ကျင်းပသည့် AI Action Summit တွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါထိပ်သီးအစည်းအဝေးတွင် အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi၊ အမေရိကန် ဒုတိယသမ္မတ JD Vance နှင့် တရုတ် ဒုဝန်ကြီးချုပ် Zhang Guoqing တို့အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ဝန်ထမ်း ၁,၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
လာမည့်နှစ်များအတွင်း အဆိုပါဒေတာစင်တာပရောဂျက်အတွက် ယူရို ၁၀၉ ဘီလီယံ သို့မဟုတ် ဒေါ်လာ ၁၁၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း Macron က ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်၏ ဧရာမ နည်းပညာကုမ္ပဏီကြီး Amazon နှင့် ကနေဒါ၊ ဗြိတိန်နှင့် ဂျပန်နိုင်ငံတို့မှ ကုမ္ပဏီများက အဆိုပါပရောဂျက်တွင် ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးက ပြောကြားခဲ့သည်။
ပြင်သစ်တွင် AI ဒေတာစင်တာတစ်ခုလည်ပတ်ရန် လိုအပ်သော လျှပ်စစ်ဓာတ်အားပမာဏ အမြောက်အမြားဖြန့်ဖြူးပေးနိုင်သည့် နျူကလီးယား ဓာတ်အားပေးစက်ရုံများရှိကြောင်း Macron က ပြောကြားခဲ့သည်။
ရုပ်ကြွင်းလောင်စာတူးဖော်ထုတ်လုပ်မှုအား တိုးမြှင့်လုပ်ကိုင်သွားမည့် အစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မကြာခဏ ပြောလေ့ရှိသည့် “drill, baby, drill” ဆောင်ပုဒ်ကို ရည်ညွှန်း၍ Macron က ပြင်သစ်တွင် ရုပ်ကြွင်းလောင်စာတူးဖော်ရန် မလိုအပ်ကြောင်း ပြောကြား ခဲ့သည်။
လက်ရှိ အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ဦးဆောင်နေသည့် AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြင်သစ်သမ္မတသည် လက်ရှိအနေအထားကို ပြောင်းလဲရန် အဆိုပါ AI ဒေတာစင်တာအား တည်ဆောက်လိုပုံရသည်။
ကိုးကား-NHK News
Photo- France 24